← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

Ch-17

တံခါးအကွဲကြောင်းမှတစ်ဆင့် ချောင်းကြည့်နေသော ရှဲ့လီ၏လက်သီးများမှာ အရိုးဆစ်ချိုးသံများမြည်လာသည်အထိ တင်းကြပ်သွားသည်။

‘ဒီနှစ်ယောက်က လူစကားတွေပြောနေတာရောဟုတ်ရဲ့လား၊ ဒီတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတဲ့ လူယုတ်မာနှစ်ကောင် သူတို့ကငါ့အတွက် ကောင်းစေချင်လို့ပါလို့ အကြောင်းပြပြီး တကယ်တမ်းကျတော့ ကျောက်စိမ်းလက်ကောက်ရဲ့ လျှို့ဝှက်ချက်ကို ပေါက်ကြားသွားမှာကြောက်လို့ ငါ့ပါးစပ်ကို ပိတ်ချင်ရုံသက်သက်ပဲ'

အစေခံဝမ်မှာ ရေနွေးကြမ်းခွက်နှစ်ခွက်ကို ကိုင်ဆောင်ကာရောက်လာသည်။ ရှဲ့လီကပြေးသွားပြီး ဗန်းကိုလှမ်းယူလိုက်၏။

“အဒေါ်ဝမ် အဖေနဲ့အမေ့ဆီကို ကျွန်မပဲ ယူသွားပေးလိုက်ပါ့မယ်”

သူမက ဗန်းကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် တံခါးကို ခေါက်လိုက်သည်။

“အဖေ အမေ”

အခန်းထဲတွင် ချက်ချင်းတိတ်ဆိတ်သွားပြီး ထိုနှစ်ယောက်မှာ စက္ကန့်အနည်းငယ်မျှ အပြစ်မကင်းသလို ခံစားလိုက်ရသည်။

“အဖေနဲ့အမေ သမီး အဖေတို့နဲ့တိုင်ပင်စရာလေးတစ်ခုရှိလို့လာရင်းနဲ့ အဒေါ်ဝမ် ရေနွေးကြမ်းလာပို့တာနဲ့ဆုံလို့ သမီးပဲ ယူလာခဲ့လိုက်တယ်”

ရှဲ့လီ အပြုံးဖြင့်လျှောက်လာခဲ့၏။ ရှဲ့ချင်စုန့် ချောင်းတစ်ချက်ဟန့်ကာ ခေါင်းညိတ်လိုက်သည်။

“အဲဒီမှာပဲထားလိုက်ပါ ရှောင်လီ၊ အဖေနဲ့အမေက ဒီရက်ပိုင်းနည်းနည်းအလုပ်များနေတယ်၊ အရေးကြီးကိစ္စမရှိရင် အဖေတို့ကို လာမနှောင့်ယှက်ပါနဲ့”

ရှဲ့လီက လိမ္မာရေးခြားရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်ကဲ့ပါ အဖေ၊ ရေနွေးကြမ်းလေးသောက်ပါဦး”

သူမက ရေနွေးကြမ်းခွက်ကို မကာ ရှဲ့ချင်စုန့်ထံသို့ ကမ်းပေးလိုက်သည်။

ရုတ်တရက်

ပါကင်ဆန်ရောဂါသည်တစ်ဦးကဲ့သို့ ရေနွေးကြမ်းကို ကိုင်ထားသောလက်က ကြိုတင်သတိပေးမှုမရှိဘဲ စတင်တုန်ယင်လာတော့သည်။

“အိုး ဒုက္ခပါပဲ၊ သမီး ရောဂါဖောက်လာပြီ”

ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့တုံ့ပြန်ရန်ပင် အချိန်မရလိုက်မီ ရှဲ့လီက သူတို့နှစ်ဦးခေါင်းပေါ်သို့ ပူလောင်နေသော ရေနွေးကြမ်းများကို တစ်ခွက်စီပက်ချလိုက်လေ၏။

