အခန်း ၂၆
Vol. 3 Ch. 26
Ch-26
ဝမ်အာ့ဇနီး လျူချိုက်ဟွာမှာ ဓာတ်ပုံများကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူမဦးနှောက်တစ်ခုလုံး ထုံကျဉ်သွားတော့သည်။
ဓာတ်ပုံများထဲတွင် သူမယောက်ျားနှင့် မိန်းမတစ်ယောက်တို့ ကိုယ်လုံးတီးဖြင့် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေကြသည်မဟုတ်လော။
*ရွှတ် ရွှတ် ရွှတ်*
လျူချိုက်ဟွာက ဓာတ်ပုံအထပ်လိုက်ကို အဆက်မပြတ် လှန်လှောကြည့်ရှုလိုက်ရာ သူမယောက်ျားသာမက သူမ၏ခဲအိုဖြစ်သူပါ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
“အစ်မ အစ်မ”
တံခါးဝရှိ ရှဲ့လီကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူမအစ်မဖြစ်သူ လျူချိုက်လင်းကို အလောတကြီးအော်ခေါ်လိုက်တော့သည်။
ညီအစ်မနှစ်ဦးမှာ ဓာတ်ပုံများကိုကြည့်ရင်း မျက်နှာများက နီရာမှဖြူ၊ ဖြူရာမှမည်း၊ မည်းရာမှခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားကာ ရောင်စုံပန်းချီကားတစ်ချပ်အလား အလွန်တရာကြည့်ကောင်းနေတော့၏။
“ဒီခွေးကောင်၊ သူက အလုပ်လုပ်ပြီး ပိုက်ဆံရှာမယ်ဆိုပြီးတော့ မိန်းမသွားရှာနေတာကိုး”
လျူချိုက်လင်းက ကျယ်လောင်စွာ ကျိန်ဆဲတော့သည်။
“ချိုက်ဟွာ၊ နင် ကလေးနှစ်ယောက်ကို မိဘတွေအိမ်သွားပို့လိုက်၊ ငါတို့ပစ္စည်းတွေသိမ်းပြီး ရှန်ဟိုင်းမြို့ကို သွားကြမယ်၊ အဲဒီခွေးနှစ်ကောင်နဲ့ သွားရှင်းရမယ်”
လျူချိုက်ဟွာက မျက်ရည်များသုတ်ရင်း ခေါင်းညိတ်ပြလိုက်ပြီး အိမ်ထဲသို့ ပြန်ဝင်ကာ ကလေးနှစ်ယောက်ကို ဆွဲခေါ်လာခဲ့သည်။ ကလေးများမှာ အသက်လေးငါးနှစ်ခန့် အရွယ်လေးများဖြစ်ကြ၏။
“ခဏနေပါဦး”
ရှဲ့လီက ရှေ့သို့တိုးလာပြီး အဖြစ်အပျက်အားလုံးကို အစမှအဆုံးတိုင် အမွှန်းတင်ကာ အသေးစိတ်ပြောပြလိုက်သည်။ သူမမျက်ဝန်းများထဲတွင် ကိုယ်ပိုင်ရည်မှန်းချက်များအတွက် အရာရာကိုအသုံးချမည့် အရိပ်အယောင်များ ကိန်းအောင်းနေ၏။
လျူချိုက်လင်းနှင့် လျူချိုက်ဟွာတို့ ညီအစ်မနှစ်ဦးမှာ ကြားရလေလေ ပို၍ဒေါသထွက်လာလေလေပင်ဖြစ်သည်။
