← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

Ch-21

အကယ်၍ ယခုမှ ဤကိစ္စများတွင် ပတ်သက်သွားပါက သူတို့၏ထွက်ခွာမှုကို နှောင့်နှေးသွားစေနိုင်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူငယ်ရဲအရာရှိက ရှဲ့ချင်စုန့်ကို ဒေါသတကြီးစိုက်ကြည့်လိုက်၏။ သူ့ဘေးရှိ အသက်ကြီးကြီးရဲအရာရှိက သူ့ကို တိတ်တိတ်နေရန် လက်မြှောက်ပြလိုက်ပြီးနောက် ရှဲ့ချင်စုန့်ကိုလှည့်ကြည့်သည်။

“ဒီကိစ္စက ခင်ဗျား ဘယ်လိုကိုင်တွယ်ချင်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်”

အဓိက ကတော့ ပိုက်ဆံကြောင့်ပင်။

“လူတွေကိုတော့ ကျွန်တော်တို့ အရင်ခေါ်သွားမယ်၊ ခင်ဗျား ပြင်ဆင်ဖို့ တစ်ရက်အချိန်ပေးမယ်”

အသက်ကြီးကြီးရဲအရာရှိ၏ စကားများမှာ အလွန်ချောမွေ့နေသည်။

ရဲစခန်းကို ဖုန်းဆက်ထားပြီးဖြစ်ရာ လူတွေကိုတော့ ပြန်ခေါ်သွားရပေမည်။ နောက်ပိုင်းမှ ဟန်ပြအနေဖြင့် ပေါ့ပေါ့ပါးပါး စစ်ဆေးမေးမြန်းမှုလေးလုပ်ပြီး ပြန်လွှတ်ပေးလိုက်ရုံသာ။

ရှဲ့ချင်စုန့် ဆက်တိုက်ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ၊ ခင်ဗျားစိတ်မပူပါနဲ့”

ရှဲ့မိသားစုမှာ ချမ်းသာကြွယ်ဝပြီး လွှမ်းမိုးမှုရှိသည်ဆိုသော်လည်း လှုပ်ရှားမှုများ အားကောင်းနေသည့် ဤအရေးကြီးသောအချိန်တွင် သူတပါး၏ဆန္ဒကို လိုက်လျောရဦးမည်ဖြစ်သည်။

တရားခံများကို ခေါ်ဆောင်သွားကြ၏။

ရှဲ့ချင်စုန့် ဘေးတွင်ထိုင်နေသော ရှဲ့လီကိုကြည့်ကာ လက်ညှိုးထိုးပြီး ကျယ်လောင်စွာ ဆဲဆိုတော့သည်။

“ဒီအသုံးမကျတဲ့ကောင်မလေး၊ နင် ဘာလို့ ရဲကိုဖုန်းဆက်ရတာလဲ၊ နင် ရဲကိုဖုန်းဆက်လိုက်လို့ ဒီကိစ္စက ဘယ်လောက်တောင် ဖြေရှင်းရခက်သွားလဲဆိုတာ နင်သိလား၊ နင်က ပြဿနာရှာဖို့လောက်ပဲ တတ်တာပဲ”

ဝူဖုန်းရောင် သူ့ကိုအမြန်တားလိုက်သည်။

“အို ချင်စုန့် သူ့ကို ဆဲမနေပါနဲ့တော့၊ ဒေါသထွက်ပြီး ရောဂါရသွားပါဦးမယ်”

သူမက အသံကိုနှိမ့်ကာ ပြောလေ၏။

“သူ့ကို အနားမှာထားတာက လောလောဆယ်တော့ အသုံးဝင်သေးတယ်၊ ငါတို့ထွက်ပြေးတဲ့အခါ တော်လှန်ရေးကော်မတီရဲ့ အာရုံစိုက်မှုကို သူ့ဆီရောက်သွားအောင်လုပ်မယ်၊ ပြီးမှ တစ်ယောက်ယောက်ကိုခိုင်းပြီး သူ့ကို အဆိပ်ခတ်သတ်ပစ်မယ်၊ အခုတော့ သူ့ကိုထိလို့မရသေးဘူး”

