အခန်း ၁၆
Vol. 2 Ch. 16
Ch-16
“ဟယ်လို၊ ကျွန်မ ရှဲ့လီပါ”
တစ်ဖက်မှ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် အလွန်တရာဝမ်းသာအားရဖြစ်နေသော အသံဖြင့် ပြောလာသည်။
“ခယ်မလေး၊ ခယ်မလေးက ကျွန်တော်တို့တပ်ရင်းမှူးကို ရှာနေတာလား”
ရှဲ့လီပါးစပ်ထောင့်များ တွန့်ကွေးသွားသည်။
‘ဘုရားရေ၊ သူက တပ်ရင်းမှူးတစ်ယောက်တဲ့လား၊ သူက အဘိုးကြီးတစ်ယောက်များ ဖြစ်နေမလား'
အဘိုးရှဲ့က သူမကို ရှန်ဟွိုင်နျန်၏အသက်အရွယ်ကို မပြောပြခဲ့ချေ။ မူလဝတ္ထုထဲတွင်လည်း ရှန်ဟွိုင်နျန်၏အမည်ကိုပင် ဖော်ပြထားခြင်းမရှိဘဲ ရှန်မိသားစုအကြောင်းကိုသာ စာတစ်ကြောင်းတည်းဖြင့် ဖြတ်သွားဖြတ်လာအဖြစ် ရေးသားထားခြင်းဖြစ်သည်။
“အိုး ခယ်မလေး၊ စိတ်မကောင်းလိုက်တာ၊ ကျွန်တော်တို့ တပ်ရင်းမှူးက တာဝန်နဲ့ အပြင်ထွက်သွားတယ်၊ မနေ့ကမှ ထွက်သွားတာဆိုတော့ ဘယ်တော့ပြန်လာမလဲ မသေချာဘူး၊ ခယ်မလေး တစ်ခုခုရှိရင် ကျွန်တော့်ကိုပြောခဲ့လို့ရတယ်နော်၊ အချိန်ကျရင် ကျွန်တော် သူ့ကို ပြန်ပြောပြပေးပါ့မယ်၊ ကျွန်တော်က တပ်ရင်းမှူးရှန်ရဲ့လူယုံပါ၊ ကျွန်တော့်ကို ရှောင်ချီလို့ပဲ ခေါ်လို့ရပါတယ်”
ဤရှောင်ချီဆိုသည့်လူမှာ နည်းနည်းစိတ်အားထက်သန်လွန်းသည်ဟု ရှဲ့လီ ခံစားလိုက်ရ၏။
‘ဘာမှမဟုတ်ပါဘူး’ ဟုပြောကာ ကျေးဇူးတင်စကားဆိုပြီး နှုတ်ဆက်၍ ဖုန်းချလိုက်၏။
ဖုန်းအခြားတစ်ဖက်တွင်မူ ရှောင်ချီက ဖုန်းကျသွားသည့်အသံကို နားထောင်ရင်း သူ့ခေါင်းကို ကုတ်နေလေသည်။
‘ဒုက္ခပါပဲ၊ ငါ ခယ်မလေးကို လန့်သွားအောင်လုပ်မိပြီထင်တယ်'
သူ့ကိုလည်း အပြစ်တင်၍မရပေ။ သူက ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲနေနိုင်မည်နည်း။ သူ့မိသားစု၏ ပျင်းစရာကောင်းသောလူပျိုကြီး တပ်ရင်းမှူးက နောက်ဆုံးတော့ ဇနီးသည်တစ်ယောက်ရသွားပြီလေ။
ဤရက်ပိုင်းများတွင် ရှဲ့လီက အခြေအနေအရပ်ရပ်ကို လျှို့ဝှက်စွာ စောင့်ကြည့်လေ့လာနေခဲ့သည်။
လှုပ်ရှားမှုအရိပ်အယောင်များ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သတင်းကြိုရထားသောသူများက သူတို့ပိုင်ဆိုင်မှုများကို စတင်လွှဲပြောင်းနေကြပြီဖြစ်၏။
အခြေအနေဆိုးရွားလာသည်နှင့်တစ်ပြိုင်နက်ထွက်ပြေးဖို့ရာ အသင့်ဖြစ်နေစေရန် သူတို့မိသားစုပိုင်ဆိုင်မှုများကို ဟောင်ကောင်သို့လွှဲပြောင်းနေကြသည်။