“အဲဒီဝက်မကြီးချီယွဲ့ဟွာကို လူကောင်းမှတ်နေတာ၊ တကယ်တော့ ငါ့ယောက်ျားကို အသုံးချပြီး သူ့ရဲ့ ညစ်ပတ်တဲ့အလုပ်တွေကို ခိုင်းနေတာကိုး၊ ညီမလေး ကျေးဇူးတင်ပါတယ်၊ အဲဒီလိုမှမဟုတ်ရင် ငါတို့က အဲဒီအဘွားကြီးကို ကျေးဇူးရှင်မှတ်ပြီး အမှောင်ထဲမှာ နေနေရဦးမှာ”
လျူချိုက်လင်းမှာ အလွန်အမင်း ဒေါသထွက်နေပြီး ရှဲ့လီကမူ ကျေးဇူးတင်သည်ကိုလိုချင်၍မဟုတ်ဘဲ အမှန်တရားကိုဖော်ထုတ်သူတစ်ဦးအလား လက်ကိုပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်သည်။
ညီအစ်မနှစ်ဦးမှာ ပြာယာခတ်သွားကြပြီး ရှဲ့လီနောက်သို့လိုက်ကာ ရှန်ဟိုင်းမြို့သို့ လာခဲ့ကြ၏။
ထိုညတွင် ရှဲ့မိသားစုအိမ်တော်ကြီး ပေါက်ကွဲထွက်သွားတော့သည်။
သူတို့နှစ်ဦးမှာ ရှဲ့မိသားစုတံခါးဝသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ကြမ်းပြင်ပေါ်တွင် ဗိုင်းခနဲထိုင်ချကာ အသံကုန်ဟစ်အော် ငိုယိုကြတော့သည်။
“ဘုရားရေ အဲဒီအရှက်မရှိတဲ့ဖာသည်မ ရှဲ့စီလင်းက ငါ့ယောက်ျားကို မြှူဆွယ်သွားပြီ၊ ငါ့ကလေးက ငါးနှစ်တောင်ရှိနေပြီကို ငါ ဘယ်လိုအသက်ဆက်ရှင်ရတော့မှာလဲ”
သူတို့အသံများမှာ အလွန်တရာကျယ်လောင်လှပြီး တစ်လှည့်စီအော်ဟစ်ငိုယိုနေကြရာ အိမ်နီးနားချင်းများအားလုံးကို ပြဇာတ်ထွက်ကြည့်ရန် ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွား၏။
“ဒီရှဲ့စီလင်းက ထူးဆန်းတဲ့ရောဂါတစ်ခုခုများ ရှိနေတာလား၊ ဖာချရတာကို သူတော်တော်စွဲလမ်းနေတာနော်”
“ဒီလိုချည်းပဲလည်း မပြောပါနဲ့၊ ဖေ့ရှူချန်ကလည်း အသုံးမှမကျတာ၊ သူက အထီးကျန်တာကို မခံစားနိုင်လို့ တခြားလူသွားရှာတာနေမှာပေါ့”
“ဘယ်လိုပဲဖြစ်ဖြစ် သူက ရှဲ့မိသားစုရဲ့ သွေးသားအရင်းမှမဟုတ်တာ၊ ရှဲ့လီကို ကြည့်လိုက်ပါဦး၊ ဆယ့်ရှစ်နှစ်တောင် ပျောက်ဆုံးနေခဲ့ပေမဲ့ နောက်ဆုံးတော့လည်း အစစ်က အစစ်ပါပဲ၊ အိမ်ထောင်ရှင်မကောင်းပီသပြီး လိမ္မာရေးခြားရှိတယ်၊ ဘယ်လိုနေထိုင်ရမလဲဆိုတာ ကောင်းကောင်းသိတယ်”
ရှဲ့လီက ဒုတိယထပ်လသာဆောင်ငယ်လေးတွင်ရပ်ကာ စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်ရှုနေသည်။
