အခန်း ၃၁
Vol. 4 Ch. 31
Ch-31
လက်ပတ်နီအဖွဲ့၀င်များက ရှေ့သို့တိုးလာပြီး ဖေ့ရှူချန်ကို ကြမ်းပြင်ပေါ်မှ ဆွဲထူလိုက်ကြသည်။
“ဟန်ဆောင်မနေနဲ့ ထစမ်း၊ သေမဟန်ဆောင်နဲ့”
ရှဲ့လီက ဖေ့ရှူချန်ကို လက်ညှိုးထိုးပြလိုက်၏။
“သူ့ အရင်က အရင်းရှင်ဘဝပုံစံကို ကြည့်လိုက်ကြစမ်းပါ၊ ကော်ဖီသောက်တယ်၊ အနောက်တိုင်းသီချင်းတွေ နားထောင်တယ်၊ ဒါတွေက လုံးဝကို အရင်းရှင်တွေရဲ့ အနံ့ဆိုးထွက်နေတဲ့ အကျင့်စရိုက်တွေပဲ”
သူမက ဒေါသတကြီးဖြစ်နေသော လူအုပ်ကြီးဘက်သို့ လှည့်လိုက်သည်။
“အရင်းရှင်တွေရဲ့ အနံ့ဆိုးထွက်နေတဲ့ သခင်လေး ကျရှုံးပါစေ”
သူမက ခုန်ပေါက်ကာ စိတ်အားထက်သန်စွာဖြင့် ပြဇာတ်ကပြနေတော့သည်။
ဖေ့ရှူချန်မှာ သွားများကို တင်းတင်းကြိတ်ထားရလွန်းသဖြင့် ကျိုးကြေမတတ်ဖြစ်နေပြီး ပြတ်တောင်းပြတ်တောင်း အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
“မင်း လခွမ်းပဲ၊ မင်းကရော အရင်းရှင်…”
*ဖြန်း ဖြန်း ဖြန်း ဖြန်း ဖြန်း*
သူ့စကားနောက်တစ်ဝက်မှာ ဒေါသထွက်နေသော လူအုပ်ကြီး၏ ဟိန်းဟောက်သံများနှင့် ပါးရိုက်သံများအောက်တွင် နစ်မြုပ်သွားတော့သည်။
လူအုပ်ကြီးက ရှေ့သို့တိုးဝင်လာကြ၏။
စုတ်ပြတ်နေသော ဖိနပ်များနှင့် အနံ့ဆိုးထွက်နေသော ခြေအိတ်များ နေရာအနှံ့ လွင့်ပျံလာတော့သည်။
ဤသည်ကိုမြင်သောအခါ ဖေ့ကျန်းမင်နှင့် ချီယွဲ့ဟွာတို့မှာ ဘေးတစ်ဖက်သို့ ကွေးကွေးလေး ဆုတ်ခွာသွားကြပြီး တုန်ယင်နေကာ အသက်ကိုပင် ပြင်းပြင်းမရှူရဲကြတော့ချေ။
ထိုနှစ်ဦးမှာ ကိုယ်ပိုင်ရန်ငြိုးများကို ယာယီဘေးဖယ်ထားကာ အတူတကွ ဆုတောင်းနေကြသည်။
“ငါ့သားကို ရိုက်နေပြီဆိုမှတော့ ငါ့ကို ထပ်မရိုက်လောက်တော့ပါဘူးနော်”
ဖေ့ရှူချန်မှာ သနားစရာကောင်းလောက်အောင် အရိုက်ခံလိုက်ရပြီး နောက်ဆုံးတွင် အနောက်သို့ ဆွဲခေါ်ခြင်းခံလိုက်ရ၏။
ရှဲ့လီက ခေါင်းစွပ်ကို ဆွဲချွတ်လိုက်ပြီး ထွက်ခွာသွားသော ဖေ့ရှူချန်၏ကျောပြင်ကို စိုက်ကြည့်ကာ တည်ငြိမ်စွာဖြင့် စကားနှစ်ခွန်းပြောလိုက်သည်။
“မှတ်ပြီလား”
ဤလမ်းပေါ် လှည့်လည်ပြသမှုပြီးဆုံးပြီးနောက် ရှန်ဟိုင်းမြို့ရှိ အရင်းရှင်များမှာ ပို၍ပင်ထိတ်လန့်သွားကြသည်။ သူတို့က လှုပ်ရှားမှုတစ်ခုမျှပင် မပြုလုပ်ရဲကြတော့ဘဲ အိမ်တွင်သာ ရိုးရိုးသားသားနေထိုင်ကာ အခွင့်အရေးကို စောင့်ဆိုင်းနေကြတော့၏။
