အခန်း ၂၄
Vol. 3 Ch. 24
Ch-24
“ရှင်တို့အားလုံး အခုချက်ချင်းရပ်လိုက်ကြစမ်း”
ရှဲ့လီမှာ သူမနောက်ဘက်မှထွက်ပေါ်လာသော အော်ဟစ်သံကြောင့် လန့်ဖျပ်သွားသည်။
ရှဲ့စီလင်းက စက္ကူကဲ့သို့ဖြူဖျော့နေသော မျက်နှာဖြင့် အိမ်ထဲမှခြေဗလာနှင့် ပြေးထွက်လာကာ လှေကားပေါ်မှ တစ်ထစ်ချင်းဆင်းလာ၏။ သူမက ဖေ့ရှူချန်ကို မုန်းတီးမှုများအပြည့်ပါသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
“ဒါတွေအကုန်လုံး နင့်အပြစ်တွေချည်းပဲ၊ နင့်ကိုပဲအပြစ်တင်ရမှာ နင် ငါ့ကိုဖျက်ဆီးလိုက်တာပဲ”
စကားပြောရင်း သူမက ဖေ့ရှူချန်၏ရင်ဘတ်ကို ထုရိုက်တော့သည်။
ဖေ့ရှူချန်က အောက်သို့ငုံ့ကြည့်နေပြီး သူ့အညိုရောင်မျက်ဝန်းများထဲတွင် လှိုင်းဂယက်များ စတင်ဖြစ်ပေါ်လာ၏။ သူက လက်ကိုဆန့်ကာ ရှဲ့စီလင်းလက်များကို ဖမ်းဆုပ်လိုက်သည်။
“ငါ တောင်းပန်ပါတယ် ငါ့အပြစ်တွေပါ၊ စီလင်း ငါ့ကိုရိုက်ပါ၊ ငါ့အပြစ်တွေချည်းပါပဲ”
ထိုနှစ်ယောက်မှာ ငိုယိုကာ ဖက်တွယ်ထားကြပြီး ပြန်လည်သင့်မြတ်သွားတော့မည့်ပုံ ပေါက်လေသည်။
‘ဒါမျိုးတော့ ဘယ်ဖြစ်မလဲ’
‘သူတို့ ပြန်လည်သင့်မြတ်သွားရင် အစီအစဉ်တွေ အကုန်လုံးပျက်စီးသွားမှာပေါ့’
ရှဲ့လီက အောက်ထပ်သို့အပြေးအလွှားဆင်းသွား၏။ ဆံပင်တုကျွတ်ကျပြီး တက်နင်းခံထားရကာ အနံ့ဆိုးများကြောင့် ပျို့အန်နေသော ရှဲ့ချင်စုန့်ကို သူမက ထူပေးလိုက်သည်။
“အဖေ အဆင်ပြေရဲ့လား ၊ သမီး ရဲကိုဖုန်းဆက်လိုက်တော့မယ်”
“ရဲ”ဟု ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ဖေ့ကျန်းမင်၏ဆံပင်များမှာ ချက်ချင်းပင် ထောင်ထသွားတော့သည်။
‘ရဲကို ဖုန်းဆက်ပြန်ပြီ ရဲ ရဲ ရဲ’
‘ ဒီတစ်ခေါက် ရှဲ့မိသားစုကသာ ရဲကို ဖုန်းမဆက်ခဲ့ရင် ဒီလိုကိစ္စတွေ တစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူးလေ၊ ပြီးတော့ အခု ဒီကိစ္စကို အဆုံးမသတ်ပေးနိုင်သေးဘူးပေါ့ ’
“ရှဲ့ချင်စုန့် ဒါတွေအကုန်လုံး မင်း သမီးရဲ့အပြစ်တွေပဲ”
သူက ရှဲ့မိသားစုအတွက် ဖုံးကွယ်ပေးရန် ဂရုမစိုက်နိုင်တော့ဘဲ ရှဲ့လီ၏အရှေ့တွင်ပင် အရာအားလုံးကိုထုတ်ပြောလိုက်တော့၏။
“ဒါက ငါ့သားရဲ့အကြံအစည်ဆိုပေမယ့် သူက ရှဲ့လီကိုမုန်းပြီး သူ့အပျိုစင်ဘဝကို ဖျက်ဆီးချင်ရုံသက်သက်ပဲ၊ ရှဲ့စီလင်းကသာ ဆေးခတ်ခဲ့တာ၊ သူကသာ ငတုံးတစ်ကောင်လို အမှားလုပ်ခဲ့ပြီးတော့ အခု ငါ့သားကို လာအပြစ်တင်နေတာလား”
သူ ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်းက ရှဲ့လီကိုလှည့်ကြည့်လာကြသည်။ ရှဲ့လီက ခနကြာစဉ်းစားလိုက်ပြီး သူမ နောက်ထပ်တစ်ခါ ‘ရောဂါဖောက်လိုက်တာ ပိုကောင်းမယ်’ ဟု ဆုံးဖြတ်လိုက်သည်။
