အခန်း ၃၂
Vol. 4 Ch. 32
Ch-32
မြေအောက်ခန်းထဲရှိ အရာအားလုံး ပျောက်ကွယ်သွားလေပြီ။ အမွေးအမျှင်လေး တစ်မျှင်ပင် မကျန်ရစ်ခဲ့ချေ။
“ပိုက်ဆံတွေဘယ်မှာလဲ၊ ပိုက်ဆံတွေဘယ်မှာလဲ၊ ငါ့ပိုက်ဆံတွေ ဘယ်ရောက်သွားပြီလဲ”
ရှဲ့ချင်စုန့်က အရူးတစ်ယောက်ပမာ အပြေးအလွှားဝင်လာပြီး အထဲတွင် မီတာ ၈၀၀အပြေးပြိုင်ပွဲဝင်သကဲ့သို့ ပတ်ပြေးနေတော့သည်။ တစ်ပတ်ပြည့်သွားသောအခါ သူ့မျှော်လင့်ချက်များအားလုံး လုံးဝကုန်ဆုံးသွားချေပြီ။
‘ပျောက်သွားပြီ၊ အကုန်လုံး ပျောက်သွားပြီ'
“ချင်စုန့် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ၊ ဒီပိုက်ဆံတွေမရှိဘဲ ကျွန်မတို့ သင်္ဘောခတောင် ပေးနိုင်မှာမဟုတ်ဘူး ဘယ်လိုလုပ်ကြမလဲ၊ စီလင်းရဲ့ လက်ကောက်ကလည်း အဆင်သင့်မဖြစ်သေးဘူးလေ၊ ကျွန်မတို့....”
ဝူဖုန်းရောင်၏စကားများ ရုတ်တရက် ရပ်တန့်သွားသည်။
ရှဲ့စီလင်း : “……”
ထိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရှဲ့စီလင်းအခန်းဆီသို့ အရူးများသဖွယ် ပြေးသွားကြတော့သည်။
လွန်ခဲ့သောတစ်နာရီ၌ ရှဲ့လီက အမှောင်ထုကိုအကာအကွယ်ယူကာ မြေအောက်ခန်းထဲသို့ ဝင်ရောက်ခဲ့သည်။
သူမတွင် ထူးခြားသောစွမ်းရည်တစ်ခု ရှိသည်။ ၎င်းမှာ ဓာတ်ပုံရိုက်ကူးသကဲ့သို့မှတ်သားနိုင်သော ဓာတ်ပုံမှတ်ဉာဏ်ပင်။
လူဖြစ်စေ၊ ပစ္စည်းဖြစ်စေ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ မှတ်မိနိုင်သည်။
ပြီးခဲ့သောအကြိမ်က မြေအောက်ခန်းတံခါးသော့၏စကားဝှက်ကို သူမ မှတ်သားထားခဲ့သဖြင့် ဤတစ်ကြိမ် မြေအောက်ခန်းထဲသို့ ချောမွေ့စွာဝင်ရောက်နိုင်ခဲ့သည်။
သူမက တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ လျင်မြန်သွက်လက်သော လှုပ်ရှားမှုများဖြင့် အရာအားလုံးကို သူမနေရာလွတ်ထဲသို့ ရွှေ့ပြောင်းလိုက်၏။
ထို့နောက်ပြန်လှည့်ကာ အိပ်ချင်မူးတူးဖြစ်နေသော ရှဲ့စီလင်းကိုသွားရှာခဲ့သည်။
အိပ်ခန်းအတွင်း၌
“အဖေနဲ့အမေက ဒီည နင့်ကိုသတ်မယ်လို့ ပြောနေကြတယ်၊ သူတို့က ငါ့ကိုဒီဟင်းရည်ပန်းကန် လာပို့ခိုင်းတာ၊ အထဲမှာဆေးခတ်ထားတယ်”