ရှဲ့မိသားစုမှာ ပို၍ပင်ပြာယာခတ်နေကြသည်။
ရှဲ့လီ ပြန်ရောက်လာချိန်တွင် ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့က ဖြူရော်နေသော ရှဲ့စီလင်းကိုဆွဲကာ မေးခွန်းပေါင်းစုံ မေးမြန်းနေသည်ကို တွေ့လိုက်ရသည်။
“စီလင်း၊ လက်ကောက်က အခုထိ အဆင်သင့်မဖြစ်သေးဘူးလား၊ လေးဆယ့်ကိုးရက်ဆိုရင်ရပြီလို့ သမီးပြောခဲ့တာ မဟုတ်လား၊ အခုက ခြောက်ဆယ့်လေးရက်တောင်ရှိနေပြီလေ”
ရှဲ့စီလင်းမှာ စကားပြောရန်ပင် အနိုင်နိုင်ဖြစ်နေ၏။
သူမလည်း စိုးရိမ်နေလေသည်။
ဤရက်ပိုင်းအတွင်း သူမက ကျောက်စိမ်းလက်ကောက်ကို သူမနှလုံးသွေးဖြင့် နေ့စဉ်ရက်ဆက် အာဟာရဖြည့်တင်းပေးနေခဲ့၏။ သူမမှာ ပြင်းထန်သော သွေးအားနည်းရောဂါပင်ရနေပြီဖြစ်သော်လည်း ကျောက်စိမ်းလက်ကောက်က မည်သည့်တုံ့ပြန်မှုမျှ မပြလာခဲ့ချေ။
သူမ ခေါင်းခါပြလိုက်သည်။
ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့၏မျက်နှာများ ချက်ချင်းအေးစက်သွားကြသည်။
ရှဲ့စီလင်းက ရင်ထဲမှနေ၍အံကြိတ်လိုက်၏။
‘ဒီအဘိုးကြီး၊ အဘွားကြီး နှစ်ယောက်က နောက်ဆုံးတော့လည်း ငါ့မိဘအရင်းတွေမှ မဟုတ်တာ၊ ငါ့မျက်နှာက မြောက်ပိုင်းတောကန္တာရရဲ့ နှင်းကွင်းပြင်ကြီးတွေနဲ့တောင် ယှဉ်လို့ရလောက်အောင် ဖြူဖျော့နေပြီ၊ ဒါပေမဲ့ သူတို့က အဲဒီကျောက်စိမ်းလက်ကောက်ကိုပဲ ဂရုစိုက်နေကြတယ်'
ရှဲ့လီ အိမ်ထဲသို့ဝင်လာသည်။
သူမ ယခုမှ ပြန်ရောက်လာသည်ကို မြင်သောအခါ ရှဲ့ချင်စုန့်က လည်ပြန်ကြည့်ကာ ပြဿနာရှာရန် စတင်တော့၏။
“ရှဲ့လီ အခု ဘယ်အချိန်ရှိပြီလဲ၊ နင်က အပြင်ထွက်ပြီး ကစားချင်တဲ့စိတ်ကူးရှိနေတုန်းပဲလား၊ မီးက ငါတို့မျက်ခုံးမွှေးတွေကိုတောင် လောင်နေပြီလေ”
ရှဲ့လီက နှုတ်ခမ်းကိုတွန့်ကွေးလိုက်သည်။
‘မီးက သူတို့ရဲ့မျက်ခုံးတွေကို လောင်နေတာလေ၊ ငါ့ဟာကိုမှ မဟုတ်တာ'
ရှဲ့စီလင်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပုံရပြီး သူမအသံမှာ ရုတ်တရက် မြင့်တက်သွားတော့သည်။
“ရှဲ့လီ လက်ထပ်ခွင့်လျှောက်လွှာကို နင်ရပြီလား”
မူလဝတ္ထုအရဆိုလျှင် ယခုအချိန်တွင် ရှဲ့လီက ရှန်မိသားစုနှင့် လက်ထပ်ခွင့်လျှောက်လွှာကို ရရှိနေသင့်ပြီဖြစ်သည်။ မကြာမီ သူမက လျောင်းနင်ပြည်နယ်သို့ သွားရောက်ကာ စစ်တပ်သို့ ဝင်ရောက်ရတော့ပေမည်။