ပူလောင်နေသော ရေနွေးကြမ်းတစ်စက်မျှပင် အလဟဿမဖြစ်ဘဲ သူတို့နှစ်ဦး၏မျက်နှာတစ်ခုလုံးကို စိုရွှဲသွားလေ၏။ သူတို့မျက်နှာများမှာ အပူဒဏ်ကြောင့် ချက်ချင်းပင် နီရဲသွားတော့သည်။

“အား”

သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အော်ဟစ်ကြတော့သည်။

“အိုး သမီး တကယ်ကိုတောင်းပန်ပါတယ် အဖေနဲ့အမေ၊ ဒါက သမီးငယ်ငယ်က အဖျားကြီးပြီး တက်ခဲ့တဲ့ရောဂါရဲ့ အကြွင်းအကျန်ပါ၊ ရောဂါဖောက်လာပြီဆိုရင် သမီးရဲ့လက်တွေက သမီးစကားကို နားမထောင်တော့ဘူး၊ အိုး သမီး အား အဖေနဲ့အမေဖယ်ကြပါ၊ သမီး နောက်တစ်ခါ ရောဂါထပ်ဖောက်ပြန်ပြီ”

ရှဲ့လီက စကားပြောနေရင်း သူမလက်ချောင်းများကို ကုတ်ခြစ်မည့်ဟန် ဖန်တီးကာ ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့မျက်လုံးများကို ကလော်ထုတ်တော့မည့်ဟန်ဖြင့် ရှေ့သို့တိုးဝင်သွားတော့၏။

“အား အီး”

အော်ဟစ်သံများက နာကျင်စွာ ညည်းညူသံများအဖြစ် ပြောင်းလဲသွားလေပြီ။

“အဖေနဲ့အမေ မြန်မြန်ထွက်ပြေးကြပါ၊ သမီး ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ဘူး။ဟားဟားဟား”

ရှဲ့လီမှာ အော်ဟစ်ရယ်မောခြင်းကိုမထိန်းချုပ်နိုင်တော့ချေ။

“ဟားဟားဟား အဖေနဲ့အမေ ရောဂါပြင်းထန်လာရင် သမီးကရယ်တောင်ရယ်သေးတာ သွားကြပါတော့ ဟားဟား မြန်မြန်ထွက်သွားကြပါ ဟားဟား”

ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့မှာ သေလုမတတ် ကြောက်လန့်သွားကြသည်။

ယခုအချိန်တွင် သူတို့မျက်လုံးထဲ၌ ရှဲ့လီမှာ အသက်ကိုလာရောက်တောင်းခံသော လက်စားချေသရဲမတစ်ကောင်ကဲ့သို့ဖြစ်နေပြီး သူတို့အသက်ကို ယူရန် သူမလက်သည်းများဖြင့် ဆန့်တန်းလာနေလေ၏။

ရှဲ့လီက သူတို့နှစ်ဦးလည်ပင်းများကို လက်တစ်ဖက်စီဖြင့်ဆွဲကိုင်ကာ သူတို့ခေါင်းများကို တစ်ခုနှင့်တစ်ခု ဆောင့်ပစ်လိုက်ရင်း အော်ဟစ်တော့သည်။

“ချီးယားစ် ချီးယားစ် ချီးယားစ်”

ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့မှာ မျက်ဖြူလန်သွားသည်အထိ ပြင်းထန်စွာ အဆောင့်ခံလိုက်ရသည်။

ကျေနပ်သွားသောအခါမှသာ ရှဲ့လီက လွှတ်ပေးလိုက်တော့၏။ သူမခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်နေပြီး မျက်နှာပေါ်တွင် တောင်းပန်မှုအရိပ်အယောင်များ ပြည့်နှက်နေသည်။

“အဖေနဲ့အမေ၊ အဖေတို့ အသက်ရှင်သေးရဲ့လား၊ သမီး တောင်းပန်ပါတယ်၊ သမီးကနေမကောင်းတော့ ကိုယ့်ကိုကိုယ် မထိန်းနိုင်လို့ပါ ဝူးဝူးဝူး”