ထိုအချိန်တွင် ခြံဝင်းထဲမှ တစ်စုံတစ်ယောက် ရုတ်တရက်ပြေးထွက်လာသည်ကို သူမ မြင်လိုက်ရ၏။ သေသေချာချာ ကြည့်လိုက်သောအခါ ရှဲ့ချင်စုန့်ပင် ဖြစ်လေသည်။
“ဟီးဟီး”
ရှဲ့လီက ကုလားထိုင်ငယ်တစ်လုံးကို လသာဆောင်သို့ ယူလာပြီး ရေနွေးကြမ်းတစ်ခွက်နှင့် လှော်ထားသော ဖရဲစေ့တစ်ဆုပ်ကိုပါ ယူဆောင်လာခဲ့သည်။ ဖရဲစေ့များကို တဖြောက်ဖြောက်ခွာစားရင်း ပြဇာတ်ကို အေးအေးလူလူကြည့်ရှုနေတော့၏။
ရှဲ့ချင်စုန့်က ကြမ်းပြင်ပေါ်မှ ညီအစ်မနှစ်ဦးအား ဆွဲထူလိုက်သည်ကို သူမ မြင်လိုက်ရပြီး သူ့အသံများမှာလည်း ရှိုက်သံများပင် ပါဝင်နေသည်။
“အဒေါ်တို့နှစ်ယောက်က ဘယ်ကရောက်လာတာလဲဗျာ၊ ကျွန်တော့်စီလင်းက ဘာတွေလုပ်ထားပြန်ပြီလဲ”
သူ ပြိုလဲတော့မည့်အခြေအနေဖြစ်နေပြီဖြစ်သည်။ ဤရက်ပိုင်းအတွင်းကိစ္စပေါင်းများစွာ ဆက်တိုက်ဖြစ်ပျက်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများကြောင့် သူ့မိသားစုမှာ စစ်ဆေးခံရတော့မည်ဖြစ်ရာ သူအလွန်အလုပ်များပြီး ဝန်ပိနေခဲ့သည်။
ဤသည်ကို တွေးမိသောအခါ ရှဲ့ချင်စုန့်ရင်ထဲတွင် ရှဲ့စီလင်းအပေါ် မကျေနပ်မှုအချို့ ဖြစ်ပေါ်လာသည်။
‘လက်ကောက်က ပိုင်ရှင်ကို အသိအမှတ်ပြုတဲ့အထိ ငြိမ်ငြိမ်လေးနေပြီး မိသားစုတစ်ခုလုံး ဟောင်ကောင်ကို ထွက်ပြေးပြီးမှ ပြဿနာရှာလို့မရဘူးလား'
“ရှဲ့စီလင်းက ငါ့ယောက်ျားနဲ့ ဖောက်ပြန်နေတာ၊ ဒီမှာ ဓာတ်ပုံတွေတောင်ရှိတယ်၊ အားလုံးပဲ လာကြည့်ကြပါဦး၊ ဒီမှာ အရှက်မရှိတဲ့ဖာသည်မ ရှဲ့စီလင်း၊ သူက ငါ့ယောက်ျားနဲ့ ဖောက်ပြန်ရုံတင်မကဘူး၊ ငါ့ခဲအိုနဲ့ပါ ဖောက်ပြန်သေးတာ၊ ဘုရားစူးမယ့် ပုပ်အက်နေတဲ့အသားတုံးကြီးပဲ”
လျူချိုက်လင်းက ရှဲ့လီပေးထားသော ဓာတ်ပုံများကိုထုတ်ကာ လေထဲသို့ ပက်ကြဲလိုက်တော့သည်။
“ဟေး မလုပ်ပါနဲ့ မလုပ်ပါနဲ့ ဟေး”
ရှဲ့ချင်စုန့်က ကျားတစ်ကောင်ခုန်အုပ်သကဲ့သို့ ရှေ့သို့တိုးထွက်သွားသော်လည်း မျက်နှာနှင့် ကြမ်းပြင်မိတ်ဆက်မိသွားကာ ဘိုင်းခနဲလဲကျသွားတော့၏။
ဘေးပတ်လည်ရှိ အိမ်နီးနားချင်းများက ကြမ်းပြင်ပေါ်မှ ဓာတ်ပုံများကို အမြန်ကောက်ယူလိုက်ကြသည်။
