အခန်း ၁၅
Vol. 2 Ch. 15
Ch-15
“မင်းကသာ သေးတဲ့ကောင်”
သူသည် ပုံမှန်ရှိတတ်သောမြင့်မြတ်သည့်အရှိန်အဝါများ လုံးဝပျောက်ကွယ်သွားခဲ့ပြီး သွေးကြောများထောင်ထကာ နီရဲနေသောမျက်လုံးများဖြင့် အရူးတစ်ယောက်လို စိုက်ကြည့်နေတော့သည်။
သူက ရှဲ့လီကို လက်သီးဖြင့်ထိုးချလိုက်သော်လည်း ရှဲ့လီက ချက်ချင်းပင် နေရာ၌ဆောင့်ကြောင့်ထိုင်ချကာ သူမသားရေဖိနပ်ကို စတင်သုတ်သင်နေလိုက်၏။
“အိုကွယ် ဒီဖိနပ်ပေါ်က ဆီကွက်တွေက ဘယ်လိုလုပ်ရောက်လာတာလဲ၊ ဖိနပ်အသစ်စက်စက်လေးကို”
*ဘုန်း*
လူအုပ်ကြီး၏မျက်မှောက်တွင်ပင် ဖေ့ရှူချန်၏ပြင်းထန်သောလက်သီးချက်ကြောင့် ရှဲ့စီလင်းမှာလွင့်ထွက်သွားတော့သည်။
သူမ တကယ်ကို လွင့်ထွက်သွားခြင်းဖြစ်၏။
ရှဲ့စီလင်းမှာ မူလကတည်းကပိန်ပါးသူဖြစ်ပြီး နေ့စဉ်ရက်ဆက် မိမိကိုယ်ကို ဓားဖြင့်ထိုးကာ သွေးထုတ်နေခဲ့သဖြင့် ခွန်အားဟူ၍ တစ်စက်မျှမကျန်တော့ချေ။
သူမ လွင့်ထွက်သွားချိန်တွင် စက္ကူရုပ်လေးတစ်ရုပ်အလား ပေါ့ပါးနေလေသည်။ သူမသည် နှစ်မီတာခန့်အထိ လွင့်စင်သွားပြီး နောက်ဆုံးတွင် ဝက်သနီနှပ်ပန်းကန်ပေါ်သို့ တင်ပါးဖြင့် ဘိုင်းခနဲကျသွားတော့သည်။
လူတိုင်း ကြက်သေသေသွားကြ၏။ ဇာတ်လမ်းကို အာရုံစိုက်နေချိန်တွင် ထမင်းချိုင့်များထဲသို့ အစားအသောက်များကို အငမ်းမရထည့်နေကြသော ဖျာခင်းသူများပင်လျှင် သူတို့လုပ်ရပ်များကို ရပ်တန့်လိုက်ကြသည်။
လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေပြီ။
နောက်တစ်စက္ကန့်တွင် လူများ၏ တိုးတိုးတိတ်တိတ် စကားပြောသံများ ထွက်ပေါ်လာသည်။
“ဘုရားရေ၊ မင်္ဂလာဆောင်မှာ သတို့သားက သတို့သမီးကို သေအောင်ရိုက်တာ ငါပထမဆုံးအကြိမ်မြင်ဖူးတာပဲ”
“အောက်ပိုင်းသေးတဲ့ ယောက်ျားတွေက ဒေါသပိုကြီးတတ်တယ်လို့ နင်ထင်လား”
“ငါကတော့ ဖေ့ရှူချန်က အစွန်းရောက်တဲ့သိမ်ငယ်စိတ်ကြောင့် ရူးသွပ်နေတဲ့ ဖောက်ပြန်သူတစ်ယောက်လို့ ထင်တယ်”
“အိုး ဒါက အရမ်းဆိုးရွားတာပဲ၊ ဒီလူက တကယ်ကို သေးတဲ့အရာလေးတစ်ခုနဲ့ ကြောက်စရာကောင်းတဲ့ဒေါသကို ပိုင်ဆိုင်ထားတာပဲ”
ဖေ့ကျန်းမင်နှင့် ချီယွဲ့ဟွာတို့အပြင်မှ ဝင်လာခါစရှိသေးရာ ထိုမြင်ကွင်းကြောင့် ချက်ချင်းပင်အံ့အားသင့်မှင်တက်သွားကြသည်။
‘ဘာတွေဖြစ်သွားတာလဲ’
သူတို့ စီစဉ်စရာရှိသည်များကို လုပ်ဆောင်ရန် ခဏလေးသာ အပြင်ထွက်သွားခဲ့ခြင်းဖြစ်၏။
