အခန်း ၃၀
Vol. 3 Ch. 30
Ch-30
သူတို့ခေါင်းပေါ်တွင် စက္ကူဦးထုပ်ရှည်ကြီးများကို ဆောင်းထားရပြီး လည်ပင်းတွင် ‘သွေးစုပ်သော အရင်းရှင်များ’ ဟု ရေးသားထားသော လေးလံသည့် သံပြားကြီးများကို ချိတ်ဆွဲထားသည်။
သုံးဦးသားမှာ ယခင်က သူတို့၏မောက်မာဝင့်ကြွားမှုများ လုံးဝပျောက်ကွယ်နေပြီး ကြောက်ရွံ့တုန်လှုပ်နေသော ငုံးသုံးကောင်ပမာဖြစ်နေကြကာ လမ်းပေါ်သို့ တွန်းထုတ်ခံလိုက်ရ၏။
လမ်းဘေးတစ်ဖက်တစ်ချက်တွင် လူများဖြင့် ပြည့်နှက်နေပြီး ထိုအထဲတွင် ရှဲ့လီလည်း ပါဝင်သည်။
သူမက ရေပြာရောင်ခေါင်းစွပ်ကို ဆောင်းထားပြီး လက်ထဲတွင် ခြင်းတောင်းတစ်လုံးကိုင်ဆောင်ထားသည်။ ထိုခြင်းတောင်းထဲတွင် အပေါက်ဖောက်ကာ ရက်အတော်ကြာအပုပ်ခံထားသော ကြက်ဥများပါရှိ၏။
သုံးဦးသား ရှေ့သို့တွန်းပို့ခံရချိန်တွင် နှစ်ဖက်လုံးမှ လူအချို့က ဟင်းသီးဟင်းရွက်အပုပ်များဖြင့် ပစ်ပေါက်ကြပြီး အချို့က မြေစာခဲများဖြင့် ပစ်ပေါက်ကြသည်။
ဖေ့ကျန်းမင်က ချီယွဲ့ဟွာကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
‘ဒီကျိန်စာသင့်နေတဲ့ ခွေးမ၊ ဒီလိုအခြေအနေမျိုး ရောက်နေတာတောင် ပါးစပ်ပိတ်ထားတုန်းပဲ၊ အဲဒီပိုင်ဆိုင်မှုတွေကို ဘယ်နေရာလွှဲပြောင်းထားလဲဆိုတာ မပြောဘူး၊ သူကြောင့် ငါ ဘယ်လောက်တောင် ဒုက္ခခံနေရလဲမသိဘူးလား'
ချီယွဲ့ဟွာမှာ ကြောက်လန့်လွန်းသဖြင့် အသိစိတ်များပင် လွတ်လုမတတ်ဖြစ်နေပြီဖြစ်သည်။ သူမခြေထောက်များမှာ အားမရှိတော့ဘဲ လက်ပတ်နီအဖွဲ့၀င်နှစ်ယောက်က သူမကိုဆွဲခေါ်သွားရ၏။
‘ဖေ့ကျန်းမင်လို မိန်းမလိုက်စားတဲ့ လူအိုကြီးရဲ့ အကြောင်းကို ငါ စောစောကတည်းက သိထားသင့်တာ၊ ပိုင်ဆိုင်မှုတွေ အကုန်လုံး လွှဲပြောင်းလိုက်တာက ငါပါလို့ သူကတကယ်ကြီး စွပ်စွဲရဲတယ်ပေါ့လေ'
*ဖြတ် ဖြတ် ဖြတ် ဖြတ်*
လမ်းဘေးတစ်ဖက်တစ်ချက်ရှိ လူများက ဟင်းသီးဟင်းရွက်အပုပ်များ၊ မြေစာခဲများဖြင့် သူတို့ကို စတင်ပစ်ပေါက်ကြတော့သည်။
“ဟားဟားဟား၊ ဟားဟားဟား”
ဖေ့ရှူချန်က ရုတ်တရက် ခေါင်းမော့ကာ အရူးတစ်ယောက်လို စတင်ရယ်မောတော့သည်။
‘ငါ့မိသားစုက ဘယ်လိုလုပ် ဒီလိုအခြေအနေမျိုး ရောက်သွားရတာလဲ၊ ရှဲ့လီ ငါ့ကိုကွာရှင်းသွားကတည်းက မိသားစုရဲ့ ပြဿနာတွေက အဆက်မပြတ် ဖြစ်လာတော့တာပဲ'
‘ငါက ရှန်ဟိုင်းမြို့ရဲ့သခင်လေးလေ၊ ပုံမှန်ဆိုရင် ဒီလူတွေက ငါ့ကို မျက်နှာလိုမျက်နှာရလုပ်ပြီး ဖော်လံဖားနေကြတာ၊ အခုတော့ ငါ့ကို ဟင်းသီးဟင်းရွက်အပုပ်တွေနဲ့ ပစ်ပေါက်ရဲတယ်ပေါ့လေ’