ခဏတာမျှ ရှဲ့လီရင်ထဲတွင် မူလပိုင်ရှင်အတွက် ဝမ်းနည်းမှုတစ်ရပ်ဖြစ်ပေါ်လာသည်။

ထိုညတွင် သူမ ရဲစခန်းသို့သွားခဲ့၏။

ယနေ့ သူမအိမ်သို့လာခဲ့သော အသက်ကြီးကြီးရဲအရာရှိကို ရှာခဲ့ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။

“အရာရှိမင်း၊ ဒီနေ့အမှုကို ရုပ်သိမ်းလို့မရဘူး၊ ရှဲ့ချင်စုန့်က အရာရှိကြီးကို ဘယ်လောက်ပေးပေး ကျွန်မကနှစ်ဆပြန်ပေးမယ်”

အသက်ကြီးကြီးရဲအရာရှိမှာ တံတွေးများကို ခက်ခက်ခဲခဲမြိုချလိုက်သည်။

သူက ရှဲ့လီကို မှတ်မိနေပြီး သူမက ရှဲ့မိသားစုကို ဖျက်ဆီးချင်နေကြောင်းကိုလည်း ချက်ချင်းသဘောပေါက်သွားသည်။

“ရှဲ့မိသားစု ဂုဏ်သိက္ခာကျသွားလို့ မင်းအတွက် ဘာအကျိုးရှိမှာမို့လို့လဲ”

အသက်ကြီးကြီးရဲအရာရှိသည် သူ့ရှေ့ရှိ မိန်းမငယ်လေးကို နားမလည်နိုင်အောင် ဖြစ်နေမိ၏။ ထိုတောက်ပလှသော မက်မွန်ပွင့်ကဲ့သို့ မျက်ဝန်းများထဲတွင် လျှို့ဝှက်ချက်များစွာ ကိန်းအောင်းနေသည်။

ရှဲ့လီက လှောင်ပြုံးပြုံးလိုက်သည်။

“အရာရှိမင်း သာမန်အတိုင်း စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး အမှုကို ကိုင်တွယ်တာက ရှင်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါပဲ၊ ဒီပိုက်ဆံကို ရှင်စိတ်အေးလက်အေးနဲ့ လက်ခံနိုင်ပါတယ်၊ ဒါပေမဲ့ ရှင်သာသာမန်အတိုင်းမလုပ်ဘူးဆိုရင်တော့”

အသက်ကြီးကြီးရဲအရာရှိမှာ နှလုံးတစ်ချက်ခုန်သွားသည်။

သူသာ ပုံမှန်အတိုင်းကိုင်တွယ်မည်ဆိုပါက သူ့ကို တိုင်ကြားလျှင်ပင် အသုံးဝင်မည်မဟုတ်ချေ။ သို့သော် ရှဲ့ချင်စုန့်ငွေကိုယူကာ လုပ်ထုံးလုပ်နည်းအတိုင်းမလုပ်ဆောင်ပါက တစ်စုံတစ်ယောက်က သူ့ကိုတိုင်ကြားလျှင် သူကိုယ်တိုင် ပြဿနာတက်ရပေလိမ့်မည်။

“ကောင်းပြီလေ”

သူ အလျှော့ပေးလိုက်သည်။

‘ပိုက်ဆံက ပိုက်ဆံပါပဲ၊ ဘယ်သူ့ဆီကလာလာပေါ့’

ထို့အပြင် ဤနေရာတွင် အန္တရာယ်ပိုနည်းပြီး ဈေးကလည်း ပိုကောင်းနေသည်ပင်။ ထိုသို့နှင့် ပြဿနာကြီး ပေါက်ကွဲသွားချေပြီ။

ဖေ့မိသားစုလည်း သတင်းရသွားခဲ့သည်။ ရှဲ့မိသားစုက ရဲကိုဖုန်းဆက်ပြီး ဝမ်တနှင့် ဝမ်အာတို့ကိုဖမ်းသွားစေခဲ့ကြောင်းကိုပါ ကြားသိလိုက်ရ၏။

ချီယွဲ့ဟွာမှာ ထိုင်မနေနိုင်တော့ချေ။

သူမက ဝမ်တနှင့် ဝမ်အာတို့အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ဂရုမစိုက်ချေ။ သူမ ဂရုစိုက်သည်မှာ ထိုငတုံးနှစ်ကောင်က စစ်ဆေးမေးမြန်းမှုကို မခံနိုင်ဘဲ အရင်ကသူတို့လုပ်ခဲ့သမျှကို ဖွင့်ပြောလိုက်မည်ဆိုပါက အရာအားလုံး ပြီးဆုံးသွားမည်ကိုပင်။

