အခန်း ၂၇
Vol. 3 Ch. 27
Ch-27
နောက်နေ့မနက်စောစောတွင် ရှဲ့လီက လျူချိုက်လင်း၊ လျူချိုက်ဟွာတို့ ညီအစ်မနှစ်ဦးနှင့် ပြန်လည်တွေ့ဆုံခဲ့သည်။
“အစ်မကြီး၊ ကျွန်မတို့ အစ်မကြီးပြောတဲ့အတိုင်း လုပ်ခဲ့ပါတယ်၊ ဓာတ်ပုံတွေလည်း ဖြန့်လိုက်ပြီး သူတို့ကိုလည်း ရိုက်ခဲ့တယ်၊ အစ်မကြီးက ကျွန်မတို့ယောက်ျားတွေနဲ့တွေ့ရအောင် နည်းလမ်းရှာပေးနိုင်တယ်လို့ အရင်ကပြောခဲ့တယ်လေ”
လျူချိုက်လင်းမှာ စိုးရိမ်ပူပန်နေပုံရသည်။ သူမရော လျူချိုက်ဟွာပါ တစ်ညလုံး မျက်လုံးပင် မမှိတ်နိုင်ခဲ့ကြချေ။
သူတို့ခင်ပွန်းများက ယုတ်မာသော အလုပ်တစ်ခုကိုလုပ်ခဲ့ကြောင်း သိနေသော်လည်း သူတို့အတွက် စိုးရိမ်နေဆဲဖြစ်သည်။ သူတို့က ဝမ်တ၊ ဝမ်အာတို့နှင့် နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့သော ရိုးသားသည့်တောသူမလေးများမျှသာပင်။ ထို့အပြင် ညီအစ်ကိုနှစ်ဦးမှာ ပုံမှန်အားဖြင့် သူတို့အပေါ်အလွန်ကောင်းမွန်ကြသည်။
သူတို့က ဝမ်တနှင့် ဝမ်အာတို့ကို ဤအကျပ်အတည်းမှ လွတ်မြောက်အောင် ကူညီပေးချင်ဆဲဖြစ်ပြီး နောင်တွင်ဘဝကို ကောင်းမွန်စွာဖြတ်သန်းချင်ကြသည်။ သူတို့ကလေးများကို အဖေမဲ့ကလေးများ မဖြစ်စေချင်ကြချေ။
ရှဲ့လီက သူတို့အတွေးများကို သဘောမတူသော်လည်း နားလည်ပေးနိုင်သည်။ လူတိုင်းတွင် ကိုယ်ပိုင်ရွေးချယ်မှုများ၊ ကိုယ်ပိုင် ရှင်သန်နည်းများ ရှိကြသည်မဟုတ်လော။
“ကောင်းပြီလေ၊ ကျွန်မ အခု အစ်မတို့ကို အဲဒီကိုခေါ်သွားပေးမယ်”
ရှဲ့လီက ပြီးခဲ့သောအကြိမ်၌ သူမကို ကူညီပေးခဲ့သော အသက်ကြီးကြီးရဲအရာရှိကိုရှာပြီး သူ့လက်ထဲသို့ ယွမ်တစ်ဆယ်တန် ငွေစက္ကူတစ်ထပ်ကို ထိုးထည့်လိုက်သည်။
“ကျေးဇူးပြုပြီး ကူညီပေးပါဦးရှင်”
အသက်ကြီးကြီးရဲအရာရှိက ရှဲ့လီကို ကြည့်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။
“ရတာပေါ့ ရတာပေါ့ ရတာပေါ့”
တကယ်တော့ ပြီးခဲ့သောအကြိမ်၌ ပြေလည်သွားကြပြီးနောက် ဝမ်တနှင့် ဝမ်အာတို့ကို ရက်အနည်းငယ်အတွင်း ပြန်လွှတ်ပေးရမည်ဖြစ်သည်။ သို့သော် ဖေ့မိသားစုမှာ ယခုအချိန်တွင် ဖရိုဖရဲဖြစ်နေပြီး သူတို့ကိုယ်ပိုင်ကိစ္စများကိုပင် မဖြေရှင်းနိုင်ကြချေ။