ရှဲ့လီက ကြက်ပေါင်းရည်ပန်းကန်ကို ချထားလိုက်ပြီး မယုံကြည်နိုင်စွာ စိုက်ကြည့်နေသော ရှဲ့စီလင်းကို ဆက်ပြောလာသည်။
“ငါက နင့်ကိုလိမ်စရာအကြောင်းမရှိဘူး၊ နင် ငါ့ကိုယုံရင်မြန်မြန်ထွက်သွားတော့၊ နင့်ဆီမှာ အဘိုးချန်ထားခဲ့တဲ့ လက်ကောက်ရှိနေတာပဲ၊ နောင်အခါ နင့်ဘဝက ခက်ခဲမှာမဟုတ်ပါဘူး”
ရှဲ့စီလင်းက ရှဲ့လီကိုမယုံရဲသော်လည်း သူမကိုယ်တိုင်လည်း ရှဲ့ချင်စုန့်တို့ ဇနီးမောင်နှံကို စတင်သံသယဝင်နေပြီဖြစ်၏။ သူတို့၏ရက်စက်သော လုပ်ရပ်များကိုကြည့်ခြင်းအားဖြင့် သူတို့ ဤကဲ့သို့လုပ်ရဲသည်ဟု သူမ ယုံကြည်နေသည်။
“နင်က ဘာလို့ ငါ့ကိုကယ်နေတာလဲ၊ နင် ငါ့ကို မုန်းနေသင့်တာမဟုတ်ဘူးလား”
ရှဲ့စီလင်းက သူမရင်ထဲရှိ သံသယကို ထုတ်ဖော်မေးမြန်းလိုက်၏။
ရှဲ့လီက နဖူးကိုထောက်ကာနာကြည်းစွာ ပြုံးလိုက်သည်။
“ငါ နင့်ကိုကယ်နေတာမဟုတ်ဘူး၊ ကိုယ့်ကိုကိုယ်ကယ်နေတာ၊ သူတို့က ကြက်ပေါင်းရည်ပန်းကန်ကို ငါ့ကိုလာပို့ခိုင်းတာလေ၊ တစ်ခုခုဖြစ်ရင် သူတို့က သေချာပေါက် ငါ့ကို ဓားစာခံလုပ်မှာ၊ နင် ထွက်သွားသည်ဖြစ်စေ မထွက်သွားသည်ဖြစ်စေ နင့်ရွေးချယ်မှုပဲ၊ ငါကတော့ ဒီညထွက်သွားတော့မယ်”
ရှဲ့လီ မတ်တတ်ရပ်ကာ အပြင်သို့လျှောက်ထွက်သွားသည်။ တံခါးဝတွင် ရပ်လိုက်ပြီး တုံ့ဆိုင်းနေသော ရှဲ့စီလင်းကို ပြန်လှည့်ကြည့်ကာ ရိုးသားမှုအပြည့်ရှိသော မျက်နှာထားဖြင့် လိမ်ဆင်တစ်ခု ထွင်လိုက်၏။
“နင် ကျောက်စိမ်းလက်ကောက်ကို လုယူသွားပေမဲ့ နင်ပေးတဲ့ ရွှေလက်ကောက်အတွက်တော့ ငါ ကျေးဇူးတင်ပါတယ်၊ အဲဒါကြောင့် ငါ ပိုက်ဆံအများကြီးရလိုက်ပြီး ရှဲ့မိသားစုကနေထွက်သွားဖို့ ယုံကြည်ချက်ရသွားတာလေ”
ထိုသို့ပြောပြီးနောက် ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။
ရှဲ့စီလင်း လုံးဝကိုပြာယာခတ်သွားတော့သည်။ ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့က ဤကဲ့သို့လုပ်ရဲကြောင်း သူမ သေချာပေါက်သိ၏။ ဤရက်ပိုင်းအတွင်း ထိုနှစ်ယောက်က လက်ကောက်အဆင်သင့်ဖြစ်ပြီလားဟု နေ့စဉ်နေ့တိုင်း သူမကိုလာမေးကြသည်။
