အခန်း ၂၈
Vol. 3 Ch. 28
Ch-28
ရှဲ့လီနှင့် သူမအဖွဲ့ ဆိပ်ကမ်းသို့ ရောက်ရှိလာကြသည်။
ဖေ့ကျန်းမင်က သင်္ဘောတစ်စင်းကို ငှားရမ်းထားပြီး ဖေ့မိသားစု၏ပိုင်ဆိုင်မှုများအားလုံးကို သင်္ဘောအောက်ခြေရှိ ကုန်တင်ခန်းထဲတွင် ထားထား၏။
ရှဲ့လီက ဝမ်တ၊ ဝမ်အာနှင့် လျူချိုက်လင်းတို့ညီအစ်မများကို ပြန်လွှတ်လိုက်သည်။ သူမကမူ လှည်းပေါ်ရှိသေတ္တာများအား အရင်စစ်ဆေးကြည့်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
ရွှေရောင်လင်းလက်နေသော စာလုံးလေးလုံးက သူမစိတ်အာရုံထဲတွင် ပေါ်လာသည်။ (တစ်ချက်နှိပ် ရွှေ့ပြောင်းခြင်း)
ရှဲ့လီက တစ်ချက်နှိပ်ရွှေ့ပြောင်းခြင်းကို နှိပ်လိုက်ရာ လှည်းပေါ်ရှိ သေတ္တာများအားလုံး သူမနေရာလွတ်ထဲသို့ ရောက်ရှိသွားတော့၏။
ထို့နောက် သူမက သင်္ဘောအောက်ခြေရှိ ကုန်တင်ခန်းထဲသို့ ဆင်းသွားပြီး အထဲရှိအရာအားလုံးကို ရှင်းလင်းပစ်လိုက်သည်။
ဖေ့မိသားစုက ရှဲ့မိသားစုနှင့်မယှဉ်နိုင်သော်လည်း သူတို့ထံတွင်ပစ္စည်းကောင်းများ အမှန်တကယ် များပြားလှသည်။
အရာအားလုံးကို သိမ်းဆည်းပြီးနောက် ရှဲ့လီက ရှဲ့မိသားစုအိမ်တော်သို့ တိတ်တဆိတ်ပြန်လာခဲ့သည်။
နောက်နေ့ မနက်စောစော ဆိပ်ကမ်း သင်္ဘောအခန်းအတွင်းတွင်
“အား….”
ဖေ့ကျန်းမင်ထံမှ ရှဉ့်တစ်ကောင် အော်ဟစ်သကဲ့သို့ စူးရှသောအသံကြီး ထွက်ပေါ်လာတော့သည်။
“ငါ့ပိုက်ဆံတွေ ဘယ်ရောက်သွားပြီလဲ၊ ငါ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ ဘယ်မှာလဲ၊ ဒါက ငါ့အသက်လေ”
သူက သင်္ဘောကုန်းပတ်ပေါ်သို့ ခွေယိုင်ကျသွားတော့၏။
မနေ့ညက ဝမ်တနှင့် ဝမ်အာတို့ထွက်သွားပြီးနောက် သူတို့ပြန်မလာကြတော့ချေ။ သူက စိုးရိမ်တကြီးစောင့်ဆိုင်းနေခဲ့ပြီး ယန်ဝမ်ယင်းကိစ္စကိုလည်း ချီယွဲ့ဟွာအား မပြောဖြစ်ခဲ့ပေ။ ဝမ်တနှင့် ဝမ်အာတို့ကို တော်လှန်ရေးကော်မတီက ဖမ်းသွားပြီလားဟုသာ စိုးရိမ်နေခဲ့ရသည်။
မိုးလင်းသည်နှင့်တစ်ပြိုင်နက် သူက ဆိပ်ကမ်းသို့ အပြေးအလွှားလာခဲ့သော်လည်း သင်္ဘောမှာအလွတ်ဖြစ်နေပြီး အရာအားလုံးပျောက်ဆုံးနေသည်ကိုသာ တွေ့လိုက်ရ၏။