သူ့အကြည့်များ ရပ်တန့်သွားပြီး ခေါင်းစွပ်ဆောင်းကာ ခြင်းတောင်းကိုင်ထားသော ရှဲ့လီကို လူအုပ်ကြားတွင် တွေ့လိုက်ရသည်။ သူမက လူများကို ကြက်ဥများ လိုက်ဝေပေးနေလေ၏။
“အန်တီ အန်တီ ရော့ ဒါလေးနဲ့ပစ်လိုက်၊ ဒါက ပုပ်နေပြီ၊ မျက်နှာကိုမှန်သွားရင် ဆေးလို့တောင် မရတော့ဘူး၊ ဟင်းသီးဟင်းရွက်အပုပ်တွေထက် အများကြီးပိုကောင်းတယ်”
‘ခွေးမ’
“ရှဲ့လီ ဒီမိန်းမယုတ်၊ ငါ မင်းကိုသတ်ပစ်မယ်”
ဖေ့ရှူချန်က ရုတ်တရက် လက်ပတ်နီအဖွဲ့၀င်များထံမှ ရုန်းထွက်ကာ လူအုပ်ကြားရှိ ရှဲ့လီထံသို့ ပြေးဝင်သွားတော့သည်
‘အတူတူ သေကြတာပေါ့'
သူ အသက်မရှင်ချင်တော့ချေ။
‘အလုပ်ကြမ်းစခန်းမှာ နှိပ်စက်ခံရမယ့်အစား သေလိုက်တာကမှ ပြီးသွားဦးမယ်'
ဖေ့ရှူချန်က ခွေးအိုကြီးတစ်ကောင်အလား ပြေးထွက်သွားရာ လက်ပတ်နီအဖွဲ့၀င်များမှာ တုံ့ပြန်ရန် အချိန်မရလိုက်ချေ။
ရှဲ့လီ လန့်သွားလေသည်။
သူမက လက်ထဲရှိခြင်းတောင်းကိုမြှောက်ကာ ဖေ့ရှူချန်ထံသို့ ပစ်ပေါက်လိုက်သည်။
*ဝုန်း*
“ဝေါ့၊ ဝေါ့၊ ဝေါ့”
ကြက်ဥပုပ်များက ဖေ့ရှူချန်၏မျက်နှာတစ်ခုလုံးကို စင်သွား၏။ အနံ့အသက်ဆိုးဝါးလှသော အရည်အချို့မှာ သူ့ပါးစပ်ထဲသို့ဝင်သွားပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ အဆက်မပြတ် ပျို့အန်နေတော့သည်။
‘အရမ်းနံတာပဲ၊ ချီးထက်တောင်ပိုနံသေးတယ်'
ရှဲ့လီက ကြက်ဥများကိုကြိုတင်၍ အပေါက်ငယ်လေးများ ဖောက်ထားခဲ့ခြင်းဖြစ်သည်။ ဤမျှပူပြင်းသော ရာသီဥတုတွင် ကြက်ဥများမှာ ကြာမြင့်စွာကတည်းက ပုပ်သိုးနေပြီဖြစ်ပြီး အညိုရင့်ရောင်အနံ့ဆိုးထွက်နေသော အရည်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
ထိုအနံ့ဆိုးက လည်ချောင်းကို စူးရှစေပြီး မျက်လုံးများကို စပ်ဖျဉ်းဖျဉ်းဖြစ်စေကာ သေချင်စိတ်ပင် ပေါက်သွားစေနိုင်သည်။
လူအများက နှာခေါင်းကိုအုပ်ကာ နောက်သို့ဆုတ်သွားကြပြီး အချို့မှာ ပျို့အန်ချင်စိတ်ကို မအောင့်ထားနိုင်ကြတော့ချေ။
ဖေ့ရှူချန်ကိုတားဆီးရန် ပြေးလာသော လက်ပတ်နီအဖွဲ့၀င်များပင်လျှင် ခြေလှမ်းများ အနည်းငယ်နှေးကွေးသွားလေသည်။
‘လခွမ်း၊ အရမ်းနံတာပဲ'
ရှဲ့လီက သူမလက်ထဲရှိ အလွတ်ဖြစ်နေသော ခြင်းတောင်းကိုကြည့်ကာ နောင်တရသလို ခံစားလိုက်ရ၏။
‘ဆက်တိုက်ပစ်ပေါက်ဖို့ ရည်ရွယ်ထားတာကို၊ အခုတော့ တစ်ခါတည်းနဲ့ အကုန်ကုန်သွားပြီ'
ဖေ့ရှူချန်မှာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သည်းခြေရည်များပါ ထွက်လာမတတ် ပျို့အန်နေသည်။
“ဝေါ့... ရှဲ့လီ၊ ငါ ဝေါ့... သတ်မယ်၊ ဝေါ့...”