ဖေ့ရှူချန်က ပြဿနာရှာမိပြီဆိုတာကို သိလိုက်သဖြင့် လိပ်တစ်ကောင်လို သေဟန်ဆောင်ကာ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေတော့သည်။
“အား”
ရေနွေးအိုးဆူသကဲ့သို့အသံကြီးက လူအုပ်ကြားမှ ထွက်ပေါ်လာပြီး ဝူဖုန်းရောင်က ရှဲ့စီလင်းကို ကြည့်ရှုရန်ပြေးထွက်လာသည်။
“စီလင်း စီလင်း အမေဒီမှာရှိတယ်”
ပါးစပ်နှင့် မျက်လုံးများရွဲ့စောင်းကာ သတိလစ်နေသော ရှဲ့စီလင်းကိုမြင်သောအခါ ဝူဖုန်းရောင်မှာ မေ့လဲလုမတတ်ဖြစ်သွားရ၏။
ရှဲ့ချင်စုန်လည်း ရှေ့သို့တိုးလာပြီး ရှဲ့စီလင်းကို ပွေ့ချီကာ အပြင်သို့ထွက်သွားလေသည်။ သွားရင်းနှင့်ပင် ခြိမ်းခြောက်စကားများ အော်ဟစ်ရန်မမေ့ခဲ့ချေ။
“ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စအတွက် မင်းတို့မိသားစုနဲ့ ငါမပြီးသေးဘူး အား ဟိုး ဟိုး ဟိုး”
ကြမ်းပြင်ပေါ်တွင် တစ်စုံတစ်ယောက်မှ ဟင်းရည်များ ဖိတ်စင်ထားခဲ့သောကြောင့် ရှဲ့ချင်စုန်မှာ အလောတကြီးဖြစ်နေသဖြင့် ချော်လဲသွားပြီး လက်လွတ်သွားရ၏။
ရှဲ့စီလင်းမှာ လွင့်ထွက်သွားပြီး တံခါးပေါက်နားရှိ အမှိုက်ပုံးထဲသို့ တည့်တည့်မတ်မတ် စိုက်ဝင်သွားတော့သည်။
လှံတံတစ်ချောင်းအလားပင်။
ဤသို့သော ရုတ်ရုတ်သဲသဲအခြေအနေများကြောင့် ဖေ့မိသားစုနှင့် ရှဲ့မိသားစုတို့မင်္ဂလာပွဲမှာ ရှန်ဟိုင်းမြို့၏အကြီးမားဆုံးသော ဟာသကြီးတစ်ခုဖြစ်လာခဲ့တော့သည်။
လူများက ဖေ့ရှူချန်သည် အမြစ်သေးသော ဖောက်ပြန်သူတစ်ဦးဖြစ်ပြီး၊ ရှဲ့စီလင်းမှာ မယားငယ်လေးတစ်ဦးဖြစ်ကာ၊ ရှဲ့လီမှာမူ ကြင်နာတတ်သော်လည်း ကံဆိုးသူလေးတစ်ဦးအဖြစ် ကောက်ချက်ချလိုက်ကြသည်။ သို့သော် ၎င်းမှာကံဆိုးမသွားဘဲ အဆိုးထဲမှ အကောင်းဖြစ်သွားခြင်းပင်။
ဖေ့ရှူချန်ကဲ့သို့သော ဖောက်ပြန်သူတစ်ဦးကို စွန့်လွှတ်လိုက်ရခြင်းက ကံကောင်းမှုတစ်ခုပင်ဖြစ်သည်။ လူကောင်းများ ကောင်းကျိုးခံစားရသည်ဟုဆိုကြသည့်အတိုင်း လူများက ရှဲ့လီအတွက် ဝမ်းသာပေးနေကြသည်။
ရှဲ့စီလင်းမှာ ဖေ့ရှူချန်၏လက်သီးချက်ကြောင့် ဆေးရုံသို့ရောက်သွားခဲ့ရ၏။ ပြင်းထန်သော သွေးအားနည်းရောဂါနှင့် ရင်ဘတ်ပေါ်ရှိ အနာပိုးဝင်ခြင်းတို့ ပေါင်းစပ်ကာ သူမကိုသေလုနီးပါးဖြစ်စေခဲ့သည်။ ရှဲ့မိသားစုနှင့် ဖေ့မိသားစုတို့အဆင်မပြေဖြစ်သွားကြပြီး အဆက်အသွယ် လုံးဝဖြတ်တောက်လိုက်ကြ၏။