ရှဲ့လီ မျက်ဖြူလန်သွားပြီး ဖေ့ရှူချန်ထံသို့ ခုန်အုပ်သွားတော့၏။ ခန္ဓာကိုယ်ဖြင့် ဝင်တိုက်ပြီးနောက် ဖေ့ရှူချန်၏ခြေထောက်ကို အရူးအမူးစတင်နင်းပစ်တော့၏။
“အား အား ငါ့ခြေထောက်တွေ”
ဖေ့ရှူချန်မှာ အလွန်အမင်းဒေါသထွက်သွားပြီး ပါးစပ်မှအမြှုပ်များပင်ထွက်လာ၏။ သူမသားဖြစ်သူ အရိုက်ခံနေရသည်ကို မြင်သောအခါ ချီယွဲ့ဟွာမှာ သည်းမခံနိုင်တော့ချေ။ သူမက လက်ကိုမြှောက်ကာရိုက်လိုက်သော်လည်း ရှဲ့လီက မြန်ဆန်စွာ ရှောင်တိမ်းလိုက်သဖြင့် ချီယွဲ့ဟွာ၏ရိုက်ချက်က ရှဲ့စီလင်းကို သွားထိတော့သည်။ ရှဲ့စီလင်းမှာ နောက်ဆုံးတော့ ပေါက်ကွဲထွက်သွားလေပြီ။
“နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့လေ ဖေ့ရှူချန်၊ နင့်အမေက ငါ့ကို ရိုက်နေတာတောင် နင်က ဘာမှမလုပ်ဘူးလား၊ ကျွန်မ ရှင်နဲ့အတူအိပ်ခဲ့တာ သုံးနှစ်တောင်ရှိပြီ၊ နောက်ဆုံးတော့ ကျွန်မရလိုက်တာက ရှင့်အမေရဲ့ရိုက်နှက်မှုပဲတဲ့လား”
ဖေ့ရှူချန်သည်လည်း ဒေါသများအလွန်ထွက်နေချေပြီ။ အစောပိုင်းက ဝူဖုန်းရောင် သူ့အမေကို ရိုက်နှက်နေစဉ်က သူ ဝင်စွက်ဖက်ရန်မသင့်တော်ဟု စဉ်းစားနေခဲ့ပြီး သူ့ဖခင်အရင်းထံမှ ပြင်းထန်သော ပါးရိုက်ချက်တစ်ခုကိုပင်ခံခဲ့ရသည်ကို သူ မှတ်မိသည်။
‘ရှဲ့စီလင်းက ဘာလုပ်နေတာလဲ ’
‘သူ့အမေ အရိုက်ခံနေရတုန်းက သူမ ဂရုမစိုက်ခဲ့ဘူး၊ ဒါပေမဲ့ သူမကိုယ်တိုင် ဒုက္ခနည်းနည်းရောက်တာကိုတော့ မခံနိုင်ဘူးပေါ့ ’
ရှဲ့လီက ရပ်တန့်လိုက်သည်။
‘ကောင်းတယ် သူတို့ ထပ်ချကြပြန်ပြီ ’
သူမက ဆိုဖာပေါ်တွင်ထိုင်ကာ မျက်လုံးလန်လျက် ပြဇာတ်ကို ဆက်လက်ကြည့်ရှုနေလိုက်သည်။
ဖေ့ရှူချန်က မတ်တတ်ရပ်ကာ ရှဲ့စီလင်းကို လက်ညှိုးထိုးပြီး ဒေါသတကြီး အပြစ်တင်ပြောဆိုတော့၏။
“မင်းအမေက ငါ့အမေကို မီးအိမ်နဲ့လေးချက်တောင်ရိုက်ခဲ့တာကိုကျ မင်းဘာလို့ ဂရုမစိုက်ခဲ့တာလဲ၊ ငါ့အမေက မင်းကို တစ်ချက်ပဲရိုက်မိတာ၊ အဲဒါကလည်း တမင်လုပ်တာမဟုတ်ဘူး၊ မင်းက ဘာတွေအော်ဟစ်နေတာလဲ”
ရှဲ့စီလင်းရင်ထဲတွင် ဆစ်ခနဲဖြစ်သွားသည်။ သူမ အားအငယ်ဆုံးအချိန်ဖြစ်နေပါလျက် သူမကို နှစ်သိမ့်ပေးမည့်အစား ဖေ့ရှူချန်က ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုသည်ကို ငြင်းခုံနေလေသည်။
‘သူ မသိဘူးလား၊ ကောင်မလေးတစ်ယောက် ဒေါသထွက်နေတဲ့အချိန်မှာ ဘာပဲဖြစ်ဖြစ် ယောက်ျားလေးရဲ့အပြစ်ချည်းပဲဆိုတာကိုလေ’
