အခန်း ၂၉
Vol. 3 Ch. 29
Ch-29
ရှန်ဟိုင်းမြို့မှ ဖေ့မိသားစုသည်လည်း တော်လှန်ရေးကော်မတီနှင့် ဆယ့်သုံးခုမြောက်ရုံး၏ အဓိကစောင့်ကြည့်ရေးပစ်မှတ်တစ်ခု ဖြစ်သည်။
‘မိသားစု ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းနေတယ် ဟုတ်လား'
တော်လှန်ရေးကော်မတီနှင့် ဆယ့်သုံးခုမြောက်ရုံးတို့ အပြည့်အဝလှုပ်ရှားလာကြတော့သည်။
“အတွင်းရေးမှူးဝမ်၊ အားလုံးအလွတ်ကြီးပါပဲ”
လက်ပတ်နီအဖွဲ့၀င်အချို့က ဖေ့မိသားစု၏အနောက်တိုင်းစတိုင် အိမ်ငယ်လေးထဲမှ ပြေးထွက်လာကြ၏။
သတင်းပေးသူအနေဖြင့် ရှဲ့လီလည်း ဖေ့မိသားစုအိမ်သို့ ရောက်ရှိနေသည်။ သုံးထပ်တိုက်ကြီးမှာ လုံးဝကိုအလွတ်ကြီးဖြစ်နေချေပြီ။
သားရေဆိုဖာများ၊ သစ်မာခုတင်များ၊ ကြွေပန်းအိုးများ၊ နှင်းဆီသစ်သားသေတ္တာများ စသည့် အရာအားလုံး ပျောက်ကွယ်နေပြီး အမွေးအမျှင်လေး တစ်မျှင်မျှပင် မကျန်ရစ်ခဲ့ချေ။
တော်လှန်ရေးကော်မတီ၏ ဒုတိယညွှန်ကြားရေးမှူး ဝမ်သဲချန်က လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။
“တကယ်ကို လွန်လွန်းတာပဲ၊ ဒီဖေ့မိသားစုက တကယ်ကို လွန်လွန်းတယ်၊ ဒီလိုအရေးကြီးတဲ့ အချိန်အခါမျိုးမှာ ဒီလောက်တောင် ဗြောင်ကျကျလုပ်ရဲတယ်ဆိုတော့ တိုင်းပြည်နဲ့ အဖွဲ့အစည်းကို လုံးဝအလေးမထားတာပဲ”
“ဒီသွေးစုပ်တဲ့ အရင်းရှင်တွေက ဒီလိုအရေးကြီးတဲ့ အချိန်မှာတောင် ပိုက်ဆံယူပြီးထွက်ပြေးဖို့ စဉ်းစားနေကြတုန်းလား၊ နောင်တမရကြသေးဘူးလား၊ သူတို့ရဲ့ယိုယွင်းပျက်စီးနေတဲ့ အရင်းရှင်ဘဝပုံစံကို အိပ်မက်မက်နေကြတုန်းလား”
ဝမ်သဲချန်က နှာခေါင်းပေါ်ရှိ အနက်ရောင်မျက်မှန်ကို ပင့်တင်လိုက်ပြီး ရှဲ့လီဘက်သို့ လှည့်ကြည့်သည်။
“ရဲဘော်ရှောင်ရှဲ့၊ မင်းရဲ့အသိဉာဏ်က အရမ်းမြင့်မားတာပဲ၊ ဒီအရင်းရှင်တွေရဲ့ ယိုယွင်းပျက်စီးမှုတွေကြားမှာ ဖေ့မိသားစုနဲ့ သုံးနှစ်တိုင်တိုင်နေခဲ့တာတောင် အကျင့်မပျက်ခဲ့ဘူး၊ မင်းရဲ့ဒီစိတ်ဓာတ်က အရမ်းကိုချီးကျူးထိုက်ပါတယ်”
ထိုသို့ပြောပြီးနောက် သူ့လေသံ ပြောင်းလဲသွားလေ၏။
“ရဲဘော်ရှောင်ရှဲ့၊ ရှဲ့မိသားစုရဲ့သမီးတစ်ယောက်အနေနဲ့ မင်းမိသားစုရဲ့ အခုလက်ရှိအခြေအနေကို မင်းသိမှာပါ၊ အရင်းရှင်လူတန်းစားဆိုတာ အမြစ်ပြတ်ချေမှုန်းရမယ့် နတ်ဆိုးတွေပဲ၊ ရှောင်လွှဲဖို့ မကြိုးစားနဲ့၊ လွတ်မြောက်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးတစ်စက်တောင်မထားနဲ့၊ ပါတီရဲ့မျက်လုံးတွေက အရမ်းစူးရှတယ်”