“အမေရေ အဘွားရေ ငါ့ဦးနှောက်တွေတောင် လည်ထွက်သွားပြီ၊ ဒါက လုံးဝကိုအရှက်မဲ့တာပဲ”
“ဒီကောင်မလေးက အရမ်းဆာနေခဲ့တာပဲဖြစ်မယ်”
လူတစ်စုက ဓာတ်ပုံများကို လက်ညှိုးထိုးကာ အတင်းအဖျင်းများ စတင်ပြောဆိုကြတော့သည်။
ရှဲ့ချင်စုန့်ခေါင်းတစ်ခုလုံး ထုံကျဉ်သွားပြီး ထိုနေရာတွင်ပင် သေလုမတတ်ဖြစ်သွားရ၏။ ဤသည်ကိုမြင်သောအခါ ရှဲ့လီက သူမလက်ထဲရှိ ဖရဲစေ့များကို လွှင့်ပစ်ကာ ရှဲ့စီလင်းအခန်းဆီသို့ ပြေးသွားလိုက်သည်။
အခန်းထဲတွင် ဝူဖုန်းရောင်ကကြက်ပေါင်းရည်ပန်းကန်ကိုကိုင်ကာ ရှဲ့စီလင်းအား ဇွန်းဖြင့် တစ်ဇွန်းချင်းခွံ့ကျွေးနေသည်။
“ခန္ဓာကိုယ်အတွက် အာဟာရဖြစ်အောင် အများကြီးစားနော်၊ သမီး ဒီလိုဖြစ်နေတာကိုကြည့်ပြီး အမေ့ရင်တွေ ကွဲရပါတယ်ကွယ်”
သူမ ခေါင်းလှည့်လိုက်ရာ ရှဲ့လီအတင်းဝင်လာသည်ကို မြင်လိုက်ရ၏။ သူမမျက်နှာမှာ ချက်ချင်းပြောင်းလဲသွားပြီး မျက်ဝန်းများထဲတွင် ဖုံးကွယ်မထားနိုင်သော ရွံရှာမှုများပြည့်နှက်သွားသည်။
“တံခါးခေါက်ရမယ်ဆိုတာ နင်မသိဘူးလား၊ အကျင့်စာရိတ္တမရှိဘူးလား၊ တောမှာ နင့်ကို ဘယ်သူမှ မသင်ပေးလိုက်ဘူးလား၊ နောက်တစ်ခါကျရင်…”
“ဘုရားရေ အခုချိန်ထိ ဘာတွေများရစ်နေချင်သေးတာလဲ၊ ချီယွဲ့ဟွာတူနှစ်ယောက်ရဲ့မိန်းမတွေ အိမ်ပေါက်ဝကို ရောက်လာပြီ၊ သူတို့က စီလင်းကို သေအောင်ရိုက်ဖို့ သွေးဆူနေကြတယ်”
ပြဇာတ်ကြည့်ရသည်ကို သဘောကျပြီး ကိစ္စများပိုကြီးသွားမည်ကို နည်းနည်းလေးပင် ဂရုမစိုက်သော ရှဲ့လီက ရန်တိုက်ပေးရန် ရောက်လာခြင်းဖြစ်သည်။
ခုတင်ပေါ်တွင် အားနည်းချည့်နဲ့စွာ လှဲနေသော ရှဲ့စီလင်းမှာ ချက်ချင်းပင် အားပြည့်လာတော့သည်။ သူမက ခုတင်ပေါ်မှ ခုန်ဆင်းလိုက်၏။
“ဖာသည်မတွေ အဲဒီငတုံးနှစ်ကောင်က အမှားလုပ်ခဲ့တာ အသိသာကြီးကို သူတို့က ငါ့ဆီလာပြီး ပြဿနာရှာရဲသေးတယ်ပေါ့၊ ဘာတဲ့ အဲဒီနှစ်ယောက်ကို လွှတ်ပေးရမယ် ဟုတ်လား၊ ငါပြောလိုက်မယ် လုံးဝမဖြစ်နိုင်ဘူး”
စကားပြောရင်း သူမကအပြင်သို့ပြေးထွက်သွားရာ ဝူဖုန်းရောင်လည်း ကြက်ပေါင်းရည်ပန်းကန်ကို အမြန်ချကာ သူမနောက်သို့ လိုက်သွားတော့သည်။