ရှဲ့လီက အကြည့်များကို အောက်ချလိုက်သည်။ မူလဇာတ်လမ်းထဲတွင် မူလပိုင်ရှင်သည် စစ်တပ်သို့ဝင်ရောက်ရန်သွားသည့်လမ်း၌ ရှဲ့စီလင်းနှင့် ဖေ့ရှူချန်တို့၏ကြံစည်မှုကို ခံခဲ့ရသည်။ နောက်ဆုံးတွင် သင်္ဘောနစ်မြုပ်ပြီး သေဆုံးသွားခဲ့ရ၏။
သူမက တည်ငြိမ်သောဘဝတစ်ခုတွင် နေထိုင်ရရန် ခြေတစ်လှမ်းသာလိုတော့သည်ကို ရှင်းလင်းစွာသိနေလေသည်။
ရှဲ့လီ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။ ယခု ဖေ့မိသားစုကို သူမ ကိုင်တွယ်ပြီးသွားပြီဖြစ်ရာ ရှဲ့မိသားစုသာ ကျန်ရှိတော့၏။
ဤသည်ကိုတွေးမိသောအခါ ရှဲ့လီက တွန့်ဆုတ်နေသော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်ပြကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဟုတ်သားပဲ၊ သမီး အိမ်ကိုဘယ်လိုပြောရမလဲလို့ စဉ်းစားနေတာ၊ အဘိုးက သမီးအတွက် ကြိုတင်စီစဉ်ပေးခဲ့တဲ့ မင်္ဂလာပွဲဖြစ်မယ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က လက်ထပ်ခွင့်အစီရင်ခံစာ ရောက်လာတယ်၊ အဖေနဲ့အမေ သမီး စစ်တပ်ထဲဝင်တော့မယ်၊ အဲဒါမှ အဖေတို့အတွက် ဝန်ထုတ်ဝန်ပိုး နည်းနည်းပေါ့သွားမှာ၊ အခု အပြင်ဘက်မှာ အခြေအနေတွေက အရမ်းကိုတင်းမာနေတာ၊ သမီးကိုပါ ခေါ်သွားရင် ထွက်သွားဖို့ ပိုခက်ခဲလိမ့်မယ်၊ လူတစ်ယောက်လျော့ရင် ဝန်ထုတ်ဝန်ပိုးတစ်ခုလျော့တာပေါ့၊ အဖေနဲ့အမေ အဖေတို့နှစ်ယောက် စီလင်းကိုခေါ်ပြီးထွက်သွားကြပါ”
ရှဲ့လီက စကားပြောရင်းမှ မျက်ရည်များကို သုတ်လိုက်သေးသည်။
ရှဲ့စီလင်းမှာမူ ကြက်သေသေသွားပြီး စိုက်ကြည့်နေမိတော့၏။
‘ဒီလိုအချိန်မှာ စစ်တပ်ထဲဝင်တာ ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား၊ အဲဒါက ဒီရှင်းလင်းရေးကနေ သူမကို လွတ်မြောက်စေနိုင်မှာလေ၊ ဘာလို့ငိုနေတာလဲ'
“အဖေနဲ့ အမေ၊ သမီး အဲဒီရွှေလက်ကောက်ကိုပေါင်ပြီး အဲဒီပိုက်ဆံနဲ့ သမီးတို့မိသားစုအတွက် သတင်းတချို့ စုံစမ်းကြည့်လိုက်တယ်၊ အဖေနဲ့အမေ အဖေတို့ မြန်မြန်ပြေးသင့်တယ်၊ သမီးတို့မိသားစုက ရှင်းလင်းရေးစာရင်းရဲ့ထိပ်ဆုံးမှာရှိနေတယ်လို့ သမီးကြားတယ်၊ သမီးတို့ သေချာပေါက် ပစ်မှတ်ထားခံရမှာ၊ အဖေနဲ့ အမေ၊ မြေအောက်ခန်းထဲက ပိုက်ဆံတွေနဲ့ ရတနာတွေကို သမီးမလိုချင်ပါဘူး၊ အဖေတို့ ယူသွားပြီးသုံးကြပါ၊ အဖေတို့ အရင်ပြေးကြပါ”