ချီယွဲ့ဟွာမှာလည်း ရှင်းလင်းရမည့် ပြဿနာများ များပြားနေသဖြင့် ညီအစ်ကိုနှစ်ဦးအတွက် အချိန်မပေးနိုင်ဘဲ သူတို့ကိုထောင်အတွင်းထဲတွင် အလွန်အမင်း ကြောက်ရွံ့နေစေခဲ့သည်။
ရှဲ့လီက အသက်ကြီးကြီးရဲအရာရှိထံသို့ ကြိုတင်သတင်းပို့ထားပြီးဖြစ်ရာ လျူချိုက်လင်းနှင့် လျူချိုက်ဟွာတို့ကို ဝမ်တနှင့် ဝမ်အာတို့ထံ သွားတွေ့စေရန် ပြဇာတ်တစ်ပုဒ် ကပြလိုက်သည်။
သူတို့တစ်စု မျက်ရည်များကြားတွင် တွေ့ဆုံခဲ့ကြ၏။ ထိုနှစ်ယောက်က ရှဲ့လီကိုမြင်ပြီး သူမက သူတို့ဇနီးများကို ခေါ်လာပေးသူဖြစ်ကြောင်းသိလိုက်ရသောအခါ နောင်တတရားများဖြင့် ပြည့်နှက်သွားကြတော့သည်။
“ငါက တကယ့်တိရစ္ဆာန်ပဲ”
ဝမ်တက သူ့မျက်နှာကိုသူပြင်းထန်စွာ အကြိမ်ကြိမ်ရိုက်ချလိုက်သည်။
ညီအစ်ကိုနှစ်ဦးမှာ သူတို့အပေါ် ရှဲ့လီ၏အကြံစည်များအတွက် ဂရုမစိုက်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က အရင်စပြီး မကောင်းသောရည်ရွယ်ချက်များ ရှိခဲ့သည်ပင်။
သူတို့ အပြစ်မကင်းသလို ခံစားနေရသည်။ သူတို့ အကျပ်အတည်းကြုံနေချိန်တွင် သူတို့ကို ဤကိစ္စလုပ်ရန်ခိုင်းစေခဲ့သော အဒေါ်ဖြစ်သူမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ထိုအစား သူတို့ ဒုက္ခပေးရန်ကြိုးစားခဲ့သော ရှဲ့လီက ကူညီရန်လက်ကမ်းပေးခဲ့သည်။
“ငါမှားမှန်း ငါသိပါတယ်၊ တစ်သက်လုံး ထောင်ချခံရဖို့ ထိုက်တန်ပါတယ်”
ညီအစ်ကိုနှစ်ဦးမှာ သူတို့အတိတ်ကလုပ်ရပ်များအတွက် အလွန်အမင်း နောင်တရနေကြ၏။
“ကလေးတွေကို သေချာဂရုစိုက်ပါ၊ ငါတို့ မိဘတွေကလည်း မရှိတော့ပါဘူး၊ ကလေးတွေကို ခေါ်သွားပြီး နောက်အိမ်ထောင်ပြုကြပါ၊ ငါတို့ကိုမစောင့်ကြပါနဲ့တော့”
ထိုစကားကြောင့် လေးယောက်သား တစ်ယောက်ကိုတစ်ယောက်ဖက်ကာ ထပ်မံငိုကြွေးကြပြန်သည်။
“နောက်ထပ် ရက်အနည်းငယ်နေရင် ရှင်တို့ ထွက်သွားလို့ရပြီ၊ ကျွန်မပြေငြိမ်းရေးစာချုပ်လက်မှတ်ထိုးပြီးပြီမို့လို့ စွဲချက်တွေရုပ်သိမ်းလိုက်ပါပြီ”
ရှဲ့လီက တည်ငြိမ်စွာပြောလိုက်သည်။
ဝမ်တနှင့် ဝမ်အာတို့မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နောက် ဗိုင်းခနဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး အကြိမ်ကြိမ်ဦးညွှတ်ကြတော့၏။