သူမ ခေါင်းခါပြလိုက်တိုင်း သူတို့မျက်ဝန်းများထဲရှိ သံသယနှင့် မကျေနပ်မှုများကို ရှင်းလင်းစွာမြင်တွေ့နေရသည်။
ထို့အပြင် ဤကဲ့သို့အရေးကြီးသောအချိန်တွင် ဖေ့မိသားစုက ဝင်ရောက်စီးနင်းခံလိုက်ရပြီး ရှဲ့မိသားစုအလှည့်သို့ ရောက်လာတော့မည့်ပုံပေါက်နေ၏။
သူတို့အားလုံးက သူမလက်ကောက်ကို အားကိုးကာ ထွက်ပြေးဖို့စောင့်နေကြခြင်းပင်။ ရှဲ့စီလင်းအံကြိတ်ကာ မတ်တတ်ရပ်လိုက်ပြီး အဝတ်ဗီရိုထဲမှ သားရေလက်ဆွဲသေတ္တာငယ်တစ်လုံးကို ဆွဲထုတ်လိုက်သည်။
ပစ္စည်းအနည်းငယ်ကို ထုပ်ပိုးပြီးနောက် ခြေဖျားထောက်ကာ အပြင်သို့ထွက်လာခဲ့သည်။ ရှဲ့ချင်စုန့်တံခါးရှေ့မှ ဖြတ်သွားချိန်တွင် အထဲမှလှုပ်ရှားသံများကို ကြားလိုက်ရ၏။
ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့မအိပ်ကြသေးချေ။ တံခါးက ဟဟလေးပွင့်နေသည်။ သူမနားစွင့်ကာ တံခါးကြားမှတစ်ဆင့် ချောင်းကြည့်လိုက်သည်။
အလုပ်ပြီးသည်နှင့် မြည်းကိုသတ်ဖို့အကြောင်း၊ ဆိုလိုသည်မှာ ရှဲ့လီကို ရောင်းစားမည့်အကြောင်း သူတို့ပြောနေကြသည်ကို ကြားလိုက်ရ၏။
သူမအကြောင်းကို ပြောလာသောအခါ ဝူဖုန်းရောင်က ကျောက်စိမ်းလက်ကောက်က အဆင်မပြေသေးဘူးဆိုရင်ဟုဆိုကာ လည်လှီးသည့်ဟန်အမူအရာ လုပ်ပြလိုက်သည်ကို တွေ့လိုက်ရသည်။
‘ရှဲ့လီက ငါ့ကို တကယ်မလိမ်ခဲ့ဘူးပဲ'
‘သူတို့က ရှဲ့လီကိုရောင်းစားပြီး ငါ့ကိုသတ်ပစ်ဖို့ တကယ်စီစဉ်နေကြတာပဲ'
‘ဒီအဘိုးကြီး အဘွားကြီးနှစ်ယောက်က ဝက်တွေ ခွေးတွေထက်တောင်ဆိုးသေးတယ်'
ရှဲ့စီလင်း ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ သူမလက်ဆွဲသေတ္တာကိုဆွဲကာ ထွက်ပြေးတော့သည်။
တံခါးနားတွင် ပုန်းအောင်းနေသော ရှဲ့လီက ရှဲ့စီလင်း လက်ဆွဲသေတ္တာဆွဲကာ ပြေးသွားသည်ကို မြင်လိုက်ရ၏။ သူမနှုတ်ခမ်းထောင့်များက အောင်ပွဲခံသည့် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။
……
“စီလင်း”
ဝူဖုန်းရောင်က စီလင်း၏နာမည်ကိုခေါ်ရင်း အပေါ်ထပ်သို့ ပြေးတက်လာပြီး ရှဲ့ချင်စုန်ကလည်း အနောက်မှကပ်လျက်ပါလာသည်။
*ကျွီ*
တံခါးမှာ ဟဟလေးဖြစ်နေပြီး ဆွဲလိုက်သည်နှင့် ပွင့်သွားလေသည်။ အထဲရှိ အဝတ်ဗီရိုတံခါးမှာပွင့်နေပြီး အဝတ်အစားများလည်း ပျောက်ကွယ်နေချေပြီ။