ရှဲ့လီက မျက်ရည်များသုတ်ကာ ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့လက်များကို ဆုပ်ကိုင်ရင်း စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ထိုနှစ်ယောက်မှာ တိတ်ဆိတ်သွားကြတော့၏။
‘ဒီကလေးက ငယ်ငယ်ကတည်းက ငါတို့ ပြုစုပျိုးထောင်ပြီး မေတ္တာတွေမပေးခဲ့ရတဲ့ ကလေးလေ၊ ပြီးတော့ သူ့ကို အာရုံလွှဲဖို့ အသေခံအဖြစ် ရောင်းစားဖို့တောင် ငါတို့စီစဉ်ထားခဲ့တာကို၊ သူမက ငါတို့အတွက် ဒီလိုမျိုးတွေးပေးနေသေးတယ်တဲ့လား'
‘သူကမှ ငါတို့သမီးအရင်းပဲ'
ထိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။
‘ရှဲ့လီက ဒီလောက်တောင် မိဘကျေးဇူးသိတတ်နေမှတော့ သူမရဲ့မိဘကျေးဇူးသိတတ်တဲ့ နှလုံးသားလေးကို ပြည့်ဝအောင် သူတို့လုပ်ပေးမှရမှာပေါ့'
“ကလေးအလိမ္မာလေး အဖေနဲ့အမေ အခုချက်ချင်းထွက်သွားလို့မရသေးဘူး၊ စီလင်းရဲ့ ကျောက်စိမ်းလက်ကောက်က တုံ့ပြန်မှုမရှိသေးဘူးလေ၊ မြေအောက်ခန်းထဲက ရတနာတွေကိုလည်း အဖေတို့ရွှေ့လို့မရဘူး၊ အထက်ကစောင့်ကြည့်တာ အရမ်းတင်းကျပ်နေတယ်၊ အဲဒီကျောက်စိမ်းလက်ကောက်နဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းဖို့ပဲ အဖေတို့အားကိုးလို့ရတော့မယ်”
ရှဲ့ချင်စုန်မှာ အကူအညီမဲ့နေပုံရပြီး ရှဲ့လီက မယုံကြည်နိုင်သော မျက်နှာအမူအရာကို ပြသလိုက်သည်။
“အဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အဘိုးက အများဆုံးလေးဆယ့်ကိုးရက်ပဲကြာမယ်လို့ ပြောခဲ့တယ်လေ၊ ပုံမှန်အားဖြင့် အဲဒီရက်ထက်တောင်စောပြီး ပွင့်တတ်သေးတယ်တဲ့”
ပြောပြီးနောက် သူမက ရှဲ့စီလင်းကို တွေဝေငေးမောစွာ ကြည့်လိုက်၏။
ရှဲ့စီလင်း : “……”
‘အဲဒါဘယ်လိုအကြည့်လဲ၊ နင်က ငါ့ကို သံသယဝင်နေတာလား'
ရှဲ့လီက အကြည့်ကို အမြန်ရုပ်သိမ်းကာ ပြာတီးပြာယာရှင်းပြလေသည်။
“ညီမလေးက ဒီရက်ပိုင်းအရမ်းအားနည်းနေလို့နေမှာပါ ဟုတ်တယ် အဲဒီလိုပဲဖြစ်ရမယ်”
သူမက ရှဲ့ချင်စုန့်လက်ကို ထပ်မံဆုပ်ကိုင်ကာ ရိုးသားစွာပြောလိုက်သည်။