“ကျွန်တော်တို့ အစ်မကြီးအပေါ် အပြစ်လုပ်ခဲ့မိတယ်၊ တကယ်ကို အပြစ်လုပ်ခဲ့မိတာပါ၊ အခုကစပြီး အစ်မကြီးအတွက် တိရစ္ဆာန်တစ်ကောင်လို လုပ်ကျွေးပြုစုပါ့မယ်၊ အစ်မကြီးက ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ပါ၊ ဝမ်မိသားစုရဲ့ ကျေးဇူးရှင်ပါပဲ”
ရှဲ့လီနှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ သူမက သူတို့အတွက် ပြေငြိမ်းရေးလက်မှတ်ထိုးပေးခဲ့ခြင်း မဟုတ်ချေ။ ဖေ့ရှူချန်နှင့် ရှဲ့စီလင်းတို့ကို ပြန်လွှတ်ပေးပြီး သူမက ဆက်လက်နှိပ်စက်နိုင်ရန်အတွက် ထိုသို့လုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤကျေးဇူးတရားကိုယူရသည်မှာ သူမအတွက် ပျော်စရာပင်။
သုံးရက်အကြာတွင် ဝမ်တနှင့် ဝမ်အာတို့ လွတ်မြောက်လာခဲ့သည်။ လွတ်မြောက်လာပြီးနောက် ပထမဆုံးလုပ်သည့်အရာမှာ ဖေ့မိသားစုအိမ်သို့ သွားကာ ချီယွဲ့ဟွာကိုရှာခြင်းပင်။
ဝမ်အာက အနည်းငယ် စိုးရိမ်နေသည်။
“အစ်ကို၊ အခြေအနေတွေက ကျေးဇူးရှင်ပြောတဲ့အတိုင်း မဖြစ်လာရင် ဘယ်လိုလုပ်မလဲ”
ညီအစ်ကိုနှစ်ဦးမှာ ယခုအခါ ရှဲ့လီကို သူတို့ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားကြပြီဖြစ်သည်။
“မဖြစ်ပါဘူး၊ ငါ ကျေးဇူးရှင်ကိုယုံတယ်”
ဝမ်တက ပြတ်ပြတ်သားသားပြောလိုက်၏။ ဖေ့မိသားစုမှာ ယခုရက်ပိုင်းအတွင်း သူတို့ပိုင်ဆိုင်မှုများကို လွှဲပြောင်းရန် အလုပ်များနေကြသည်။
တော်လှန်ရေးကော်မတီကလည်း အနီးကပ်စောင့်ကြည့်နေသည်။ တလောက သူတို့ပစ္စည်းများကို ဆိပ်ကမ်းသို့ လျှို့ဝှက်ရွှေ့ပြောင်းနေစဉ် လက်မောင်းနီပတ်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရလုနီးပါးဖြစ်ခဲ့သေး၏။
ဖေ့ကျန်းမင်က သူ့ရည်းစားဟောင်းဖြစ်သော ယန်ဝမ်ယင်းကိုပါ ဟောင်ကောင်သို့ ခေါ်သွားချင်နေသည်။ ဤသည်မှာ ချီယွဲ့ဟွာအတွက် တကယ့်ကိုမတရားမှုပင်ဖြစ်ပြီး သူ ထုတ်မပြောရဲချေ။
ဝမ်တနှင့် ဝမ်အာတို့ရောက်သွားချိန်တွင် ချီယွဲ့ဟွာမှာ အိမ်ထဲတွင် ဖေ့ရှူချန်ကို ဖျောင်းဖျနေသည်။
“သား၊ တောင်တန်းစိမ်းတွေရှိနေသရွေ့ ထင်းအတွက် စိတ်ပူစရာမလိုပါဘူး၊ ရှဲ့လီကိုသတ်ဖို့ စဉ်းစားနေတာကို လောလောဆယ် ရပ်ထားလိုက်ပါဦး၊ အမေလည်း သူ့ကိုမုန်းပြီး သေစေချင်တာပါပဲ၊ ဒါပေမဲ့ အခုချိန်မှာ ငါတို့ ဟောင်ကောင်ကိုထွက်ပြေးဖို့က ပိုအရေးကြီးတယ်၊ အခြေအနေတွေ ဘယ်လောက် တင်းမာနေလဲဆိုတာ သားကြည့်ပါဦး”