အထူးသဖြင့် ရှန်ဟိုင်းမြို့ ကုန်သည်ကြီးများအသင်းမှ အဖွဲ့သည် ရှင်းလင်းရေးစာရင်းတွင်ပါဝင်နေပြီဖြစ်ရာ အားလုံး အလုပ်များနေကြပြီဖြစ်သည်။
သဘာဝအားဖြင့် ဤလူများက လှုပ်ရှားမှုကို ဆက်လက်မဖွံ့ဖြိုးစေချင်ကြသော်လည်း သူတို့ကိုယ်တိုင်အတွက် နောက်ဆုံးလွတ်မြောက်ရာလမ်းတစ်ခုကို ချန်ထားခဲ့ရပေမည်။
အခြေအနေ အဆိုးရွားဆုံးသို့ရောက်ရှိသွားပါက ရှန်ဟိုင်းမြို့ရှိ အရာအားလုံးကို စွန့်ပစ်ကာ သူတို့ဇနီး၊ ကလေးများနှင့် များပြားလှသောဥစ္စာဓနများကို ယူဆောင်၍ ထွက်ပြေးကြမည်ဖြစ်သည်။
ကုန်သည်ကြီးများအသင်းရှိ အခြားမိသားစုများနှင့်နှိုင်းယှဉ်ပါက ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့က များစွာပိုမိုတည်ငြိမ်နေပုံရသည်။
သူတို့နှစ်ဦးသည် ပိုင်ဆိုင်မှုများ လွှဲပြောင်းသည့်အရိပ်အယောင်လုံးဝမပြဘဲ သူတို့၏နေ့စဉ်ဘဝကို ပုံမှန်အတိုင်းပင် ဖြတ်သန်းနေကြ၏။
လူများက မအံ့သြဘဲမနေနိုင်ကြချေ။ ရှဲ့မိသားစု၏အိမ်ထောင်ဦးစီးနှင့် သခင်မဆိုသည်နှင့်အညီ တောင်တန်းကြီးများ သူတို့ရှေ့တွင်ပြိုကျလာလျှင်ပင် တည်ငြိမ်နေနိုင်သည်လော။
ရှဲ့ချင်စုန့် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌဖြစ်လာနိုင်သည်မှာ အံ့သြစရာမရှိပေ။ ရှဲ့ချင်စုန့်တွင် ကိုယ်ပိုင်အစီအစဉ်များ ရှိပြီးဖြစ်သည်။
သူက အစိုးရအရာရှိများကို လာဘ်ထိုးကာ တိကျသောသတင်းကို ရရှိထားပြီးဖြစ်သည်။
သူ့မိသားစုမှာ ရှင်းလင်းရေးစာရင်း၏ ထိပ်ဆုံးတွင်ရှိနေပြီး မည်သို့မျှ လွတ်မြောက်နိုင်စရာ အကြောင်းမရှိချေ။
သူက လူများကိုဆက်သွယ်ကာ အချိန်မရွေးအသင့်ဖြစ်နေစေရန် သင်္ဘောတစ်စင်းကို ကြိုတင်ငှားရမ်းထားပြီးဖြစ်သည်။
ရှဲ့မိသားစုမှာ ပစ်မှတ်ကြီးမားလွန်းသည်။ အကယ်၍ ယခုပိုင်ဆိုင်မှုများကို စတင်လွှဲပြောင်းမည်ဆိုပါက တော်လှန်ရေးကော်မတီ၏ပစ်မှတ်ထားခြင်းကို ခံရနိုင်သည်။
ထိုသို့ဖြစ်လာပါက ဥစ္စာဓနများကို လွှဲပြောင်းနိုင်ရန်ဝေးစွ လူပင်လျှင် လွတ်မြောက်နိုင်မည်မဟုတ်ချေ။
သို့သော် သူ့တွင် အဘိုးရှဲ့ချန်ရစ်ခဲ့သော ကျောက်စိမ်းလက်ကောက်ရှိနေသည်။
အချိန်အနည်းငယ်ကြာလျှင် ထိုကျောက်စိမ်းလက်ကောက် အသက်ဝင်လာသည်နှင့် ရှဲ့မိသားစုပိုင်ဆိုင်သမျှ အရာအားလုံးကို ထိုအထဲတွင် သိမ်းဆည်းနိုင်မည်ဖြစ်သည်။