ရှဲ့စီလင်း ဆေးရုံတွင်သတိလစ်နေစဉ် ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့က သမီးဖြစ်သူအတွက် နှလုံးသားကွဲကြေရပါသည်ဟု ဟန်ဆောင်နေကြသော်လည်း ကျောက်စိမ်းလက်ကောက်အတွက်သွေးရရန် ရှဲ့စီလင်းကို နေ့စဉ်ရက်ဆက် ဓားဖြင့်ထိုးဖို့ရာကိုတော့ လုံးဝမမေ့လျော့ခဲ့ကြချေ။
သူတို့၏လောဘစိတ်နှင့် ရည်မှန်းချက်များက သမီးအပေါ်ထားသော မေတ္တာထက်ပင် ကြီးမားနေလေသည်။ ဤကာလအတွင်း ရှဲ့လီမှာလည်း အလွန်အလုပ်များနေခဲ့သည်။ သူမအနာဂတ်ခင်ပွန်းလောင်းနှင့် စာအပြန်အလှန်ပေးပို့ရန် အလုပ်များနေခြင်းပင်။
အဘိုးရှဲ့က ရှဲ့လီ၏အိမ်ထောင်စုစာရင်းနှင့် ဓာတ်ပုံကို ထိုနေရာသို့ပို့ပေးခဲ့ပြီး သူတို့က လက်ထပ်ခွင့်အစီရင်ခံစာတင်ရန် စီစဉ်ထားခဲ့ကြသည်။
လျောင်းနင်ပြည်နယ် စစ်ဒေသမှပေးပို့လာသော လက်ထပ်ခွင့်တောင်းခံလွှာ အစီရင်ခံစာကို ရှဲ့လီလက်ခံရရှိခဲ့သည်။
လျှောက်ထားမှု အတည်ပြုချက်ရရှိပြီဖြစ်ရာ ရှဲ့လီအနေဖြင့် ထိုနေရာသို့သွားကာ သူနှင့်လက်ထပ်စာချုပ် ချုပ်ဆိုရန်သာ လိုအပ်တော့၏။
လက်ထပ်ခွင့်အစီရင်ခံစာကို ကိုင်ဆောင်ထားရင်း ရှဲ့လီ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူမ၏ထွက်ပေါက်ကို ရှာတွေ့သွားခဲ့ပြီဖြစ်သည်။
ထိုနိုင်ငံရေးလှုပ်ရှားမှုကြီး စတင်ပြီးမကြာမီတွင် သူမသည် လူတိုင်းအားကျရသော သူဌေးသမီးလေးဘဝမှ လူတိုင်းပြောဆိုရန်ကြောက်ရွံ့ကြသော အရင်းရှင်၏သမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
အရင်းရှင်လမ်းစဉ်လိုက်သူ၊ အနံ့ဆိုးထွက်နေသော အောက်ခြေလူတန်းစား၊ အနံ့ဆိုးထွက်နေသော သေးအိုး
ထိုအချိန်ရောက်လျှင် လူတိုင်းက သင့်ကို ဝေဖန်ရှုတ်ချနိုင်ကြသည်။
ကဲ့ရဲ့ကြိမ်းမောင်းနိုင်ကြသည်။
သူတို့ကဲ့သို့သော အရင်းရှင်ကြီးများမှာ ပို၍ပင် ဒုက္ခရောက်ရမည်ဖြစ်၏။ သူတို့၏ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရမည်ဖြစ်ပြီး ပြည်သူလူထု၏ရှုတ်ချမှုများအတွက် ပစ်မှတ်များနှင့် စံပြများဖြစ်လာကြပေလိမ့်မည်။
အကာအကွယ်မရှိပါက တော်လှန်ရေးကော်မတီက သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားမည်ဖြစ်ပြီး အလုပ်ကြမ်းစခန်းများသို့ပို့ဆောင်ကာ ပြင်းထန်သောအလုပ်ကြမ်းများကို လုပ်ခိုင်းပေလိမ့်မည်။
ရှုတ်ချခံရခြင်း၊ လမ်းများပေါ်တွင် လှည့်လည်ပြသခံရခြင်း၊ ဆိုင်းဘုတ်များကို အတင်းအကြပ် ဆွဲချိတ်ခံရခြင်း၊ ခေါင်းတုံးတုံးခံရခြင်း...