အခြားတစ်ဖက်တွင် ရှဲ့ချင်စုန့်မှာ အစွမ်းကုန်ဖျောင်းဖျနေရသည်။ လျူချိုက်လင်းနှင့် သူမညီမဖြစ်သူတို့ကို မအော်ဟစ်စေရန် သူထိန်းချုပ်နိုင်ခဲ့ပြီး အားလုံးက နားလည်မှုလွဲခြင်းသာဖြစ်ကြောင်း ရှင်းပြရန်ပြင်လိုက်စဉ် ရှဲ့စီလင်းက ခြေဗလာဖြင့် အပြေးအလွှားရောက်လာလေ၏။ သူမအနောက်တွင် မျက်နှာပျက်နေသော ဝူဖုန်းရောင်နှင့် ပြုံးစိစိလုပ်နေသော ရှဲ့လီတို့ကပ်ပါလာကြသည်။
*ဖြန်း ဖြန်း*
ရှဲ့စီလင်းက ရှေ့သို့တိုးကာ ညီအစ်မနှစ်ဦးကို ပါးတစ်ချက်စီ ရိုက်လိုက်ပြီး လက်ညှိုးထိုးကာ ဆဲဆိုတော့သည်
“တောသူမတွေ နင်တို့က ငါ့အိမ်ကိုလာပြီး ပြဿနာရှာရဲတယ်ပေါ့လေ၊ နင်တို့ယောက်ျားတွေကို ရဲစခန်းပို့လိုက်တာက ငါဆိုတာ နင်တို့သိလား၊ နောက်တစ်ခါ ငါ့အိမ်လာပြီး ပြဿနာရှာရဲရင် နင်တို့ကို ငါသတ်ပစ်မယ်”
သူမက ဤဒေါသများကို မြိုသိပ်ထားရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ယနေ့ ဒေါသကို ထွက်ပေါက်ပေးလိုက်ရသဖြင့် နောက်ဆုံးတွင် အနည်းငယ်နေလို့ထိုင်လို့ကောင်းသွားသလို ခံစားလိုက်ရ၏။
ရှဲ့ချင်စုန့်မှာမူ အလွန်အမင်းစိုးရိမ်ပူပန်သွားသဖြင့် သူ့ပေါင်သူရိုက်လိုက်မိသည်။ ဤပြဿနာရှာတတ်လွန်းသော ရှဲ့စီလင်းကို လည်ပင်းညှစ်သတ်ပစ်ချင်စိတ်များပင် ပေါက်လာ၏။
ဤတစ်ကြိမ်တွင် ‘ရှဲ့လီက မဆိုးပါဘူး’ဟု သူ တွေးလိုက်မိသည်။ အနည်းဆုံးတော့ သူမကစကားနားထောင်သေးသည်။
“ချိုက်ဟွာ သူ့ကို သေအောင်ရိုက်စမ်း၊ ဒီအရှက်မရှိတဲ့ကောင်မကို”
လျူချိုက်လင်းမှာ လုံးဝကိုရူးသွပ်သွားတော့သည်။
‘ညီအစ်မတွေ စိတ်တူကိုယ်တူရှိရင် သံမဏိကိုတောင် ဖြတ်တောက်နိုင်တဲ့ ခွန်အားတွေ ထွက်လာတယ်’ဆိုသည့် စကားအတိုင်းပင်။
ညီအစ်မနှစ်ဦးက သူတို့ဖိနပ်များကို ချွတ်ကာ ရှဲ့စီလင်းကိုကြမ်းပြင်ပေါ်သို့ ဖိချလိုက်ပြီး သူမမျက်နှာကို တစ်လှည့်စီရိုက်ကြတော့သည်။
“အိုး ဒုက္ခပါပဲ ကျွန်မညီမကို မရိုက်ကြပါနဲ့”
ရှဲ့လီက အပြေးအလွှားသွားရောက်ကူညီရန်ပြင်နေသော ဝူဖုန်းရောင်ကို အတင်းဖိချုပ်ထားလိုက်၏။