ဖေ့ရှူချန်၏မျက်နှာအမူအရာမှာ အေးစက်မှိုင်းညို့နေသည်။ သူက အနည်းငယ်စိတ်မတည်မငြိမ်ဖြစ်နေပြီး ရှဲ့လီက အရာအားလုံး၏အဓိကအကြောင်းရင်းဖြစ်သည်ဟု အခိုင်အမာ ယုံကြည်နေ၏။
“အမေ၊ ဝမ်တနဲ့ ဝမ်အာ့ဆိုတဲ့ အသုံးမကျတဲ့ကောင်နှစ်ကောင် ဘယ်ရောက်နေလဲ၊ ဒီလောက်ကိစ္စလေးကိုတောင် သူတို့က ဘယ်လိုလုပ် အမှားလုပ်ရတာလဲ”
ချီယွဲ့ဟွာက သက်ပြင်းချလိုက်သည်။
“လောလောဆယ် သူတို့ကိုဂရုမစိုက်ပါနဲ့ဦး၊ သား ဒီရက်ပိုင်းမှာ သားကိုယ်သား သေချာထိန်းချုပ်ရမယ်၊ ပြဿနာထပ်မရှာနဲ့တော့၊ ရှဲ့လီကိုကိုင်တွယ်ဖို့ အမေ နည်းလမ်းရှာပါ့မယ်၊ ငါတို့မထွက်သွားခင် အဲဒီမိန်းမယုတ်လေးကို သေချာပေါက်ရှင်းပစ်ခဲ့မှာပါ”
တံခါးအပြင်ဘက်တွင် ဝမ်တနှင့် ဝမ်အာ့တို့က အေးစက်စက်ဖြင့်နှာခေါင်းရှုံ့လိုက်ပြီး တံခါးခေါက်ရန် လက်မြှောက်လိုက်ကြသည်။
သူမတူဝမ်းကွဲနှစ်ဦး လွတ်လာသည်ကို မြင်သောအခါ ချီယွဲ့ဟွာက သက်ပြင်းတစ်ချက်ချလိုက်၏။
“နင်တို့ ပြန်လာပြီလား အချိန်ကိုက်ပဲ၊ ဒီရက်ပိုင်း အိမ်မှာအလုပ်လုပ်စရာရှိတယ်၊ နင်တို့မိန်းမတွေကိုပါ ခေါ်ခဲ့လိုက်၊ ညဘက် ပစ္စည်းတွေရွှေ့ဖို့ ဆိပ်ကမ်းကို လိုက်ခဲ့ကြ၊ နင်တို့ကို ကျေးဇူး ကောင်းကောင်းပြန်ဆပ်ပါ့မယ်”
ဝမ်တက မျက်လွှာချလိုက်လေသည်။
‘ကျေးဇူးရှင် ပြောခဲ့တဲ့အတိုင်း အတိအကျပဲ'
‘ဖေ့မိသားစုက ပိုင်ဆိုင်မှုတွေလွှဲပြောင်းဖို့ အလုပ်များနေပြီး ဟောင်ကောင်ကို ထွက်ပြေးဖို့ ပြင်ဆင်နေတာပဲ'
ဝမ်တက အံကြိတ်လိုက်မိသည်။
‘ချီယွဲ့ဟွာက အရမ်းကိုလွယ်ကူတဲ့ပုံစံနဲ့ ပစ္စည်းရွှေ့ဖို့ ကူညီပေးရုံပဲလို့တောင် ပြောနေသေးတယ်၊ ရှဲ့လီသာ အန္တရာယ်တွေကို ကြိုတင်မရှင်းပြခဲ့ရင် ငါတို့က ချီယွဲ့ဟွာရဲ့ ချောက်ချတာကိုခံရပြီး သူမအတွက် ပိုက်ဆံတောင်ကူရေပေးနေမိဦးမှာပဲ'
‘ငါတို့ကက ငါတို့မိန်းမတွေကိုပါခေါ်လာပြီး ပိုင်ဆိုင်မှုတွေလွှဲပြောင်းဖို့ ကူညီပေးရမယ် ဟုတ်လား၊ ဖေ့မိသားစု ဟောင်ကောင်ကို ထွက်ပြေးသွားတာနဲ့ ငါတို့ ညီအစ်ကိုနှစ်ယောက်နဲ့ ဇနီးသည်တွေက ဒုက္ခခံရမယ့်သူတွေအဖြစ် မကျန်ခဲ့ဘူးလား'