ဤသည်မှာ ရှဲ့လီကိုသတိပေးလိုက်ခြင်းဖြစ်သည်။ ယနေ့ သူမသတင်းပေးခဲ့မှုအတွက် အသိအမှတ်ပြုခံရသော်ငြား သူမမိသားစုသည်လည်း ရှန်ဟိုင်းမြို့၏ နံပါတ်တစ်အရင်းရှင်မိသားစုဖြစ်ပြီး စာရင်းထိပ်ဆုံးတွင်ရှိနေသည်။
လွတ်မြောက်စရာ လမ်းမရှိချေ။
ရှဲ့လီက ချက်ချင်းပင်မတ်မတ်ရပ်ကာ အလေးပြုလိုက်သည်။
“အတွင်းရေးမှူးဝမ်၊ ကျွန်မ ရှောင်လွှဲဖို့ တစ်ခါမှမတွေးဖူးပါဘူး၊ ကျွန်မက ရှဲ့မိသားစုရဲ့ကလေးဆိုပေမဲ့ ငယ်ငယ်ကတည်းက မွေးစားမိဘတွေနဲ့ ကြီးပြင်းလာခဲ့တာပါ၊ ကျွန်မရဲ့မွေးစားမိဘတွေက မျိုးဆက်သုံးဆက်လုံး ဆင်းရဲတဲ့လယ်သမားတွေပါပဲ၊ ကျွန်မက အလံနီအောက်မှာ မွေးဖွားပြီး ကြီးပြင်းလာခဲ့တာပါ၊ ရှဲ့မိသားစုနဲ့ရော ရှဲ့ချင်စုန့်နဲ့ပါ သေချာပေါက်မျဉ်းပြတ်ပြတ်သားသား တားထားမှာပါ၊ အရင်းရှင်စနစ် ကျရှုံးပါစေ”
ရှဲ့လီက လက်မောင်းကိုမြှောက်ကာ စိတ်အားထက်သန်စွာ အော်ဟစ်လိုက်၏။
ဝမ်သဲချန်မှာ ရှဲ့လီ၏သဘောထားအပေါ် အလွန်ကျေနပ်သွားသည်။
ရှဲ့လီမှာ ရှဲ့မိသားစုမှ လွန်ခဲ့သောသုံးနှစ်၌ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော သမီးဖြစ်ပြီး ထိုမတိုင်မီက တောရွာတွင် နေထိုင်ခဲ့ကြောင်းကိုလည်း သူသိထားသည်။
“ရဲဘော်ရှောင်ရှဲ့၊ ရှဲ့မိသားစုရဲ့ လှုပ်ရှားမှုတွေကို မင်းအာရုံစိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ပြဿနာတစ်စုံတစ်ရာရှိလာတာနဲ့ ငါတို့ကိုအမြန်ဆုံးသတင်းပို့ပါ၊ အရင်းရှင်တွေနဲ့ မျဉ်းပြတ်ပြတ်သားသားတားမှသာ အနာဂတ်မှာ မင်းအတွက်လျှောက်လှမ်းစရာ လမ်းပိုရှည်မှာ”
ဝမ်သဲချန်က ရှဲ့လီပခုံးကိုပုတ်ကာ သူ့လူများကို ခေါ်ဆောင်၍ထွက်သွားတော့၏။
ထွက်ခွာသွားသော လက်ပတ်နီအဖွဲ့၀င်များ၏ ကျောပြင်များကိုကြည့်ရင်း ရှဲ့လီက ပြုံးစိစိလုပ်လိုက်သည်။
‘ဖေ့မိသားစုကတော့ ပြီးဆုံးသွားပြီ’
‘ဒီလူတွေက ဖေ့မိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုရှာမတွေ့ခဲ့တဲ့အတွက် သူတို့ရဲ့ ဒေါသတွေကို ဖေ့ကျန်းမင်၊ ဖေ့ရှူချန်နဲ့ ချီယွဲ့ဟွာတို့အပေါ် သေချာပေါက်ပုံချကြတော့မှာပဲ'
ရှဲ့လီက မျက်လုံးမှိတ်ကာနေရာလွတ်ထဲသို့ဝင်ရောက်ပြီး အမြန်စစ်ဆေးကြည့်လိုက်သည်။ ဖေ့မိသားစု၏ပရိဘောဂများကို သူမက ကြိုတင်ရွှေ့ပြောင်းထားပြီးဖြစ်၏။
ယခုအခါ သုံးထပ်တိုက်ကြီးတစ်ခုလုံး အလွတ်ဖြစ်နေရုံသာမက မီးဖိုချောင်ထဲရှိ သံဒယ်အိုးကြီးကိုပင် သူမယူဆောင်လာခဲ့သည်။
…..