“ငါ့ညီမကို မရိုက်ကြပါနဲ့”
ညီအစ်မနှစ်ဦးကလည်း ရှဲ့လီသည် တမင်တကာဘက်လိုက်ပြီး တားဆီးနေခြင်းဖြစ်ကြောင်း သိရှိသွားသဖြင့် အလိုက်သင့် ပူးပေါင်းဆဲဆိုလိုက်သည်။
“ထွက်သွားစမ်း၊ မဟုတ်ရင် နင့်ကိုပါရိုက်ပစ်မယ်”
ရှဲ့စီလင်းမှာ သူမအသိစိတ်များ ဝေဝါးသွားသည်အထိ အရိုက်ခံလိုက်ရသည်။ သူမမျက်လုံးရှေ့တွင် အဖြူရောင် အလင်းတန်းများ ဖြတ်ပြေးသွားသည်ကိုသာခံစားရပြီး မိန်းမောနေချိန်တွင် သူမအဘေးက လက်ယပ်ခေါ်နေသည်ကိုပင် မြင်ယောင်သွားလေ၏။
ဒေါသထွက်ပေါက်ပေးပြီးနောက် ညီအစ်မနှစ်ဦးမှာ လှည့်ထွက်သွားကြသည်။
ရှဲ့ချင်စုန်ကမူ စိတ်ပျက်လက်ပျက်ဖြင့် ကြမ်းပြင်ပေါ်တွင်ထိုင်ကာ တွေဝေငေးမောနေသည်။ ရှဲ့မိသားစု၏ဂုဏ်သိက္ခာမှာ လုံးလုံးလျားလျားပျက်စီးသွားချေပြီ။
ယခုအခါ သူ အိပ်ပင်မအိပ်ရဲတော့ချေ။ အကယ်၍ အိပ်ပျော်သွားပါက အဘိုးရှဲ့က သူ့အိပ်မက်ထဲသို့ဝင်လာပြီး သူ့အား ခေါ်ဆောင်သွားမည်ကို ကြောက်ရွံ့နေမိသည်။
သူကိုယ်တိုင်လည်း ပြိုလဲလုမတတ် ဖြစ်နေပြီဖြစ်သည်။ ‘ကိစ္စတွေက ဘယ်လိုလုပ် ဒီလိုအခြေအနေထိ ရောက်သွားရတာလဲ'
အသက်ရှူသွင်းခြင်းထက် ရှူထုတ်ခြင်းကပိုများနေသော ကြမ်းပြင်ပေါ်ရှိ ရှဲ့စီလင်းကို သူကြည့်လိုက်၏။
‘သွေးသားရင်းက သွေးသားရင်းပါပဲ’ ဆိုသည့် သူ့ဖခင်စကားတစ်ခွန်း မှန်ကန်ကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။
‘အနည်းဆုံးတော့ သူ့မှာ ရှဲ့မိသားစုရဲ့ သွေးတွေ စီးဆင်းနေတယ်လေ၊ ဆယ့်ရှစ်နှစ်တိုင်တိုင် ပျောက်ဆုံးနေခဲ့ရင်တောင် သူက ငါ့ရဲ့သွေးသားရင်း၊ ငါ့ကလေးပဲ’
မကြာသေးမီက ရှဲ့စီလင်းရူးသွားပြီဟု သူ ခံစားလိုက်ရ၏။
“အိမ်ပြန်မယ်”
ကြည့်ရှုနေသူများက ရှဲ့စီလင်း၏ဓာတ်ပုံများအား အာရုံစိုက်နေကြသည်ကိုပင် သူ ဂရုမစိုက်နိုင်တော့ချေ။ တုန်ယင်စွာ မတ်တတ်ရပ်လိုက်ပြီး ခက်ခက်ခဲခဲအားပြုကာ တစ်လှမ်းခြင်းလှမ်းကာ ဝင်သွားတော့သည်။
*ဟီးဟီး*
ရှဲ့လီက ရင်ထဲမှနေ၍ လှောင်ပြုံးပြုံးလိုက်သည်။
‘ဒီအဘိုးကြီး ခံနိုင်ရည်မရှိတော့ဘူးလား၊ ဒါက အစပဲရှိသေးတာကို'