လက်ပတ်နီအဖွဲ့၀င်တစ်ဦးက ရှေ့သို့တိုးလာပြီး သူ့ကို နှစ်ချက်လောက် ပိတ်ကန်ပေးလိုက်၏။
“ငြိမ်ငြိမ်နေစမ်း”
ဖေ့ရှူချန်က အလျှော့မပေးချေ။
လက်ပတ်နီအဖွဲ့၀င်က နောက်ထပ်နှစ်ချက် ထပ်ကန်လိုက်ပြန်သည်။
ဖေ့ရှူချန် အလျှော့ပေးသွားရ၏။
သူက ရှဲ့လီကို မုန်းတီးစွာစိုက်ကြည့်ရုံသာ တက်နိုင်တော့သည်။
“မိန်းမယုတ်၊ နင် ကောင်းကောင်းမွန်မွန်သေရမှာ မဟုတ်ဘူး”
ရှဲ့လီက ရင်ထဲမှနေ၍လှောင်ပြုံးပြုံးလိုက်သည်။
‘မူလပိုင်ရှင်က သေသွားခဲ့ပြီလေ၊ တကယ်လည်း ကောင်းကောင်းမွန်မွန် သေခဲ့ရတာမဟုတ်ဘူး၊ နင့်ကြောင့် ဒေါသထွက်ပြီး သေခဲ့ရတာပဲ၊ ဒီခွေးကောင်က ငါ့ကိုတောင် ကျိန်ဆဲရဲသေးတယ်ပေါ့'
ရှဲ့လီက ရှေ့သို့ခုန်ထွက်ကာ ဖေ့ရှူချန်ဘေးတွင် ရပ်လိုက်ပြီး လက်မောင်းမြှောက်ကာ အော်ဟစ်လိုက်၏။
“အားလုံးပဲ ကြည့်ကြပါ၊ ဒါက ခေါင်းပုံဖြတ်လူတန်းစားရဲ့ ရုပ်ဆိုးတဲ့ မျက်နှာစာပဲ၊ သူတို့ အရင်ကကျွန်မတို့အပေါ်မှာဗိုလ်ကျခဲ့ပြီး အခုလည်း ကျွန်မတို့ခေါင်းပေါ် ဆက်တက်ချင်နေတုန်းပဲ၊ ရှင်တို့ သဘောတူလား”
ထိုအော်ဟစ်သံက အလုပ်သမားလူတန်းစားများစွာ၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။
အချို့သော လူငယ်အမျိုးသားများ၊ အမျိုးသမီးများနှင့် အသက်ကြီးကြီး အန်တီအချို့ကပါ လက်များကိုမြှောက်ကာ ကျယ်လောင်စွာအော်ဟစ်ကြတော့သည်။
“သဘောမတူဘူး၊ သဘောမတူဘူး၊ သူ့ရဲ့ခွေးခေါင်းကို ခွဲပစ်”
ရှဲ့လီက နတ်ဆိုးဆန်ဆန်အပြုံးတစ်ခု ပြုံးပြလိုက်၏။
ဖေ့ရှူချန်မှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူမဝတော့ဘဲ မြေကြီးပေါ်သို့ တည့်တည့်မတ်မတ်လဲကျသွားတော့သည်။
‘မင်း လခွမ်းပဲ'