ထိုနှစ်ယောက်က အိပ်ခန်းတစ်ခုလုံးကို ရှာဖွေလိုက်သော်လည်း ရှဲ့စီလင်းကိုမတွေ့ရချေ။
‘သူမ ထွက်ပြေးသွားတာလား'
ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့နှလုံးသားများမှာ အောက်ခြေအထိ ထိုးကျသွားတော့သည်။
“အဖေနဲ့ အမေ”
သူတို့နှလုံးသားများမှာ ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားပြီး ဝမ်းသာအားရ ပြန်လှည့်ကြည့်လိုက်ကြ၏။
ရှဲ့လီဖြစ်နေလေရာ သူတို့နှလုံးသားများ အောက်ခြေအထိပြန်လည်ထိုးကျသွားပြန်သည်။
အတက်အကျများလွန်းသဖြင့် ဝူဖုန်းရောင်မှာ ခံနိုင်ရည်မရှိတော့ဘဲ အသက်ရှူမဝကာ မေ့လဲသွားတော့သည်။
“အမေ အဖေ၊ အမေ ဘာဖြစ်သွားတာလဲ”
ရှဲ့လီက စိုးရိမ်နေဟန်ဆောင်ကာ မေးလိုက်လေ၏။
ရှဲ့ချင်စုန့် သက်ပြင်းချလိုက်ပြီး ဝူဖုန်းရောင်ဘေးတွင် ဗိုင်းခနဲထိုင်ချလိုက်ကာ ယခင်ကရှိနေခဲ့သော တင်းမာမှုများအားလုံးပျောက်ကွယ်သွားလေသည်။
သူက တည်ငြိမ်နေပုံရသော်လည်း တကယ်တမ်းတွင် အကြံများအားလုံး ကုန်ခမ်းသွားပြီဖြစ်သည်။
လက်ကောက်ကို ရှဲ့စီလင်းယူသွားခဲ့ချေပြီ။ လက်ကောက်ထဲတွင် ရှဲ့မိသားစု၏ ဘိုးစဉ်ဘောင်ဆက်ဥစ္စာဓနများပါဝင်နေပြီး ယခုအခါ အပြင်လူတစ်ယောက်လက်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ မြေအောက်ခန်းထဲရှိ ပစ္စည်းများကိုပင် ရှဲ့စီလင်းက ချန်မထားခဲ့ချေ။
‘ဒါ ငါတို့ကို သေလမ်းဆီတွန်းပို့နေတာပဲ'
“အား အူး အိုး အိုး အိုး”
ရှဲ့ချင်စုန့်မှာ ရာသီလာနေသောခွေးအိုကြီးတစ်ကောင်ကဲ့သို့ ကောင်းကင်သို့မော့ကာ နာနာကျင်ကျင်အော်ဟစ်နေတော့သည်။
အနှစ်နှစ်ဆယ်ကျော်တိုင်တိုင်ပြုစုပျိုးထောင်ခဲ့ရသော ကလေးက သူ့ကို ဤကဲ့သို့ ရက်ရက်စက်စက်လုပ်ရက်သည်လော။
ရှဲ့လီ စကားပြီးချိန်တွင် ရှဲ့ချင်စုန့်မှာ မျက်ရည်များဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေချေပြီ။
