အခန်း ၃၈
Vol. 4 Ch. 38
Ch-38
အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့၏။ လီချယ်သည် စူးစမ်းလိုသောမျက်ဝန်းများဖြင့် ရှဲ့လီအား စိုက်ကြည့်ကာမေးလိုက်လေသည်။
“ခင်ဗျား...ခင်ဗျားက ဘယ်သူလဲ”
လီချယ်မှာ ဆွံ့အသွားခဲ့ရ၏။
“ငါလား၊ ငါက ရှန်တုန်းခေတ်ကတလီခွေလေ”
လီချယ်သည် အများကြီးတွေးတောနေရန်အချိန်မရှိတော့ဘဲ သူ့လုံခြုံရေး ရဲဘော်များကို အလျင်အမြန် အကြောင်းကြားလိုက်လေသည်။
“တပ်မှူး၊ အခန်းနံပါတ်ခြောက်ကလူကို ဖမ်းမိပါပြီ၊ သူ့လက်ဆွဲအိတ်ထဲမှာ ယမ်းမှုန့်တွေအပြည့်ပဲ၊ ကျွန်တော်တို့ သူ့ကိုဖမ်းမိချိန်မှာ သူက သင်္ဘောအောက်ခြေကိုသွားပြီး အားလုံးကို အသေခံဖောက်ခွဲဖို့ ပြင်ဆင်နေတာပါ”
အမာရွတ်နှင့်အမျိုးသားကို ဖမ်းဆီးနိုင်ခဲ့သဖြင့် သင်္ဘောပေါ်ရှိလူအားလုံး၏အသက်ကို ကယ်တင်နိုင်ခဲ့လေသည်။
လီချယ်မှာ ရှဲ့လီအားကြည့်လိုက်မိ၏။ လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံဖြင့် အကဲဖြတ်၍မရနိုင်ဟု ဆိုကြသည်မှာ မှန်ပေသည်။
ဤမျှနူးညံ့သိမ်မွေ့ပုံပေါ်သော အမျိုးသမီးရဲဘော်လေးမှာ အဘယ်ကြောင့် ဤမျှလောက်စွမ်းဆောင်နိုင်ရသနည်း။
ခွေးမြီးကောက်အား နိုင်ငံတော်လုံခြုံရေးရဲဘော်များက သယ်ထုတ်သွားခဲ့ပြီး ဒါလီယာ၏ရုပ်အလောင်းကိုလည်း ဆယ်ယူနိုင်ခဲ့လေသည်။ အမာရွတ်နှင့်အမျိုးသားမှာ ထိုသူလျှိုနှစ်ဦး၏ အထက်လူကြီးဖြစ်နေခဲ့၏။
သူ့ဘေးမှ လူငယ်ရဲဘော်လေးမှာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
“အရမ်းတော်တာပဲ တပ်မှူး ကျွန်တော်တို့ နောက်ထပ်ကြီးမားတဲ့အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြန်ပြီ”
သူ့ကိုလည်း အပြစ်တင်၍မရနိုင်ပေ။ ဒါလီယာနှင့် ခွေးမြီးကောက်တို့ကို ဖမ်းဆီးရန်အချိန်နှင့် လူအင်အားများစွာ ရင်းနှီးခဲ့ရသည်မဟုတ်လော။ ဤတစ်ကြိမ်တွင် သူတို့အထက်လူကြီးကိုပါ ဖမ်းဆီးနိုင်လိမ့်မည်ဟု မည်သူထင်မှတ်ထားခဲ့မည်နည်း။
သင်္ဘောမှာ ယခုမှသာ စတင်ထွက်ခွာလာခြင်းဖြစ်သောကြောင့် လီချယ်သည် အခြေအနေများကို ချိန်ဆကာ အထက်လူကြီးများထံသို့ သတင်းပို့လိုက်လေသည်။
နောက်ထပ်ပြဿနာများ မဖြစ်ပွားစေရန်အတွက် သင်္ဘောကို ဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်ရန် အထူးခြွင်းချက်အနေဖြင့် အမိန့်ပေးခဲ့ကြ၏။
လီချယ်သည် ရန်သူ့သူလျှိုသုံးဦးနှင့် နိုင်ငံ့လုံခြုံရေးဝန်ထမ်းများကို သင်္ဘောပေါ်မှ ခေါ်ဆောင်သွားခဲ့လေသည်။ မထွက်ခွာမီတွင် သူသည် ရှဲ့လီအား သီးသန့်လာရောက်ရှာဖွေကာ နှုတ်ဆက်စကားဆိုပြီး ထပ်မံ၍ ကျေးဇူးတင်စကားပြောကြားခဲ့သေး၏။
ရှဲ့လီက လက်ဝှေ့ယမ်းပြလိုက်လေသည်။ သူမအနေဖြင့် သူမ၏ပင်ကိုအသိစိတ်အရ လုပ်ဆောင်ခဲ့ခြင်းသာပင်။
သင်္ဘောဆိုက်ကပ်သွားပြီးနောက်ခရီးစဉ်မှာ မနက်ဖြန် မွန်းလွဲပိုင်းမှသာ ရှိတော့မည်ဖြစ်သည်။ ရှဲ့လီသည် ထပ်မံအချိန်မဆွဲလိုတော့သောကြောင့် ဆိပ်ခံတံတားရှိ လက်မှတ်ပွဲစားတစ်ဦးထံတွင် လှေလက်မှတ်တစ်စောင် သွားရောက်ဝယ်ယူလိုက်လေသည်။