'တကယ်လို့ တော်လှန်ရေးကော်မတီနဲ့ ဆယ့်သုံးခုမြောက်ရုံးက လက်မောင်းနီပတ်အဖွဲ့တွေက ဖေ့မိသားစုကို မဖမ်းမိဘဲ ငါတို့ကပိုက်ဆံတွေလွှဲပြောင်းရာမှာ ကူညီပေးခဲ့တယ်ဆိုတာကို သိသွားရင် ငါတို့ကပဲ ပြဿနာတက်မှာပေါ့'
‘ချီယွဲ့ဟွာက တကယ်ကိုအဆိပ်ပြင်းတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတာပဲ၊ ငါတို့ကို ဆွဲသွင်းတာကဆိုးနေပြီဆိုပေမဲ့ ငါတို့ရဲ့ ဇနီးသည်တွေကိုပါ ပါဝင်ပတ်သက်စေချင်သေးတယ်ပေါ့'
ဝမ်အာ့က လက်သီးများတင်းတင်းဆုပ်လိုက်သည်။ ဝမ်တက သူ့ကိုတားရန် လက်ဆန့်တန်းလိုက်ပြီး ဒေါသကိုမြိုသိပ်ကာ ခေါင်းညိတ်၍ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့ပါ အဒေါ်၊ ကျွန်တော်တို့ အခု ချိုက်လင်းနဲ့ ချိုက်ဟွာကို သွားခေါ်လိုက်ပါ့မယ်”
ချီယွဲ့ဟွာမှာ ဖေ့ရှူချန်ကိုနှစ်သိမ့်ရန် အလုပ်များနေသဖြင့် ညီအစ်ကိုနှစ်ဦး၏ပုံမှန်မဟုတ်သော အခြေအနေကို သတိမထားမိချေ။ သူမက ယွမ်တစ်ဆယ်တန်ငွေစက္ကူတစ်ရွက်ကို ထုတ်ကာ သူတို့ကို လွှတ်လိုက်သည်။
“ဒီရက်ပိုင်း အထဲမှာ နင်တို့ဒုက္ခရောက်ခဲ့ရတယ်၊ ဒီပိုက်ဆံယူပြီး ခန္ဓာကိုယ်အတွက် အာဟာရဖြစ်အောင် အစားအသောက်တစ်ခုခု သွားဝယ်စားကြ”
ထိုသို့နှင့် ညီအစ်ကိုနှစ်ဦးထွက်သွားကြလေ၏။
ထိုညတွင် ဝမ်တနှင့် ဝမ်အာတို့က သူတို့ဇနီးများကို ဖေ့မိသားစုအိမ်သို့ ခေါ်လာကြသည်။
ပစ္စည်းရွှေ့ရာတွင် ကူညီပေးရန် လူယုံရလာပြီဖြစ်ရာ ဖေ့ကျန်းမင်နှင့် ချီယွဲ့ဟွာတို့မှာ သက်သာရာရသွားကြသည်။ ယခင်က ငှားရမ်းထားသော အပြင်လူများကို ငွေပေးချေကာ အလုပ်ဖြုတ်ပြီး မြို့ပြင်သို့ပို့ဆောင်ရန် တစ်ညလုံး အချိန်ယူခဲ့ရ၏။
“မင်းတို့လေးယောက် ငါပြောတဲ့အတိုင်းလုပ်ကြ၊ အဲဒီသေတ္တာတွေအကုန်လုံး ဆိပ်ကမ်းကိုရွှေ့လိုက်၊ ဒီနေ့ ကြိုးကြိုးစားစားလုပ်ပြီး တတ်နိုင်သလောက် အများကြီးရွှေ့ကြ”
ဖေ့ကျန်းမင်မှာ ဤရက်ပိုင်းအတွင်း အလွန်အမင်း မောပန်းနွမ်းနယ်နေသည်။
သူ မျက်နှာပြမရချေ။ လက်မောင်းနီပတ်အဖွဲ့သာ သူ့ကိုမြင်သွားပါက သူ့ဘ၀ပြီးဆုံးသွားမည်ဖြစ်သည်။
သင်္ဘောက သန်ဘက်ခါ ထွက်ခွာမည်ဖြစ်သည်။ သူတို့တွင် ပစ္စည်းများရွှေ့ရန် ယနေ့ညနှင့် မနက်ဖြန်ည နှစ်ရက်သာ အချိန်ရတော့သည်။