အချို့သော အဆက်အသွယ်ရှိသူများကမူ ဟောင်ကောင်သို့ကြိုတင်ထွက်ပြေးနိုင်ကြသော်လည်း ဤဘဝတွင်ပြန်လာရန် ခက်ခဲသွားပေလိမ့်မည်။
သူမကဲ့သို့ အဆက်အသွယ်မရှိသူတစ်ယောက်အတွက် ကြီးမားလှသော ဥစ္စာဓနများမှာ ထိုအချိန်ရောက်လျှင် ပြင်ပဝန်ထုပ်ဝန်ပိုးတစ်ခုမျှသာဖြစ်လာမည်ဖြစ်ပြီး သူမကို ပြန်လည်ချိန်ရွယ်ထားသော ဓားတစ်လက်ပင် ဖြစ်လာပေလိမ့်မည်။
ပိုင်ဆိုင်မှု ပိုများလေလေ၊ ပြစ်တင်ရှုတ်ချမှု ပိုမိုပြင်းထန်လေလေဖြစ်ပြီး အမှားပိုကြီးလေလေပင်ဖြစ်သည်။
သူမကဲ့သို့ အရင်းရှင်မိသားစုကြီးမှ သခင်မလေးတစ်ဦးအတွက် အလုပ်ကြမ်းစခန်းများတွင် အလုပ်လုပ်ရင်း သေဆုံးသွားသူများ အများအပြားရှိသည်။ အဘိုးရှဲ့က သူမအတွက် စီစဉ်ပေးခဲ့သော ဤမင်္ဂလာပွဲမှာ ရှင်းလင်းဖယ်ရှားမှုမှ လွတ်မြောက်ရန် အချိန်ကိုက်ပင်ဖြစ်၏။
တစ်ဖက်လူမှာ စစ်သားတစ်ဦးဖြစ်ပြီး စစ်သည်ဇနီးဟူသော ဂုဏ်ပုဒ်မှာ အလွန်စွမ်းအားကြီးမားလှသော အကာအကွယ်ထီးတစ်လက်ဖြစ်လေသည်။
သူမတွင် ယခုရွေးချယ်စရာမရှိတော့ချေ။ ဤလှုပ်ရှားမှုအတွင်း မည်မျှပင် ပိုင်ဆိုင်မှုများရှိစေကာမူ ကောင်းမွန်သောဂုဏ်ပုဒ်တစ်ခုလောက် တန်ဖိုးမရှိပေ။
လက်ထပ်ခွင့်အစီရင်ခံစာအပြင် စာအိတ်ထဲတွင် စစ်ဒေသ၏အသေးစိတ်လိပ်စာ၊ သူ့တပ်ဖွဲ့နံပါတ်နှင့် သူ့အမည်ပါဝင်သော စာတစ်စောင်လည်း ပါရှိသည်။
ရှန်ဟွိုင်နျန်
သူမအနာဂတ်ခင်ပွန်းအမည်ကို ရှဲ့လီ သိရှိသွားလေပြီ။ အမည်နှင့် လိပ်စာအောက်တွင် စာတစ်ကြောင်းရေးသားထားသည်။
“မင်း အဆင်သင့်ဖြစ်တဲ့အခါ ကိုယ် မင်းကိုလာခေါ်မယ်”
ထိုအမျိုးသား၏လက်ရေးမှာ သေသပ်လှပနေပြီး စနစ်တကျ ဖွဲ့စည်းထားကာ စာလုံးအကွေ့အကောက်များတွင် လျှို့ဝှက်သော ထက်ရှမှုများနှင့် ပြတ်သားသော အလှည့်အပြောင်းများ ပါဝင်နေသည်။ စာလုံးတစ်လုံးစီတိုင်းမှာ ဓားအိမ်မှဆွဲထုတ်ထားသော ဓားတစ်လက်အလားပင်။
တည်ငြိမ်သော်လည်း ထက်ရှနေသည်။