‘ဘာတွေဖြစ်နေတာလဲ၊ ဝမ်တနဲ့ ဝမ်အာ့တို့ကို တော်လှန်ရေးကော်မတီက ဖမ်းသွားတာလား၊ ဒါမှမဟုတ် သူတို့ကပဲ ပစ္စည်းတွေယူပြီး ထွက်ပြေးသွားတာလား၊ ဒါပေမဲ့ ဒီလောက်များတဲ့ ပစ္စည်းတွေကို ညတွင်းချင်း သူတို့ဘယ်လိုလုပ် အကုန်ရှင်းလင်းသွားနိုင်မှာလဲ'
သူ လုံးဝခေါင်းရှုပ်သွားရသည်။
ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသော နှလုံးသားဖြင့် အိမ်သို့ ခက်ခက်ခဲခဲ ပြန်လာခဲ့၏။ တံခါးဝတွင် လက်ပတ်နီအဖွဲ့များမရှိသလို တော်လှန်ရေးကော်မတီနှင့် ဆယ့်သုံးခုမြောက်ရုံးမှလူများလည်း လာမနေကြချေ။ ဆိုလိုသည်မှာ ဝမ်တနှင့် ဝမ်အာ့တို့က ပစ္စည်းများကိုယူသွားခြင်းပင်။
ဖေ့ကျန်းမင် အိပ်ခန်းတံခါးဝသို့ရောက်သောအခါ အထဲမှလူများ စကားပြောနေသံကို ကြားလိုက်ရသည်။
“အဒေါ်၊ အဒေါ်ခိုင်းထားတဲ့အတိုင်း ကျွန်တော်တို့ အရာအားလုံးကိုစီစဉ်ပြီးပါပြီ၊ အဲဒီပိုင်ဆိုင်မှုတွေကိုလည်း သေချာနေရာချထားပြီးပါပြီ”
‘ဒါ ဝမ်တရဲ့အသံပဲ'
ဖေ့ကျန်းမင်ရင်ထဲတွင် ပြင်းထန်သော တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရသည်။
သူက ခြေဖျားထောက်ကာ အသာလေးသွားပြီး နားစွင့်နေလိုက်သည်။
“အင်း၊ ဒီပိုက်ဆံတွေက မင်းတို့နှစ်ယောက်အတွက်ပဲ၊ အခု မင်းတို့မိန်းမတွေ၊ ကလေးတွေကိုခေါ်ပြီး တခြားမြို့ကို သွားပုန်းနေကြ၊ လောလောဆယ် တောက အိမ်အဟောင်းကိုပြန်မသွားနဲ့ဦးနော် ကြားလား”
ချီယွဲ့ဟွာ၏ရည်ရွယ်ချက်မှာ သူတို့ကို သွားပုန်းနေစေချင်ခြင်းဖြစ်သည်။ အထူးသဖြင့် ဤကာလအတွင်း ဤနေရာတွင် မနေစေချင်ချေ။
အကယ်၍ ထိုခွေးမလေးယန်ဝမ်ယင်းက သူတို့ကိုမြင်သွားပြီး ဖေ့ကျန်းမင်ထံ သွားတိုင်လိုက်ပါက အခြေအနေများကို ရှင်းလင်းရန် နည်းလမ်းရှိမည်မဟုတ်ပေ။
ယခင်က သူမသည် ဤညီအစ်ကိုနှစ်ဦးကို ယန်ဝမ်ယင်းထံ စာပို့ရန် စေခိုင်းခဲ့သည်။ သူမက ထိုစာကို ကိုယ်တိုင်ရေးသားခဲ့ပြီး ဖေ့မိသားစု၏ရန်သူအဖြစ်ဟန်ဆောင်ခဲ့၏။
စာထဲတွင် ယန်ဝမ်ယင်းနှင့် ဖေ့ကျန်းမင်တို့၏ တရားမဝင်ဖောက်ပြန်မှုအကြောင်း ရေးသားထားပြီး သူမဗိုက်ထဲမှ ကလေးကို မဖျက်ချပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။
