← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

Ch-34

ရှဲ့လီက ဝမ်သဲချန်ကျောပြင်ကို လက်ညှိုးထိုးပြလိုက်သည်။

သူ့ကျောပြင်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်နေလေသည်။

“ဟားဟားဟား ဒါကြောင့်ကိုး ဟားဟားဟား”

သူက နောက်သို့လက်လှမ်းကာ စမ်းကြည့်လိုက်ရာ သူ့အင်္ကျီမှာစုတ်ပြဲနေကြောင်း တွေ့လိုက်ရ၏။

‘ငါ့ကျောကို လေတိုးနေတယ်လို့ခံစားရတာ အံ့သြစရာမရှိတော့ပါဘူး'

“ဒီလိုအသေးအဖွဲ ကိစ္စတွေကို ဂရုစိုက်မနေပါနဲ့၊ အဓိကကိစ္စကို အရင်ပြောကြရအောင်”

“ရှဲ့မိသားစုလူတွေက အရမ်းခေါင်းမာတယ်၊ အဲဒီပိုင်ဆိုင်မှုတွေကို ဘယ်မှာဝှက်ထားလဲဆိုတာကို သူတို့ဘယ်လိုမှ မပြောကြဘူး၊ ရှဲ့မိသားစုက အရမ်းကြီးမားတဲ့ ပစ်မှတ်တစ်ခုဆိုတာ မင်းသိမှာပါ၊ ငါ အမှားခံလို့မဖြစ်ဘူး”

သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ရုံးသုံးလေသံဖြင့် ပြောလိုက်သည်။

“ရှောင်ရှဲ့ ဒီကိစ္စကို မင်းကိုပဲလွှဲပေးလိုက်ပြီနော်”

ရှဲ့လီ သဘောပေါက်သွား၏။ ဝမ်သဲချန်က ရှဲ့မိသားစု၏ပစ္စည်းများကို ရှာဖွေပြီး အထက်လူကြီးများထံတွင် မျက်နှာလိုမျက်နှာရ လုပ်ချင်နေခြင်းဖြစ်၏။

‘ဒီအဘိုးကြီးက လူကောင်းမဟုတ်ဘူးပဲ၊ ကုန်သည်ကြီးများအသင်းရဲ့ ရွှီမိသားစုက သူနဲ့ အဆင်ပြေကြတယ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က ရွှီမိသားစုကို သူတမင်တကာလွှတ်ပေးခဲ့ပြီး သူတို့က သူ့ကို အကျိုးအမြတ်တွေအများကြီးပေးခဲ့မှာ သေချာတယ်'

ရှဲ့လီက ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“စိတ်မပူပါနဲ့ အတွင်းရေးမှူးဝမ်၊ ကျွန်မကိုသာ အားကိုးလိုက်”

‘ရှင့်အတွက်ဖျက်ဆီးပစ်ဖို့ ကျွန်မကိုသာ အားကိုးလိုက်'

နောက်တစ်နေ့တွင် ရှဲ့လီက ရှဲ့မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ကြောင်းကြေညာချက်ကို သတင်းစာမျက်နှာဖုံးတွင်ဖော်ပြခဲ့ပြီး ရှဲ့ချင်စုန့်ကိုတွေ့ရန် လက်ပတ်နီအဖွဲ့၀င်များက ရှဲ့လီကို ခေါ်ဆောင်သွားခဲ့သည်။

“ရှောင်လီ ရှောင်လီ မြန်မြန်၊ အဖေတို့ကိုကယ်ပါဦး၊ အဖေတို့ကို ဒီကနေထွက်သွားရအောင် လုပ်ပေးပါ၊ ‌အဖေတို့ ထွက်သွားတာနဲ့ ရှဲ့မိသားစုတစ်ခုလုံးက သမီးရဲ့ဟာတွေချည်းပဲ၊ အဖေတို့ သမီးကို အကုန်လုံးပေးပါ့မယ်”

ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့မှာ လူရုပ်မပေါက်တော့သည်အထိ နှိပ်စက်ခံထားရချေပြီ။

ရှဲ့ချင်စုန်၏လိပ်ခွံမျက်မှန်မှ မှန်ဘီလူးတစ်ဖက်မှာ ကွဲအက်နေလေသည်။ သူ့မျက်နှာမှာ ရာသီဥတုဒဏ်ခံထားရသကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး ရက်အနည်းငယ်အတွင်းမှာပင် သူ့နားထင်မှ ဆံပင်များစတင်ဖြူလာခဲ့ပြီဖြစ်သည်။

ဝူဖုန်းရောင်သည်လည်း ရှန်ဟိုင်းမြို့ အထက်တန်းလွှာအမျိုးသမီးတစ်ဦးမှ ယခုအခါ ဖရိုဖရဲဖြစ်နေသော အခြေအနေသို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