ဖေ့မိသားစု အဖမ်းခံရသည်။
ထိုသတင်းက ရှန်ဟိုင်းမြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွား၏။
တော်လှန်ရေးကော်မတီနှင့် ဆယ့်သုံးခုမြောက်ရုံးတို့က စောင့်ကြည့်မှုကို ပိုမိုတင်းကြပ်လိုက်ပြီး ဖမ်းဝရမ်းများမကျလာမီ ပိုင်ဆိုင်မှုများအား လျှို့၀ှက်လွှဲပြောင်းကာ ထွက်ပြေးကြမည်ကို စိုးရိမ်သဖြင့် ထိုမိသားစုများ၏အိမ်များပတ်လည်တွင် ညဘက်ကင်းလှည့်ရန် လူများကိုပင် စေလွှတ်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ရှင်းလင်းရေးစာရင်းတွင် ပါဝင်နေသူများမှာ လေးညှို့သံကြားရုံဖြင့် လန့်ဖျပ်သွားသော ငှက်များကဲ့သို့ဖြစ်နေကြပြီး နောက်ထပ်အဖမ်းခံရမည့်သူမှာ သူတို့ဖြစ်မည်ကိုစိုးရိမ်သဖြင့် ညစဉ်ညတိုင်း အိပ်မပျော်နိုင်အောင် ဖြစ်နေကြသည်။
‘တော်လှန်ရေးကော်မတီက ဘယ်လိုနေရာမျိုးလဲ၊ ကောင်းကင်ဘုံက နတ်မင်းကြီးသွားရင်တောင် အရေခွံတစ်ထပ်အခွာခံရမယ့် နေရာလေ'
သူတို့အားလုံးက ဖေ့မိသားစုကိုဆဲဆိုနေကြ၏။
‘သိုးမည်းတွေ သောက်ငတုံးတွေ'
‘ဘယ်လိုလူမျိုးက ပိုင်ဆိုင်မှုတွေကို ဒီလောက်ဗြောင်ကျကျ လွှဲပြောင်းရဲမှာလဲ၊ ပြီးတော့ အမွေးအမျှင်လေးတစ်မျှင်တောင်မကျန်အောင် လောဘကြီးလွန်းတာက လက်ပတ်နီအဖွဲ့၀င်တွေရဲ့ဒေါသကို တမင်ဆွပေးနေတာ မဟုတ်ဘူးလား'
‘အခုကြည့်စမ်း၊ တော်လှန်ရေးကော်မတီနဲ့ ဆယ့်သုံးခုမြောက်ရုံးက ငါတို့ကို ပိုပြီးတောင် တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပြီ'
ဖေ့မိသားစုအဖမ်းခံရပြီး ငါးရက်အကြာတွင် တော်လှန်ရေးကော်မတီမှ လူများက ထိုသုံးဦးကို လမ်းများပေါ်တွင် လူသိရှင်ကြား လှည့်လည်ပြသရန် ခေါ်ဆောင်လာခဲ့ကြသည်။
ဤသုံးဦးမှာ မျောက်များကို သတိပေးရန်သတ်ပြသော ကြက်များဖြစ်ကြောင်း လူတိုင်းနားလည်ကြ၏။
ဖေ့ကျန်းမင်၊ ချီယွဲ့ဟွာနှင့် ဖေ့ရှူချန်တို့ကို လက်မောင်းနီပတ်အဖွဲ့၀င်များက လက်ပြန်ကြိုးတုပ်ထားကြသည်။