သို့သော် ဤညီအစ်ကိုနှစ်ဦးမှာ ဦးနှောက်မရှိသဖြင့် တိုက်ရိုက်သွားပေးလိုက်မည်ဟု မည်သူကထင်မည်နည်း။ ယန်ဝမ်ယင်းက သူတို့မျက်နှာများကို မြင်သွားခဲ့သည်။
ပို၍ မမျှော်လင့်ထားသည်မှာ ယန်ဝမ်ယင်းမှာ အလွန်ကြောက်တတ်သူဖြစ်သဖြင့် ထိတ်လန့်ပြီး ကိုယ်ဝန်ပျက်ကျသွားခဲ့ခြင်းပင်။
သူမ သတင်းရသည်နှင့်တစ်ပြိုင်နက် သူမရည်းစားဟောင်းကို အမြန်ဆက်သွယ်ခဲ့သည်။ ထိုရည်းစားဟောင်းမှာ ဆရာဝန်တစ်ဦးဖြစ်ပြီး ခွဲစိတ်မှုကို တမင်တကာ အချိန်ဆွဲထားခဲ့သဖြင့် ယန်ဝမ်ယင်းမှာ ထာဝရသားသမီးမရနိုင်တော့သည့် အခြေအနေသို့ရောက်သွားခဲ့ရသည်။
အကယ်၍ ဤကိစ္စကို ဖေ့ကျန်းမင်သာ သိသွားပါက သူမဘ၀ပြီးဆုံးသွားပေမည်။ ဤကဲ့သို့ အရေးကြီးသော အချိန်အခါတွင် သူမက မည်သည့်ရှုပ်ထွေးမှုကိုမျှ မလိုလားသဖြင့် ဝမ်တနှင့် ဝမ်အာ့တို့ကို အဝေးသို့ သွားပုန်းနေရန် ပြောလိုက်ခြင်းဖြစ်သည်။
ဝမ်တက ဝမ်အာ့လက်မောင်းကို တိုက်လိုက်ပြီး ညီအစ်ကိုနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြသည်။
သူတို့ အခန်းထဲသို့ဝင်လာစဉ်က တံခါးကို တမင်တကာ ဟဟလေးထားခဲ့ခြင်းဖြစ်၏။ ချီယွဲ့ဟွာအခန်းထဲရှိ အဝတ်ဗီရိုကြီးတွင် မှန်တစ်ချပ်တပ်ဆင်ထားပြီး ၎င်းက တံခါးဝကိုတည့်တည့်မတ်မတ် ရောင်ပြန်ဟပ်နေသည်။
ညီအစ်ကိုနှစ်ဦးက ဖေ့ကျန်းမင် တံခါးဝတွင်ပုန်းကွယ်ကာ ခိုးနားထောင်နေသည်ကိုမြင်လိုက်ရသဖြင့် ထိုစကားများကို တမင်တကာပြောလိုက်ခြင်းဖြစ်သည်။
‘ဒါတွေအကုန်လုံး ကျေးဇူးရှင်က ငါတို့ကို သင်ပေးထားတာလေ'
ဝမ်အာ့က ဝမ်တ၏အချက်ပြမှုကို လက်ခံရရှိပြီးနောက် ချီယွဲ့ဟွာကို သေချာလိမ်လည်ပြောလိုက်၏။
“အဒေါ်၊ အဲဒီပစ္စည်းတွေအကုန်လုံးကို အဒေါ် ဘယ်မှာဝှက်ထားတာလဲ၊ ကျွန်တော်တို့က အဒေါ်ခိုင်းတဲ့အတိုင်း ကုန်တင်ကားပေါ်တင်ဖို့ လူတွေရှာပေးရုံပဲ လုပ်ခဲ့တာပါ၊ အဒေါ် အဒေါ်က ဦးလေးနဲ့ အတူနေလာတာ နှစ်ပေါင်းများစွာရှိနေပြီ၊ သူကလည်း အဒေါ်အပေါ် အရမ်းကောင်းတာကို အခုလိုအချိန်မျိုးမှာ အဒေါ်က ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ”
ချီယွဲ့ဟွာ : “….”