‘တော်လှန်ရေးကော်မတီက လူတွေနေဖို့ နေရာမဟုတ်ဘူးဆိုတာ သေချာနေပြီ’

ရှဲ့လီရင်ထဲမှနေ၍ လှောင်ပြုံးပြုံးလိုက်၏။

‘ဒါဆိုရင်လည်း သူတို့ကို ဒီမှာ အချိန်နည်းနည်းလောက် ထပ်ထားလိုက်တာပေါ့'

“အဖေနဲ့ အမေ၊ ရှဲ့မိသားစုမှာ ဘာမှမကျန်တော့ဘူးလေ အခွံလွတ်ကြီးပဲကျန်တော့တာ၊ သမီးကိုပေးတော့ရော ဘာအကျိုးရှိမှာမို့လို့လဲ”

ရှဲ့လီ လက်ပိုက်ကာ ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့ကို ငုံ့ကြည့်လိုက်သည်။

“အဖေတို့ သမီးကိုပစ်မှတ်တစ်ခုအဖြစ် ထားခဲ့တုန်းက သမီးဘာဖြစ်သွားမလဲဆိုတာကို အဖေတို့ တစ်ခါလောက်များ တွေးကြည့်ဖူးရဲ့လား”

ရှဲ့ချင်စုန့်မျက်လုံးများ နီရဲလာပြီး ကြမ်းပြင်ပေါ်သို့ ဗိုင်းခနဲဒူးထောက်ကျသွားတော့၏။

“ရှောင်လီ သမီးရဲ့မိဘတွေက သမီးအပေါ် မကောင်းခဲ့ပါဘူး၊ အဖေတို့က သမီးအပေါ် အပြစ်လုပ်ခဲ့မိတယ်၊ အဖေတို့ကို ဒီကနေထွက်သွားရအောင် နည်းလမ်းရှာပေးပါ၊ အဖေတို့ သမီးကို သေချာပေါက် ပြန်ပေးဆပ်ပါ့မယ် ကလေးရယ်”

ဝူဖုန်းရောင်သည်လည်း မျက်ရည်များ ကျလာသည်။ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ စကားပင်မပြောနိုင်တော့အောင် ရှိုက်ကြီးတငင် ငိုကြွေးတော့၏။

“ရှောင်လီ၊ အဖေ မှားသွားပါတယ်၊ သမီးက အဖေ့ရဲ့သွေးသားရင်းပဲလေ၊ အဖေ သမီးကို ဒီလိုမဆက်ဆံခဲ့သင့်ဘူး၊ အဖေ မှားသွားပါတယ်၊ အဖေတို့ကို ဒီကနေ ထွက်သွားအောင် လုပ်ပေးပါ၊ အဖေတို့ဘဝရဲ့ ကျန်တဲ့အချိန်တွေအားလုံးကို သမီးကိုပြန်ပေးဆပ်ဖို့သုံးသွားပါ့မယ်”

ရှဲ့လီက အကြည့်များကိုအောက်ချလိုက်ပြီး ရှဲ့ချင်စုန့် တစ်ချိန်က သူမအားပြောခဲ့ဖူးသော စကားများကို တစ်လုံးမကျန် ပြန်လည်ပြောဆိုလိုက်သည်။

“နောက်ဘဝမှပေါ့ နောက်ဘဝကျမှ သမီးကိုပြန်ဆပ်ပါ”

ရှဲ့ချင်စုန့်မှာ ရှဲ့လီ၏မက်မွန်ပွင့်ကဲ့သို့ မျက်ဝန်းများကို စိုက်ကြည့်လိုက်၏။

အေးစက်ပြီး ဂရုမစိုက်သောမျက်ဝန်းများပင်။

သူက ကြမ်းပြင်ပေါ်သို့ ခွေယိုင်ကျသွားပြီး ရှဲ့လီကိုတွေဝေငေးမောစွာ ကြည့်နေမိတော့သည်။

လွန်ခဲ့သောသုံးနှစ် ရှဲ့လီကို တောရွာမှ ရှဲ့မိသားစုသို့ ပထမဆုံးခေါ်ဆောင်လာခဲ့ချိန်က ထိုမိန်းကလေးငယ်လေးသည် အရောင်လွင့်နေသော ပန်းပွင့်ပုံအင်္ကျီလေးကို ဝတ်ဆင်ထားပြီး သူမ၏ရေပြာရောင် ပိတ်ချည်ဘောင်းဘီတွင် ဖာထေးရာများ၊ ပြန်ချုပ်ထားသော အတွန့်များနှင့် အပ်ပေါက်ရာများရှိနေသည်ကို သူဝိုးတဝါးမှတ်မိနေ၏။

၎င်းမှာ အခြားသူတစ်ယောက်၏ ဘောင်းဘီအဟောင်းကို သူမနှင့်တော်အောင် ပြင်ဆင်ချုပ်လုပ်ပေးထားခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသည်။