ကျန်ခဲ့သမျှအားလုံးကို စွန့်ပစ်ခဲ့ရတော့ပေမည်။
ဝမ်တနှင့် ဝမ်အာတို့က ခေါင်းညိတ်ပြပြီး လျူချိုက်လင်း၊ လျူချိုက်ဟွာတို့နှင့်အတူ စတင်အလုပ်လုပ်ကြတော့သည်။
ဖေ့ကျန်းမင်က ကျိဖန် စီ၃၀ကုန်တင်ကားတစ်စီးကိုရရှိအောင် စီစဉ်ထားနိုင်သည်။ အနည်းငယ်ထင်ရှားနေသော်လည်း ပစ္စည်းအများကြီးတင်နိုင်လေ၏။
ယနေ့ညတွင် ချီယွဲ့ဟွာကို အမှန်အတိုင်းဖွင့်ပြောရန် သူရည်ရွယ်ထားသည်။
ယန်ဝမ်ယင်းကို ဟောင်ကောင်သို့ခေါ်သွားချင်ကြောင်း သူမကိုပြောပြမည်ဖြစ်သည်။ နောင်တွင် ချီယွဲ့ဟွာအပေါ် နှစ်ဆ ပိုမိုကောင်းမွန်စွာ ဆက်ဆံမည်ဖြစ်ပြီး မိသားစု၏ဥစ္စာဓနများအားလုံးမှာလည်း ဖေ့ရှူချန်အတွက်သာ ဖြစ်သည်ဟု ပြောမည်ဖြစ်၏။
သူက ယန်ဝမ်ယင်းအပေါ် အကြွေးတင်နေသည်ဟု ခံစားနေရသည်။ ယခင်က သူမသည် သူ့ရန်သူများ၏ခြိမ်းခြောက်မှုကိုခံခဲ့ရပြီး အလွန်အမင်းထိတ်လန့်သွားကာ ကိုယ်ဝန်ပျက်ကျသွားခဲ့ရသည်။
ဆေးရုံသို့ရောက်ချိန်တွင် နောက်ကျသွားခဲ့ပြီဖြစ်ရာ သူမမှာ ထာဝရ သားသမီးမရနိုင်တော့သည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
အသက်လေးဆယ်ကျော်အရွယ် လူယုတ်မာကြီးသည် မိမိကိုယ်ကို ‘ပြင်းပြသောအချစ်ကို ပိုင်ဆိုင်သူ’ ဟူသော ပုံရိပ်တစ်ခု တည်ဆောက်ထားပြီး ယခုအခါ ဤကိစ္စကို သူ့တရားဝင်ဇနီးအား မည်သို့ပြောပြရမည်ကို စိုးရိမ်တကြီး တွေးတောနေ၏။
*ဘွန်း*
ကျိဖန် ကုန်တင်ကား၏ အင်ဂျင်သံကြီးက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ ကားကြီးဝေးကွာသွားသည်နှင့်အမျှ အသံက တဖြည်းဖြည်းတိတ်ဆိတ်သွား၏။
ဝမ်တနှင့် ဝမ်အာ့တိုက ကုန်တင်ကားပေါ်သို့ သေတ္တာများတင်ပြီးပြီးဖြစ်ကာ ဆိပ်ကမ်းဆီသို့ သွားနေကြပြီဖြစ်သည်။
“ကျေးဇူးရှင်၊ ပြီးရင် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ”
ကုန်တင်ကား၏ယာဉ်မောင်းခန်းအတွင်း၌ လူငါးဦးကြိတ်တိုး၍ စီးနင်းလိုက်ပါလာသည်။
ရှဲ့လီ၊ ဝမ်တ၊ ဝမ်အာနှင့် လျူညီအစ်မနှစ်ဦးတို့ဖြစ်သည်။
ရှဲ့လီ၏နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။
“ကျွန်မပြောတာ နားထောင်”
“အရင်ဆုံး ဒီလိုလုပ်၊ ပြီးရင် ဟိုလိုလုပ်....”