‘ဘာပစ္စည်းတွေလဲ’
တံခါးဝရှိ ဖေ့ကျန်းမင်မှာ ပါးစပ်အုပ်ကာ အသည်းကွဲနေသူတစ်ယောက်ကဲ့သို့ ငိုကြွေးနေချေပြီ။
ပြီးခဲ့သောအကြိမ် ရှဲ့မိသားစုသို့ သွားခဲ့စဉ် ဝူဖုန်းရောင်က သူ့ကိုဖောက်ပြန်ခံရသူဟု ခေါ်ခဲ့သော်လည်း သူ မယုံကြည်ခဲ့ပေ။
ချီယွဲ့ဟွာက သူ့ကို လက်ထပ်ပြီးကတည်းက နှစ်ပေါင်းများစွာတိုင်အောင် နူးညံ့သိမ်မွေ့ကာ အိမ်ထောင်ရှင်မကောင်းပီသပြီး လိမ္မာရေးခြားရှိခဲ့သည်။ သူတို့ လက်ထပ်ပြီးကတည်းက ယခုအချိန်အထိ မျက်နှာပျက်စရာရန်ပွဲမျိုးတစ်ခါမျှပင် မရှိခဲ့ဖူးချေ။
‘ဒါပေမဲ့ အခု၊ သူက ဘာလို့ဒီလိုဖြစ်နေရတာလဲ'
‘ဒါတကယ်ပဲ လင်မယားဆိုတာ တောအုပ်တစ်ခုတည်းက ငှက်တွေလိုပါပဲ၊ ဒါပေမဲ့ ဘေးအန္တရာယ်ကြုံလာတဲ့အခါမှာတော့ ကိုယ့်လမ်းကိုယ် ခွဲပျံကြတာပဲဆိုတဲ့ စကားလိုဖြစ်နေပြီလား'
ရယ်စရာကောင်းသည်မှာ လွန်ခဲ့သော စက္ကန့်ပိုင်းအထိ သူ မျှော်လင့်ချက်လေးတစ်ခု ထားရှိခဲ့မိခြင်းပင်။
‘တကယ်ပါပဲ၊ သေချာကြိုတင်မစီစဉ်ထားဘူးဆိုရင် တစ်ညတည်းနဲ့ ဒီလောက်များတဲ့ ပစ္စည်းတွေကို ဘယ်လိုလုပ် အကုန်ရှင်းလင်းနိုင်မှာလဲ'
“အားဟားဟား အားဟားဟား အားဟားဟား”
ဖေ့ကျန်းမင်က အော်ဟစ်ရယ်မောတော့သည်။
‘ရယ်စရာကောင်းလိုက်တာ၊ ငါက တကယ့်ကို ဟာသတစ်ခုပဲ'
“ဟီးဟီး”
ဖေ့မိသားစုအဝတ်ဗီရိုထဲတွင် ကြိုတင်ပုန်းအောင်းနေကာ ဝမ်တနှင့် ဝမ်အာ့တို့၏ဖုံးကွယ်ပေးမှုကို ခံထားရသော ရှဲ့လီက ပါးစပ်အုပ်ကာ တခစ်ခစ် ရယ်မောလိုက်သည်။
ဖေ့မိသားစုက မူလပိုင်ရှင်ကို သုံးနှစ်လုံးလုံးအနိုင်ကျင့်ခဲ့၏။ ယခု အကြွေးပြန်ဆပ်ရမည့် အချိန်ရောက်ချေပြီ။
ရှဲ့လီက အဝတ်ဗီရိုတံခါးကြားမှတစ်ဆင့် ပြဇာတ်ကို ဆက်လက်ကြည့်ရှုနေလိုက်သည်။
ချီယွဲ့ဟွာက တံခါးဝရှိ ဖေ့ကျန်းမင်ကို မြင်သောအခါ မတ်တတ်ရပ်ကာ လျှောက်လာသည်။
“ကျန်းမင် ဘာဖြစ်လို့လဲ”
သူမက ပိုက်ဆံများနှင့် ပိုင်ဆိုင်မှုများ ပျောက်ဆုံးသွားကြောင်းကို မသိသေးချေ။ ဝမ်တနှင့် ဝမ်အာ့တို့ရောက်လာပြီး ထိုစကားများကို ပြောသောအခါ ဆိပ်ကမ်းရှိကိစ္စများကို စီစဉ်ပြီးသွားပြီဟုသာ သူမထင်မှတ်နေခဲ့သည်။
*ဖြန်း ဖြန်း ဖြန်း*
ဖေ့ကျန်းမင်က ရှေ့သို့တိုးလာပြီး သူမကို ပြင်းထန်သော ပါးရိုက်ချက် သုံးချက်နှင့် မိတ်ဆက်ပေးလိုက်သည်။