သူမက ကြောက်ရွံ့နေပြီး သူ့ကို စကားတစ်ခွန်းပင် မပြောရဲခဲ့ချေ။

သို့သော် သူမမျက်ဝန်းများထဲရှိ ကြည်လင်ပြတ်သားမှုမှာ သူ တစ်ခါမျှမမြင်ဖူးခဲ့သောအရာဖြစ်သည်။

ယခု ထိုမျက်ဝန်းများကို ပြန်လည်ကြည့်ရှုလိုက်သောအခါ အေးစက်မှုနှင့် ဂရုမစိုက်မှုများသာ ပြည့်နှက်နေသည်ကိုမြင်သောအခါ ရှဲ့ချင်စုန်မှာ အဆက်မပြတ်ငိုကြွေးတော့သည်။

“ရှောင်လီ၊ အဖေ သမီးကို စိတ်ပျက်အောင်လုပ်ခဲ့မိတယ် သွား သွား….. စစ်တပ်ထဲဝင်လိုက်၊ ရှဲ့မိသားစုနဲ့ မပတ်သက်နဲ့တော့၊ အဖေ သမီးကို စိတ်ပျက်အောင်လုပ်ခဲ့မိတယ်”

ရှဲ့လီ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာ၏။

အကယ်၍ ကမ္ဘာပေါ်ရှိအမှားတိုင်းကို ‘တောင်းပန်ပါတယ်’ ဟူသော စကားတစ်ခွန်းဖြင့် ဖုံးကွယ်နိုင်ပြီး ‘တောင်းပန်ပါတယ်’ ဟူသော စကားတစ်ခွန်းကြောင့် ခွင့်လွှတ်ပေးနိုင်မည်ဆိုပါက မူလပိုင်ရှင်သေဆုံးခဲ့ရခြင်းမှာ အလွန်တရာ ဈေးပေါနေပေလိမ့်မည်။

ပိုင်ဆိုင်မှုများအားလုံးက သူမနေရာလွတ်ထဲတွင်ရှိနေသဖြင့် ရှဲ့ချင်စုန့်နှင့် ဝူဖုန်းရောင်တို့က ထိုပိုင်ဆိုင်မှုများ ဘယ်မှာလဲဆိုသည်ကို မသိကြကြောင်း ရှဲ့လီ သဘာဝကျကျပင်သိထားသည်။

သူမက ရှဲ့စီလင်းကိုလည်း သွားတွေ့ခဲ့၏။

နှုတ်ဆိတ်နေခဲ့သော ရှဲ့စီလင်းမှာ ရှဲ့လီကိုမြင်သည်နှင့်တစ်ပြိုင်နက် သူမမျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။

စန်းတောင်မှ တောမျောက်တစ်ကောင်ကဲ့သို့ သူမကသံတိုင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တွယ်ကပ်ပြီး သံတိုင်များပေါ်တွင် ခြေထောက်များကိုပါ ချိတ်တွယ်လိုက်သည်။

သူမက ရှေးခေတ်အခြေအနေကို ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင်။

“နင်လား ဒီမိန်းမယုတ် နင်မလား၊ နင် ငါတို့ကို သတင်းပေးခဲ့တာ သေချာတယ်၊ နင် အဲဒီလောက် သဘောမကောင်းဘူးဆိုတာ ငါသိပြီးသား”

ရှဲ့စီလင်းက ပြီးခဲ့သောရက်ပိုင်းများအတွင်း အဖြစ်အပျက်များအားလုံးကို ပြန်လည်စဉ်းစားနေခဲ့ရာ ဤအရာအားလုံးက ရှဲ့လီ၏တွက်ချက်မှုနှင့် ထောင်ချောက်တစ်ခုသာဖြစ်သည်ဟု သူမ ခံစားလာရသည်။

“နင် အခု စစ်တပ်ထဲဝင်တော့မယ်ပေါ့လေ၊ နင် စောင့်နေလိုက်ပါ၊ ငါ နင့်ကို အလွတ်မပေးဘူး၊ အနှေးအမြန်ဆိုသလို ငါ နင့်ကို သတ်ပစ်မယ် မိန်းမယုတ်”

ရှဲ့စီလင်းက အော်ဟစ်ခြိမ်းခြောက်တော့၏။

သူမတွေးနေသည်မှာ 'ငါ့မှာ နေရာလွတ်ရတနာတစ်ခု ရှိသေးတယ်လေ’

သူမ တွေးရင်းမှ ဒေါသထွက်လွန်းသဖြင့် လက်များကို အရူးတစ်ယောက်လိုမြှောက်ကာ သံတိုင်များနှင့် ရိုက်ချလိုက်မိသည်။

*ခွမ်း*

သူမလက်ပေါ်ရှိ ကျောက်စိမ်းလက်ကောက်မှာ အပိုင်းပိုင်းအစစ ကွဲကြေသွားတော့သည်။

ရှဲ့စီလင်း : “……”

All Chapters