ထို့အပြင် အထဲတွင် တစ်သက်လုံး သုံး၍မကုန်နိုင်သော ဥစ္စာဓနများလည်း ရှိနေသေး၏။
“ချင်စုန့် ကျွန်မတို့စီလင်းကိုခေါ်ပြီး စောစောထွက်ပြေးကြရင် မကောင်းဘူးလား၊ ဘယ်လိုပဲဖြစ်ဖြစ် ကျောက်စိမ်းလက်ကောက်ထဲမှာ အများကြီးရှိနေတာပဲဆိုတော့ တခြားဟာတွေအကုန်လုံးကိုထားခဲ့လိုက်ကြရအောင်”
ဝူဖုန်းရောင် အနည်းငယ်စိုးရိမ်မကင်းဖြစ်နေသည်။ ရှဲ့ချင်စုန့်မှာ ဤရက်ပိုင်းအတွင်း လူများ၏မြှောက်ပင့်မှုများကြောင့် အနည်းငယ်မြောက်တက်နေခဲ့၏။
ရှန်ဟိုင်းမြို့ ကုန်သည်ကြီးများအသင်းတစ်ခုလုံးရှိ လူတိုင်းက သူ့ကိုလေးစားအားကျနေကြပြီး တောင်တန်းကြီးများ ပြိုကျလာလျှင်ပင် တည်ငြိမ်နေနိုင်သူဟု ချီးကျူးနေကြသည်။
သူက အဘိုးရှဲ့၏ထောက်ခံမှုဖြင့် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထိုအဘိုးကြီးများက မျက်နှာချင်းဆိုင်တွင် ဘာမှမပြောကြသော်လည်း ကွယ်ရာတွင်မူ အားလုံးက မကျေနပ်ကြချေ။
‘ဒီတစ်ခါတော့ ငါ ရှဲ့ချင်စုန့်က တကယ့်အရည်အချင်းရှိတဲ့ ယောက်ျားတစ်ယောက်ဆိုတာကို သူတို့ကိုပြသရမယ်'
ရှဲ့ချင်စုန့်မှာ ဂရုမစိုက်သေပုံဖမ်းကာ သူ့ဇနီးဖြစ်သူ၏လက်ဖမိုးကိုပုတ်ရင်း ပြောလိုက်သည်။
“ဘာကြောက်စရာရှိလို့လဲ၊ ကိုယ့်ကိုယုံပါ၊ ဒီပိုင်ဆိုင်မှုတွေက လူအများကြီး ဘဝပေါင်းများစွာသုံးရင်တောင် မကုန်နိုင်တဲ့ စည်းစိမ်တွေလေ၊ ငါတို့အကုန်ယူသွားရမယ်၊ အချိန်ကျရင် ရှဲ့လီကို ငါတို့အတွက် မီးဆွဲဖို့ထားခဲ့ကြတာပေါ့”
ဝူဖုန်းရောင် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်လေ၏။
“ရှင်သိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ရှဲ့လီက ကျွန်မတို့ရဲ့သွေးသားရင်း သမီးအရင်းပဲလေ”
သူမမျက်နှာပေါ်တွင် အပြစ်မကင်းသည့်အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။
“ဒီလိုလုပ်ရင်ရော ငါတို့မထွက်သွားခင် သူ့ကိုကြွက်သတ်ဆေးတစ်ထုပ်ကျွေးပြီး သတ်ပစ်ခဲ့ကြမယ်၊ အဲဒီလိုဆိုရင် သူလည်း ဒုက္ခခံစရာမလိုတော့ဘူး၊ ကျောက်စိမ်းလက်ကောက်ရဲ့ လျှို့ဝှက်ချက်ကိုလည်း ဖွင့်ပြောနိုင်တော့မှာ မဟုတ်ဘူး”
လင်မယားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ သဘောတူညီမှုရသွားခဲ့ချေပြီ။