“ဖာသည်မ ဒီခွေးမ”
သူ့ကိုရိုက်နှက်ရုံဖြင့် ဒေါသများ မပြေနိုင်ချေ။ သူက ချီယွဲ့ဟွာလည်ပင်းကို လက်နှစ်ဖက်ဖြင့်ညှစ်ကာ အရူးတစ်ယောက်လို အော်ဟစ်တော့သည်။
“ငါ မင်းကို လည်ပင်းညှစ်သတ်မယ်၊ ငါ မင်းကို လည်ပင်းညှစ်သတ်မယ်၊ ဒီမိန်းမယုတ် မင်းဘာလို့ ငါ့ကိုလိမ်တာလဲ၊ ဘာလို့လဲ”
ချီယွဲ့ဟွာ၏နှလုံးသားမှာ တစ်ချက်ခုန်သွားသည်။
‘ငါ သူ့ကိုလက်မထပ်ခင်ကလုပ်ခဲ့တဲ့ အရှက်မရှိတဲ့ ကိစ္စတွေကို သူသိသွားပြီလား၊ ဒီနှစ်တွေတစ်လျှောက်လုံး ငါ သူ့ကို သေချာဖုံးကွယ်ထားခဲ့ပြီး ငါတို့ လက်မထပ်ခင်က ငါ့မှာရည်းစားဟောင်းတစ်ဒါဇင်ကျော် ရှိခဲ့တယ်ဆိုတာကို သူ မသိအောင် နေခဲ့တာပါ'
“ကျန်းမင်၊ နား... နားထောင်ပါဦး”
ချီယွဲ့ဟွာ အသက်ရှူမဝတော့မည့် အခြေအနေရောက်မှ ဖေ့ကျန်းမင်က လက်ကိုလျှော့ပေးလိုက်၏။
“ကောင်းပြီ၊ မင်းရဲ့ဆင်ခြေတွေကို ငါ နားထောင်ပေးမယ်၊ ပြော ပြောစမ်း”
ချီယွဲ့ဟွာက သူမလည်ပင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရှိုက်ကြီးတငင်ငိုယိုတော့သည်။
“ကျန်းမင်၊ ရိုးရိုးသားသားပြောရရင် ကျွန်မတို့ လက်ထပ်ပြီးကတည်းက ကျွန်မရဲ့နှလုံးသားနဲ့ ဝိညာဉ်ကို ရှင်နဲ့ ဖေ့မိသားစုတစ်ခုလုံးအတွက် ပေးဆပ်ခဲ့တာပါ၊ ဒါပေမဲ့ ရှင်ကရော ရှင်က အပြင်မှာ ယန်ဝမ်ယင်းနဲ့ ဖောက်ပြန်နေတာလေ၊ ကျွန်မမသိဘူးလို့ မထင်နဲ့၊ ကျွန်မလည်း သည်းခံနေခဲ့ရတာပဲ”
သူမ အနည်းငယ်နစ်နာသလို ခံစားလိုက်ရသည်။
‘ဖေ့ကျန်းမင်က ဘာလို့များ သစ္စာရှိတဲ့ ယောက်ျားတစ်ယောက်လို ဟန်ဆောင်နေတာလဲ။ သူကိုယ်တိုင်က မိန်းမလိုက်စားတဲ့ လူအိုကြီးပဲဟာကို'
ဖေ့ကျန်းမင်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောမိတော့သည်။
သူက အပြစ်မကင်းသလို မခံစားရတော့ဘဲ အေးစက်စွာနှာခေါင်းရှုံ့လိုက်၏။
“ဟုတ်တယ်၊ ငါ ဝမ်ယင်းကိုသဘောကျတယ်၊ ဒီတစ်ခါ ဟောင်ကောင်ကိုသွားရင် ငါ သူ့ကိုခေါ်သွားမှာ”
ချီယွဲ့ဟွာမှာ ယိမ်းယိုင်သွားပြီး မတ်တတ်ရပ်ရန်ပင် အနိုင်နိုင်ဖြစ်သွားရသည်။
သူမ နှုတ်ခမ်းများတုန်ယင်နေပြီး ဖေ့ကျန်းမင်ကို မယုံကြည်နိုင်စွာစိုက်ကြည့်နေမိသည်။
“လူယုတ်မာအိုကြီး၊ ရှင်နဲ့ တန်ပါတယ်၊ ရှင်နဲ့ တန်ပါတယ်”