“အဖေ ဒီလိုလုပ်ကြမလား၊ အဖေနဲ့အမေက ညီမလေးကိုခေါ်ပြီး အရင်ထွက်သွားကြပါ၊ သမီးက တော်လှန်ရေးကော်မတီနဲ့ ဆယ့်သုံးခုမြောက်ရုံးက လက်ပတ်နီအဖွဲ့၀င်တွေကို အာရုံလွှဲဖို့ အိမ်မှာနေခဲ့ပါ့မယ်”
ရှဲ့လီမှာ ရိုးသားပြီးလိမ္မာရေးခြားရှိပုံပေါက်နေကာ သူမသရုပ်ဆောင်မှုကိုသူမ အလွန်အမင်းနှစ်သက်နေလေ၏။
ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့မှာ ချက်ချင်းပင် မျက်ရည်များဝဲလာသည်အထိ စိတ်လှုပ်ရှားသွားကြသည်။
သူက ရှဲ့လီကိုရင်ခွင်ထဲသို့ဆွဲသွင်းကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
“ဝူးဝူးဝူး ကလေးရယ်၊ အဖေ့သမီးလေးရယ် ဒါဆိုရင်လည်း အဖေနဲ့အမေက သမီးရဲ့စေတနာကို လက်ခံလိုက်ရတော့မှာပေါ့”
ရှဲ့လီ : “……”
‘အဲဒီကျောက်စိမ်းလက်ကောက်က ရှဲ့စီလင်းဆီမှာရှိနေသေးလို့ သူတို့က သူမကို ခေါ်သွားတာလေ'
‘လူယုတ်မာတွေက လူယုတ်မာအချင်းချင်း စုပေါင်းတတ်ကြတယ်ဆိုတာ တကယ်ပဲ’
ရှဲ့လီ စိတ်ထဲမှ တွေးလိုက်မိသည်။
‘ရှဲ့ချင်စုန့်နဲ့ ဝူဖုန်းရောင်တို့က တစ်ကိုယ်ကောင်းဆန်တဲ့လူယုတ်မာနှစ်ကောင်ပဲ၊ စေတနာကို လက်ခံလိုက်ရတော့မှာပေါ့တဲ့လား လခွမ်းပဲ၊ နင်တို့နှစ်ကောင် ချီးသွားစားပါလား'
ဘေးမှစောင့်ကြည့်နေသော ရှဲ့စီလင်းမှာ တစ်ခုခုမှားယွင်းနေကြောင်း ပိုမိုခံစားလာရသည်။
‘ဒီရှဲ့လီက စစ်သည်ဇနီးဖြစ်လာပြီး ဒီရှင်းလင်းရေးကနေ လွတ်မြောက်နိုင်တယ်ပေါ့၊ အခြားတစ်ဖက်မှာကျတော့ ဖေ့ရှူချန်က အဖမ်းခံရတယ်၊ ငါနဲ့ ရှဲ့မိသားစုကလည်း ထွက်ပြေးရတော့မယ့် အခြေအနေရောက်နေပြီ၊ ပြီးတော့ ငါရထားတဲ့ ကျောက်စိမ်းလက်ကောက်ကလည်း မပွင့်သေးဘူး၊ ငါက ဘုရားသခင်ရဲ့ရှုထောင့်ကို ပိုင်ဆိုင်ထားတာ အသေအချာပဲလေ၊ ဘာလို့ ကိစ္စတွေက ဒီလိုမျိုးဆက်ဖြစ်နေရတာလဲ'
‘ငါ လုံးဝ မကျေနပ်ဘူး'
‘ဒါပေမဲ့ လောလောဆယ်တော့ တခြားနည်းလမ်းမရှိသေးဘူး၊ ကျောက်စိမ်းလက်ကောက်ရဲ့ နေရာလွတ်ပွင့်လာမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပဲ၊ အဲဒီအချိန်ရောက်ရင် ရှဲ့ချင်စုန့်နဲ့ ဝူဖုန်းရောင်ဆိုတဲ့ ဒီအဘိုးကြီး အဘွားကြီး နှစ်ယောက်က ငါ့ကိုမျက်နှာချိုသွေးရတော့မှာ'
ထိုညတွင် ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့မှာ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဖြင့် အိပ်မပျော်နိုင်အောင်ဖြစ်နေကြသည်။