“ဖေ့ရှူချန် နင့်တူဝမ်းကွဲက ငါ့ကိုအဲဒီလိုလုပ်ခဲ့တာတောင် နင့်နှုတ်ခမ်းဖျားက နှစ်သိမ့်စကားတစ်ခွန်းမပြောဘူး၊ အဲဒီအစား ငါ့မိသားစုက ရဲကိုဖုန်းဆက်လို့ဆိုပြီး ငါ့အိမ်ကို နင့်မိသားစုခေါ်လာပြီးတော့ နင့်ဝမ်းကွဲအဖမ်းခံရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြဿနာလာရှာတယ်ပေါ့လေ”
ရှဲ့စီလင်းမှာ ဒေါသပုန်ထနေလေပြီ။
ရဲအကြောင်းကို ကြားလိုက်ရသဖြင့် ဖေ့ရှူချန်မှာ ဒေါသပိုထွက်သွားသည်။
“မင်းတို့မိသားစုက ဘယ်လိုလုပ် ဒီလောက်တောင်အရှက်မရှိရတာလဲ၊ ငါတို့ အတူတူလုပ်ခဲ့ကြတာလေ၊ ပြီးတော့ အခု မင်းက ငါ့ဝမ်းကွဲကိုဖမ်းဖို့ ရဲကို ဖုန်းဆက်တယ်ပေါ့လေ၊ မင်း လူရောဟုတ်သေးရဲ့လား”
“အား ဘယ်သူက လူမဟုတ်တာလဲ၊ နင် ဘယ်သူ့ကို လူမဟုတ်ဘူးလို့ပြောနေတာလဲ၊ နောက်တစ်ခါထပ်ပြောစမ်း”
ရှဲ့စီလင်းက ဖေ့ရှူချန်ထံသို့ အရူးတစ်ယောက်လို ပြေးဝင်သွားပြီး ပါးကို ၃ ချက်ဆင့်ရိုက်လိုက်ရာ ကျယ်လောင်အသံများထွက်လာ၏။
ပဋိပက္ခမှာ လုံးဝကို အရှိန်မြင့်တက်သွားလေပြီ။
“ဟီးဟီး”
ရှဲ့လီက တခစ်ခစ်ရယ်မောရင်း စစ်မြေပြင်မှ နောက်ဆုတ်ကာ ပြဇာတ်ကို ဆက်လက်ကြည့်ရှုရန် ပိုမိုဝေးကွာသောနေရာတွင် သွားပုန်းနေလိုက်သည်။
“ချကြ၊ ချကြ”
ဖေ့ရှူချန်နှင့် ရှဲ့စီလင်းတို့က တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ရာမှ မိဘများကိုပါ စော်ကားပြောဆိုလာကြပြီး နောက်ဆုံးတွင် နှစ်ဖက်မိဘများပါ ရန်ပွဲထဲသို့ ထပ်မံပါဝင်လာကြသည်။
ရှဲ့ချင်စုန့်က ဖေ့ကျန်းမင်၏ထိုးကြိတ်မှုအချို့အား ထပ်မံခံလိုက်ရသည်ကို မြင်သောအခါ ရှဲ့စီလင်းက ခုန်ပေါက်ကာဆဲဆိုတော့သည်။
“ဖေ့ရှူချန် နင်ကမိန်းမလျာထက်တောင်ဆိုးသေးတယ် ၊ နောက်ဆိုရင် နင် မိန်းမတောင်မရှာသင့်ဘူး ၊ နင်နဲ့အတူနေရတာက မုဆိုးမဖြစ်ရတာထက်တောင် ဆိုးသေးတယ်”
‘ဒါကတော့ တကယ့်အသည်းခိုက်စရာစကားလုံးတွေပဲ’
ရှဲ့လီက ပြုံးဖြဲဖြဲလုပ်ကာ လက်ခုပ်တီးလိုက်သည်။
“ရှဲ့စီလင်း ဖာသည်မ၊ မင်းအကြောင်းကို ငါ ပြောတောင်မပြောချင်ဘူး၊ မင်းက တစ်ခါလုပ်တိုင်း ဘဲကြီးတစ်ကောင်လို တကွပ်ကွပ်နဲ့အော်နေတာလေ၊ အဲဒါက တကယ့်ကိုစိတ်ညစ်စရာကောင်းတယ်ဆိုတာ မင်းသိလား”
ဖေ့ရှူချန်ကလည်း အလျှော့မပေးချေ။
“ငါက ဘဲတစ်ကောင်လို အော်တာက နင် ငါ့ကိုအရမ်းနာအောင် ထိုးလို့လေ၊ နင်သာ အပ်နဲ့အထိုးခံရရင် အဲဒီလောက် အသံထွက်နိုင်မှာမဟုတ်ဘူး”
ရှဲ့စီလင်းကလည်း အစွမ်းကုန်တုံ့ပြန်တော့သည်။
*အုန်း ဒိုင်း ခွမ်း*
နှစ်ဖက်စလုံးက အသေအလဲချကြတော့၏။ နောက်ဆုံးတွင် ရှဲ့လီကသာ ရဲကိုဖုန်းဆက်၍ အဆုံးသတ်လိုက်ရသည်။