ရှဲ့လီ ခေတ္တမျှ စဉ်းစားလိုက်ပြီး စာတစ်ကြောင်း ပြန်စာရေးလိုက်သည်။
“အိမ်မှာ အခုလောလောဆယ် ခွဲခွာလို့မရတဲ့ကိစ္စတွေ ရှိနေတယ်၊ ရှင် လာစရာမလိုပါဘူး၊ ကျွန်မဘာသာ လာခဲ့ပါ့မယ်၊ တစ်လအတွင်း ရောက်လောက်မယ်”
ပေးထားသော လိပ်စာသို့ သူမ၏ပြန်စာကို ပို့လိုက်သည်။ သူမ ဤနေရာတွင် ပြီးပြတ်အောင်လုပ်ရမည့်ကိစ္စများ ရှိနေသေး၏။ စာပို့ပြီး မကြာမီမှာပင် ထောက်ခံစာတစ်စောင်နှင့် ဆယ်ယွမ်တန် ငွေစက္ကူအထပ်လိုက်ပါဝင်သော နောက်ထပ်ပြန်စာတစ်စောင်ကို သူမ လက်ခံရရှိခဲ့သည်။
ရထားလက်မှတ်ဝယ်ရန်အတွက် ရှန်ဟွိုင်နျန်က ဤအရာများကို ပေးပို့လိုက်ခြင်းဖြစ်ကြောင်း ရှဲ့လီ ကောင်းစွာနားလည်သည်။
ဤခေတ်ကာလတွင် ခရီးဝေးသွားရန် သို့မဟုတ် လက်မှတ်ဝယ်ရန် ထောက်ခံစာ လိုအပ်၏။
ထိုသို့မဟုတ်ပါက ငွေရှိရုံဖြင့် မလုံလောက်ပေ။ ရပ်ကွက်ကာကွယ်ရေးအဖွဲ့၏ဖမ်းဆီးခံရပါက ဝေဖန်ရှုတ်ချခံရပြီး အိမ်သို့ပြန်ပို့ခံရမည်ဖြစ်သည်။
၎င်းကို လေလွင့်နေထိုင်သူများ၏ အပြုအမူအဖြစ် သတ်မှတ်ထားသည်။
ဤအမျိုးသားအပေါ် ရှဲ့လီ၏ပထမဆုံးအမြင်မှာ သူသည် ရက်ရောပြီး စဉ်းစားဆင်ခြင်ဉာဏ်ရှိကာ တိကျပြတ်သားသူဖြစ်ကြောင်း သုံးသပ်မိသည်။
ထောက်ခံစာနှင့် ငွေကြေးအပြင် နံပါတ်စဉ်တစ်ခုနှင့်အတူ ရှန်ဟွိုင်နျန်ထံမှ ပြန်စာတစ်စောင်လည်း ပါဝင်သေး၏။
“အရေးပေါ်ကိစ္စရှိရင် ကိုယ့်ကိုရှာဖို့ ဒီနံပါတ်ကို ဖုန်းဆက်လိုက်ပါ”
ရှဲ့လီ စာကိုကိုင်ကာ အချိန်အတန်ကြာ စိုက်ကြည့်နေမိသည်။ သိချင်စိတ် ပြင်းပြမှုကြောင့် သူမထိုနံပါတ်ကို ဖုန်းခေါ်ဆိုလိုက်၏။
“ဟယ်လို ဒါက လျောင်းနင်ပြည်နယ် ရေတပ်ဌာနချုပ်ပါ”
ရှဲ့လီ ဖုန်းကိုကိုင်ထားရင်းပြောလိုက်သည်။
“ကျွန်မ ရှန်ဟွိုင်နျန်ကို ရှာချင်လို့ပါ”
“ဟုတ်ကဲ့ပါ အခုပဲ လွှဲပေးလိုက်ပါမယ်”
စက္ကန့်အနည်းငယ်အကြာတွင် ဖုန်းကိုင်လိုက်ပြီး ကြည်လင်ပြတ်သားကာ နားထောင်ကောင်းသော အမျိုးသားအသံတစ်သံမှာ ဖုန်းထဲမှထွက်ပေါ်လာလေသည်။
“ဟယ်လို”