သူမ ‘တန်ပါတယ်’ ဟု ဆိုလိုသည်မှာ ယန်ဝမ်ယင်း ကိုယ်ဝန်ပျက်ကျအောင် လုပ်ခဲ့ခြင်းကိုဆိုလိုသော်လည်း ဖေ့ကျန်းမင်ကမူ မိသားစုပိုင်ဆိုင်မှုများကို သူမ ခိုးယူသွားခြင်းကို ဆိုလိုသည်ဟု ထင်မှတ်သွားလေ၏။
ဖေ့ကျန်းမင်က ချီယွဲ့ဟွာကို လည်ပင်းညှစ်ရန် နောက်တစ်ကြိမ် ခုန်အုပ်လိုက်တော့သည်။
ဝမ်တနှင့် ဝမ်အာ့တို့က တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြသည်။ ဝမ်တကရှေ့သို့တိုးကာ ဖေ့ကျန်းမင်ခေါင်းကို ရိုက်လိုက်ပြီး အော်ဟစ်လေ၏။
“အဒေါ် မြန်မြန်ထွက်ပြေး၊ အဒေါ်အတွက် ကားစီစဉ်ပြီးပြီ”
ဝမ်အာ့ကမူ ဖေ့ရှူချန်ကိုသွားရှာရန် ပြေးသွားလေသည်။
“ကောင်းတယ် ကောင်းတယ် ကောင်းတယ် ချီယွဲ့ဟွာ၊ မင်းက ကားတောင် အဆင်သင့်ပြင်ထားတယ်ပေါ့လေ၊ ငါ မင်းကို ငါဘာကောင်လဲဆိုတာပြရသေးတာပေါ့”
ဖေ့ကျန်းမင်က ခွန်အားအကုန် အသုံးပြုရန်ပြင်လိုက်သည်။
“အဖေ”
ထိုအချိန်တွင် ဖေ့ရှူချန်က လျှောတိုက်ဝင်လာပြီး ဖေ့ကျန်းမင်ကို ဝင်တိုက်ကာ လဲကျသွားစေသည်။
သူ့ဇနီးက သူ့ကိုသစ္စာဖောက်ခဲ့ပြီး သူ့သားကမူ သူ့ကိုကျောချမ်းအောင်လုပ်ခဲ့၏။
“ကောင်းလိုက်တာ၊ မင်းက ငါ့သားဟုတ်မဟုတ်ဆိုတာတောင် ဘယ်သူသိမှာလဲ၊ မင်းအမေရဲ့ ဖောက်ပြန်မှုတွေထဲက ဘယ်သူ့ရဲ့သားကောင်းလဲဆိုတာ ဘယ်သူသိမှာလဲ”
မိသားစုမှာ ဖရိုဖရဲရန်ပွဲထဲတွင် ပိတ်မိနေကြလေသည်။
ရှဲ့လီ၏ညွှန်ကြားချက်အတိုင်း ဝမ်တက ရဲစခန်းသို့ပြေးသွားပြီး တိုင်ကြားလိုက်သည်။
ရဲများ ရောက်လာချိန်တွင် ချီယွဲ့ဟွာမှာ သေလုမြောပါး အရိုက်ခံထားရလေပြီ။
သူတို့သုံးယောက်လုံး ရဲစခန်းသို့ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။
ရှဲ့လီက ထိုအခွင့်အရေးကို အသုံးချကာ ဖေ့မိသားစု၏မြေအောက်ခန်းသို့ ပြေးသွားပြီး ကျန်ရှိနေသော ပစ္စည်းများအားလုံးကို နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်၏။
ဝမ်တနှင့် ဝမ်အာ့တို့ကလည်း သူတို့ ဇနီးများကိုခေါ်ကာ တောသို့ပြန်သွားကြသည်။ ထို့နောက် ရှဲ့လီက တော်လှန်ရေးကော်မတီသို့ သွားရောက်ခဲ့သည်။
“ရဲဘော်၊ ဖေ့မိသားစုက ပိုင်ဆိုင်မှုတွေ လွှဲပြောင်းပြီး ဟောင်ကောင်ကိုထွက်ပြေးဖို့ကြိုးစားနေတယ်လို့ ကျွန်မတိုင်ကြားချင်ပါတယ်”