ပြောပြီးသည်နှင့် သူမမျက်နှာကိုအုပ်ကာ ထွက်ပြေးသွားတော့၏။ နာရီဝက်အကြာတွင် အစေခံဝမ်က ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့ကို တွေ့ရှိသွားသည်။

သူတို့မျက်နှာပေါ်တွင် အရည်ကြည်ဖုကြီးများအပြည့်ဖြစ်နေသည်ကို မြင်သောအခါ ဆေးရုံသို့ပို့ဆောင်ရန် လူနာတင်ယာဉ်ကို အမြန်ခေါ်လိုက်ရသည်။

လူနာတင်ယာဉ် တဖြည်းဖြည်း ဝေးကွာသွားသည်ကိုကြည့်ရင်း ရှဲ့လီက သူမနှုတ်ခမ်းများကို ကွေးညွတ်ကာ အပြုံးဖျော့‌ဖျော့တစ်ခုကို ဖန်တီးလိုက်ပြီး တိုးတိုးလေးပြောလိုက်၏။

“မိသားစုတစ်စုဆိုတာ စုံစုံလင်လင်၊ သေသေသပ်သပ်နဲ့ သပ်သပ်ရပ်ရပ်ရှိနေရမယ်လေ”

ရှဲ့ချင်စုန့်၊ ဝူဖုန်းရောင်နှင့် ရှဲ့စီလင်းတို့အားလုံးဆေးရုံတွင် ရောက်ရှိနေကြချေပြီ။ အခန်းတစ်ခန်းထဲရှိ ကုတင်သုံးလုံးမှာ သူတို့သုံးယောက်အတွက် ကွက်တိပင်ဖြစ်သည်။

ဖေ့မိသားစုဘက်တွင်မူ ဖေ့ရှူချန်မှာ စိတ်ဒဏ်ရာရသွားပြီး သူ့အခန်းထဲတွင် သော့ခတ်ကာ အပြင်ထွက်လာရန် ငြင်းဆန်နေလေသည်။

သူ့ကောင်းကင်ကြီးပြိုကျသွားပြီး သူ့ဘဝလည်း ပြီးဆုံးသွားပြီဟု ခံစားနေရသည်။

သူကိုယ်လုံးတီးဖြစ်နေသည်ကို အမြင်ခံလိုက်ရပြီး ဂုဏ်သိက္ခာများပျက်စီးသွားကာ ချစ်ရသောအမျိုးသမီးကလည်း သူ့ကို လမ်းခွဲသွားခဲ့ပြီဖြစ်၏။

ထိုအရာအားလုံးက ခွေးမရှဲ့လီကြောင့်သာဖြစ်သည်။ သူ လက်စားချေချင်သည်။

‘ဟုတ်တယ်၊ ငါ လက်စားချေရမယ်'

ဖေ့ရှူချန် သူ့အခန်းထဲမှထွက်လာသောအခါ ချီယွဲ့ဟွာမှာ အလွန်တရာဝမ်းသာသွားသဖြင့် မျက်ရည်များပင် ဝဲလာခဲ့သည်။

“အမေ အမေ့ တူဝမ်းကွဲနှစ်ယောက် ရှန်ဟိုင်းမြို့ကို ရောက်နေပြီလား”

ဖေ့ရှူချန်၏အညိုရောင်မျက်ဝန်းများထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ ချီယွဲ့ဟွာမှာ လန့်သွားပြီး တိုးတိုးလေးပြောလိုက်၏။

“သူတို့ရောက်နေတာ ကြာလှပြီလေ”

အေးစက်စက်လှောင်ပြုံးတစ်ခုက ဖေ့ရှူချန်နှုတ်ခမ်းထောင့်များတွင်ထင်ဟပ်လာကာ တွန့်ကွေးသွားသည်။

“သူတို့ရောက်နေတာ ကောင်းတာပေါ့၊ ရှဲ့လီကို လက်ဆောင်ကြီးတစ်ခုပေးရမယ့်အချိန်ရောက်ပြီ”

All Chapters