“ဖုန်းရောင်၊ စီလင်းရဲ့ကျောက်စိမ်းလက်ကောက်က တကယ်ပဲ နေရာလွတ်မပွင့်သေးတာလို့ မင်းထင်လား”
ယနေ့ ရှဲ့လီ၏စကားများက သူ့ကို ရှဲ့စီလင်းအပေါ် စတင်သံသယဝင်လာစေ၏။
ဝူဖုန်းရောင်ရင်ထဲတွင်လည်း ဖော်ပြ၍မရသော ခံစားချက်တစ်ခုဖြစ်ပေါ်နေပြီး တစ်စုံတစ်ယောက်က သံသယမျိုးစေ့တစ်ခုကို စိုက်ပျိုးထားသကဲ့သို့ပင်။
ဤမျိုးစေ့သည် လျှပ်စီးလက်သကဲ့သို့ အလွန်မြန်ဆန်သောနှုန်းဖြင့် စတင်အညှောက်ထွက်လာသည်။
“ချင်စုန့် ကျွန်မတို့မြေအောက်ခန်းကိုသွားပြီး စစ်ဆေးကြည့်ရအောင်၊ တကယ်လို့ အဆင်မပြေဘူးဆိုရင် ယူရလွယ်တဲ့ပစ္စည်းတချို့ကို ထုပ်ပိုးပြီး ထွက်ပြေးကြတာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ရှဲ့လီက အိမ်မှာအသေခံဇာတ်ပို့လုပ်ဖို့ကျန်ခဲ့မှာဆိုတော့ သူ့ရဲ့ မိဘကျေးဇူးသိတတ်မှုကို ကျွန်မတို့ ဖြည့်ဆည်းပေးရမယ်လေ၊ ကျွန်မတို့ ယူမသွားနိုင်တဲ့ပစ္စည်းတွေကိုတော့ သူ့ရဲ့သင်္ဂြိုဟ်စရိတ်အဖြစ် သတ်မှတ်လိုက်မယ်၊ ဒါကျွန်မတို့ သူ့အပေါ်ကောင်းပေးတာပါပဲ၊ ကျွန်မတို့စီလင်းကို ခေါ်သွားမယ်၊ သူ အမှန်တိုင်းမပြောမှာကိုလည်း ကြောက်ဖို့မလိုဘူး၊ အချိန်အကြာကြီးနေလို့မှ ဒီစကားပဲဆက်ပြောနေသေးတယ်ဆိုရင် ကျွန်မတို့….”
ဝူဖုန်းရောင်က လည်ပင်းလှီးသည့်ဟန်အမူအရာ လုပ်ပြလိုက်၏။ ရှဲ့ချင်စုန့်ကောင်းကောငိး နားလည်သွားသည်။
“ကလေးရယ်၊ အဖေနဲ့အမေ့ကို အပြစ်မတင်ပါနဲ့၊ တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင် ဒီလောကကြီးရဲ့ အခြေအနေကိုပဲ အပြစ်တင်ပါတော့”
သူတို့နှစ်ဦးမတ်တတ်ရပ်ကာ အခန်းထဲမှထွက်လာကြပြီး ယူဆောင်ရလွယ်ကူသောပစ္စည်းအချို့ကို ထုပ်ပိုးဖို့ရာ မြေအောက်ခန်းသို့ သွားရန်ပြင်ဆင်လိုက်ကြသည်။
ရှဲ့စီလင်းအခန်းရှေ့မှ ဖြတ်သွားချိန်တွင် အခန်းတံခါးပွင့်နေသည်ကို တွေ့လိုက်ရ၏။ ထိုအကြောင်းကို အများကြီးမတွေးတော့ဘဲ အောက်ထပ်သို့ တိတ်တဆိတ်ဆင်းသွားကြသည်။
ရှဲ့ချင်စုန့်က လက်နှိပ်ဓာတ်မီးကို အသုံးပြုကာ မြေအောက်ခန်း၏စကားဝှက်သော့ကို ဖွင့်လိုက်၏။
လင်မယားနှစ်ယောက် တံခါးထဲသို့ ဝင်ဝင်ချင်းမှာပင် မြေခွေးတစ်ကောင်အော်ဟစ်သကဲ့သို့ စူးရှရှအသံကြီး ထွက်ပေါ်လာတော့သည်။
“အား”