ရှဲ့လီက ရှဲ့ချင်စုန့်ကျောကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“ရပါတယ် အဖေ၊ သမီးဆီမှာ လက်ကောက်ပေါင်ထားတဲ့ ပိုက်ဆံနည်းနည်းကျန်ပါသေးတယ်၊ စီလင်း ထွက်ပြေးသွားပြီဆိုတော့ တော်လှန်ရေးကော်မတီက သေချာပေါက်သတင်းရမှာပဲ၊ အဖေ အခုအမှောင်ကို အကာအကွယ်ယူပြီး ထွက်ပြေးသင့်တယ်၊ မနက်ဖြန် အထက်ကလူတွေရောက်လာရင် အဖေ တကယ်ကို ထွက်ပြေးလို့မရတော့ဘူး”
စကားပြောရင်းမှ သူမက ပိုက်ဆံအချို့ကိုထုတ်ကာ ရှဲ့ချင်စုန့်ရင်ဘက်ထဲသို့ ထိုးထည့်လိုက်သည်။
“အဖေ ပြေးတော့”
ရှဲ့ချင်စုန့်မှာ သူမ၏အလောတကြီး တိုက်တွန်းမှုကြောင့် စိတ်လှုပ်ရှားသွား၏။ သူက ပိုက်ဆံများကို အိတ်ကပ်ထဲ ထိုးထည့်လိုက်ပြီး ဝူဖုန်းရောင်ကို ပခုံးပေါ်ထမ်းကာ အပြင်ပြေးထွက်သွားရင်း ပြောလိုက်သည်။
“ကလေးရယ်၊ သမီးက...”
သူ ခြေဆောင့်ကာ သက်ပြင်းချလိုက်သည်။
“အဖေ နောက်ဘဝကျရင်ပြန်ဆပ်ပါ့မယ်”
ရှဲ့လီက လှောင်ပြုံးပြုံးလိုက်၏။
‘ကျေးဇူးအများကြီးတင်ပါတယ် အဘိုးကြီးရေ'
ရှဲ့ချင်စုန့် ဆိပ်ကမ်းသို့အမြန်သွားရမည်ဖြစ်သည်။ အကယ်၍ သူ့ကို တော်လှန်ရေးကော်မတီမှ ဖမ်းမိသွားပါက ရှဲ့စီလင်းမှလက်ကောက်လေးတစ်ကွင်းနှင့် အရာအားလုံးသိမ်းဆည်းသွားဟုဆိုသည်ကို သူတို့ယုံကြည်ကြမည်မဟုတ်ချေ။
‘ငါကသာ ပိုင်ဆိုင်မှုတွေကိုလွှဲပြောင်းထားတယ်လို့ သူတို့ထင်ကြမှာပဲ'
ကံကောင်းထောက်မစွာဖြင့် ရှဲ့လီက သူ့ကို ဤငွေများပေးလိုက်သည်။
သူက ဤကလေးအပေါ် ဤဘဝတွင် အပြစ်လုပ်မိခဲ့ချေပြီ။ နောက်ဘဝကျမှသာ ပြန်ဆပ်ရတော့ပေမည်။
ထွက်ခွာသွားသော ရှဲ့ချင်စုန့်ကျောပြင်ကိုကြည့်ရင်း ရှဲ့လီက အေးစက်စက် ရယ်မောလိုက်သည်။
‘နောက်ဘဝဆိုတာ အရမ်းဝေးလွန်းတယ်၊ အခုဘဝမှာပဲ ပြန်ဆပ်လိုက်တာ ပိုကောင်းမယ်'
သူမက တော်လှန်ရေးကော်မတီသို့ ချက်ချင်းဖုန်းဆက်လိုက်သည်။
“အတွင်းရေးမှူးဝမ်၊ ပြီးခဲ့တဲ့အကြိမ်က ညွှန်ကြားထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းရလို့ပါ၊ ရှဲ့မိသားစုက ပိုက်ဆံတွေယူပြီး ထွက်ပြေးသွားပါပြီ၊ အခုလေးတင်ထွက်သွားတာပါ”
ဖုန်းချပြီးနောက် သူမက အိမ်ထဲရှိအရာအားလုံးကို သူမနေရာလွတ်ထဲသို့ အမြန်သိမ်းဆည်းလိုက်၏။ အိုးခွက်ပန်းကန်များကိုပင် မချန်ထားခဲ့ချေ။