သူမ အဆက်အသွယ်များရှာရန် အလောတကြီးကြိုးစားတော့သည်။

သို့သော် ယခုအချိန်က အရေးကြီးသောအချိန်အခါဖြစ်သည်။ အရင်းရှင်ဟူသော သူတို့ဂုဏ်ပုဒ်မှာ အလွန်အကဲဆတ်နေပြီဖြစ်၏။ ယခင်က သူတို့မိသားစုကို မြှောက်ပင့်ပေးခဲ့သော လူများအားလုံးက ယခုအခါ သူတို့နှင့် ပတ်သက်ချင်ခြင်းမရှိကြတော့ချေ။

သူတို့ကိုယ်တိုင် နိုင်ငံရေးလှုပ်ရှားမှုထဲသို့ပါသွားမည်ကို ကြောက်ရွံ့နေကြသည်။ ချီယွဲ့ဟွာမှာ ရွေးချယ်စရာမရှိတော့သဖြင့် ဖေ့ကျန်းမင်ကို ဖွင့်ပြောရတော့သည်။

*ဒုန်း*

“မင်းတို့ မိန်းမမိုက်တွေ”

ဖေ့ကျန်းမင် စားပွဲကိုပြင်းပြင်းထုလိုက်သည်။ သူ့လက်ပင် အရှိန်ကြောင့် ထုံကျဉ်သွားလေ၏။

“ငါနဲ့မတိုင်ပင်ဘဲ မင်းတို့က ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို လုပ်ရဲရတာလဲ၊ အခု ဘယ်အချိန်ရှိနေပြီလဲဆိုတာ မင်းတို့သိလား၊ ဒီရက်ပိုင်း ငါတို့မိသားစုအခြေအနေ ဘယ်လောက်တောင် ရှုပ်ထွေးနေလဲဆိုတာ မင်းတို့မသိဘူးလား၊ မင်းတို့က အကူအညီမဖြစ်တဲ့အပြင် ပြဿနာပဲပိုရှာနေကြတာပဲ”

ဒီရက်ပိုင်း ဖေ့ကျန်းမင်က မိသားစုပိုင်ဆိုင်မှုများကို လွှဲပြောင်းရန် အလုပ်များနေခဲ့သည်။ သူက သင်္ဘောတစ်စင်းကို ကြိုတင်ငှားရမ်းထားပြီးဖြစ်ရာ သူတို့ပစ္စည်းများကို ရွှေ့ပြောင်းပြီးသည်နှင့် မိသားစုတစ်ခုလုံး ရှန်ဟိုင်းမြို့မှ ယာယီထွက်ခွာကြတော့ပေမည်။

သို့သော် အာဏာပိုင်များက အလွန်တင်းကြပ်စွာ စစ်ဆေးနေကြသည်။ တော်လှန်ရေးကော်မတီနှင့် ဆယ့်သုံးခုမြောက်ရုံးမှ အ၀တ်နီပတ်ထားသည့် အဖွဲ့များက ရက်အနည်းငယ်ခြားတစ်ခါ လာရောက်စစ်ဆေးလေ့ရှိသည်။

သူက သန်းခေါင်ယံအချိန်မှသာ လူများကိုခိုင်း၍ ပစ္စည်းများကို နည်းနည်းချင်းစီ ရွှေ့ပြောင်းနေရသည်။

ရှန်ဟိုင်းမြို့ ကုန်သည်ကြီးများအသင်းတစ်ခုလုံးရှိ သူဌေးများအားလုံးလည်း အလားတူပင် လုပ်ဆောင်နေကြ၏။

သို့သော် ဤကဲ့သို့အရေးကြီးသော အချိန်အခါမျိုးတွင်မှ ဤကဲ့သို့သောပြဿနာမျိုး ဖြစ်လာရသည်။

အကယ်၍ ဝမ်တနှင့် ဝမ်အာတို့သာ စစ်ဆေးမေးမြန်းမှုတွင် တောင့်မခံနိုင်ဘဲ ဖေ့ရှူချန်အမည်ကို ထုတ်ဖော်ပြောဆိုလိုက်ပါက အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။

All Chapters