တော်လှန်ရေးကော်မတီမှလူများ ရောက်လာချိန်တွင် ရှဲ့မိသားစုအိမ်မှာ ရှဲ့လီ၏ရှင်းလင်းမှုကြောင့် ဟာလာဟင်းလင်းဖြစ်နေလေပြီ။
ဝမ်သဲချန်က အလွတ်ဖြစ်နေသော ရှဲ့မိသားစုအိမ်ကိုကြည့်ကာ ဒေါသထွက်လွန်းသဖြင့် ခုန်ပေါက်မိမတတ်ဖြစ်သွားရသည်။
“အဓိပ္ပါယ်မရှိတာ၊ ဒီကျိန်စာသင့်ပြီး အနံ့ဆိုးထွက်နေတဲ့ အရင်းရှင်တွေ၊ ငါက လုံလုံလောက်လောက်မရက်စက်ခဲ့လို့လား၊ သူတို့က တကယ်ပဲ ထွက်ပြေးရဲတယ်ပေါ့လေ၊ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရဲတယ်ပေါ့လေ”
“ရှောင်ကျန်း လူနည်းနည်းခေါ်ပြီး ဆိပ်ကမ်းကိုသွား မြန်မြန်လုပ်၊ ရှဲ့မိသားစုကလူတွေကို သေချာပေါက် တားဆီးရမယ်”
ရှဲ့လီက ရှေ့တိုးလာပြီးဖြည့်စွက်ပြောကြားလိုက်သည်။
“အတွင်းရေးမှူးဝမ်၊ ရှဲ့ချင်စုန့်နဲ့ ဝူဖုန်းရောင်တို့က သင်္ဘောတစ်စင်းငှားထားတယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်မစုံစမ်းသိရသလောက် အဲဒီသင်္ဘောက ဘယ်မှာ ဆိုက်ကပ်ထားတာလဲဆိုတော့….”
ရှဲ့လီက အရာအားလုံးကိုပွင့်ပွင့်လင်းလင်းပြောပြလိုက်ပြီး ရှဲ့မိသားစုကို လုံးလုံးလျားလျား ရောင်းစားပစ်လိုက်၏။
ဝမ်သဲချန်မှာ အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး ရှဲ့လီပခုံးကို ပုတ်လိုက်သည်။
“ရဲဘော်ရှောင်ရှဲ့ မင်းရဲ့အသိဉာဏ်က အရမ်းမြင့်မားတာပဲ၊ ရွှံ့နွံထဲမှာမွေးဖွားလာပေမဲ့ မင်းရဲ့နှလုံးသားကို ဖြူစင်အောင်ထိန်းသိမ်းထားနိုင်တယ်”
ရှဲ့လီက နှိမ့်ချစွာဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
“ဒါက ကျွန်မလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါပဲ၊ ကျွန်မ လုပ်သင့်တဲ့အလုပ်ပါ”
ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့မှာ သင်္ဘောစတင်ထွက်ခွာမည့်အချိန်တွင် အဖမ်းခံလိုက်ရပြီး ရှဲ့စီလင်းမှာ ဆိပ်ကမ်းသို့မရောက်မီမှာပင် ဖမ်းဆီးခံလိုက်ရ၏။
ရှဲ့မိသားစုမှသုံးဦးလုံး လွတ်မြောက်မသွားခဲ့ချေ။
သတင်းရရှိပြီးနောက် ရှဲ့လီက သူမ၏သားရေလက်ဆွဲသေတ္တာငယ်လေးကိုထုပ်ပိုးရင်း သီချင်းလေးတစ်အေးအေးညည်းနေလေသည်။
စစ်တပ်ထဲဝင်ရန်အတွက် သူမထွက်သွားတော့ပေမည်။