လက်မှတ်ပွဲစားသည် ငွေကိုယူကာ ရှဲ့လီအား သင်္ဘောရှာရန် ဝမ်းသာအားရ ခေါ်ဆောင်သွားရင်း ကြွားလုံးထုတ်လိုက်လေသည်။
“ရဲဘော် စောင့်ပဲကြည့်နေလိုက်၊ ဒါကို ကျုပ်ဆီသာ လွှဲထားလိုက်၊ ရဲဘော် အရှေ့ကသင်္ဘောကိုမြင်လား၊ ခဏနေရင် ကျုပ်နောက်ကနေသာလိုက်ခဲ့၊ ဘာမှမပြောနဲ့၊ ကျုပ်လုပ်တဲ့အတိုင်းလိုက်လုပ်၊ ခင်ဗျားကို အထဲရောက်အောင် ခေါ်သွားပေးမယ်”
ရှဲ့လီ လှမ်းကြည့်လိုက်လေသည်။ အရှေ့ဘက်ရှိသင်္ဘောမှာ လူပြည့်နေပြီဖြစ်ပြီး လူတက်လမ်းသစ်သားပြားကိုပင် ရုပ်သိမ်းနေကြလေပြီ။
မည်သူမျှ ထပ်မံတက်ရောက်ရန်မဖြစ်နိုင်တော့ပေ။ သို့သော် ထိုလက်မှတ်ပွဲစားမှာမူ ယုံကြည်မှုများ အပြည့်ရှိနေဟန် ပေါ်လေသည်။
ရှဲ့လီ ပွဲစားနောက်မှလိုက်ပါသွားစဉ် သူသည် ရှေ့သို့ ရုတ်တရက်ပြေးထွက်သွားကာ သစ်သားပြား ရုပ်သိမ်းနေသော လူငယ်တစ်ဦးအား ဆွဲဖမ်းလိုက်သည်ကို မြင်တွေ့လိုက်ရ၏။
*ဒုတ်*
‘အဲ့လူက တကယ်ကြီးဒူးထောက်ချလိုက်တာလား’
ထိုလူ့အသံမှာ အလွန်ပင်ကျယ်လောင်လှပြီး လည်ချောင်းကွဲမတတ် အသံပြဲကြီးဖြင့် ငိုကြွေးနေလေသည်။
“ရဲဘော်ရယ် သနားပါဦး၊ ကျုပ်အဖေသေသွားလို့ ကျုပ်တို့မောင်နှမနှစ်ယောက် အသုဘကိုသွားရမှာမလို့ပါ၊ ကျေးဇူးပြုပြီး သင်္ဘောပေါ်ပေးတက်ခွင့်ပေးပါနော်”
ရှဲ့လီတစ်ယောက် ဆွံ့အသွားခဲ့ရ၏။
‘သူပြောတဲ့ သူ့ကိုသာ လွှဲထားလိုက်ဆိုတာ ဒါကိုပြောတာလား၊ ချက်ချင်း အဖေကွယ်လွန်သူကြီးဖြစ်သွားရတာပေါ့လေ'
ထိုလူငယ်လေးမှာ အခက်တွေ့သွားဟန်ဖြင့် လက်မှတ်ပွဲစားအား အလျင်အမြန် ဆွဲထူလိုက်လေသည်။
“ရဲဘော်၊ ကျွန်တော် မကူညီချင်လို့မဟုတ်ပါဘူး၊ သင်္ဘောကလူပြည့်နေလို့ပါ၊ တစ်ယောက်ယောက်များနေရာဖယ်ပေးမလားဆိုတာ ကျွန်တော် သွားမေးကြည့်ပေးပါ့မယ်”
လက်မှတ်ပွဲစားသည် ကြမ်းပြင်သို့ အဆက်မပြတ် ဦးချကန်တော့ရင်း ဆက်လက်အော်ဟစ်နေလေသည်။
“ကျေးဇူးတင်ပါတယ်ဗျာ ဝါးးး”
သူသည် ငိုကြွေးနေရင်း ရှဲ့လီအားလှမ်းဆွဲကာ တီးတိုးပြောလိုက်၏။
“ငိုလေ မြန်မြန်၊ နည်းနည်းပါးပါးလောက် ငိုလိုက်လေ”
ရှဲ့လီမှာ ပြောစရာစကားပင်ရှာမတွေ့တော့ပေ။ အဆုံးတွင် သူမသည်လည်း အလိုက်တသိ ငိုကြွေးပြလိုက်လေ၏။
“ဝါးးး အဖေရယ်၊ အဖေသေရတာ အဖြစ်ဆိုးလှချည်လား ဝါးးးး”
သူမသည် ထိုသို့ငိုကြွေးနေရင်းမှသိပ်ပြီး အလောတကြီးမဖြစ်တော့သလို ခံစားလိုက်ရ၏။ မနက်ဖြန်မှသွားလည်း အဆင်ပြေနိုင်သည်ပင်။ ဤလက်မှတ်ပွဲစားထံမှ ငွေပြန်တောင်းသင့် မတောင်းသင့်ကိုပင် သူမစဉ်းစားလာမိလေသည်။
အချိန်အနည်းငယ်ကြာပြီးနောက် မီးခိုးပြာရောင်ရေတပ်ဝတ်စုံကို ဝတ်ဆင်ထားကာ သားရေလက်ဆွဲအိတ်ကြီး တစ်လုံးကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦး ထွက်ပေါ်လာလေသည်။
သူသည် အသက်နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးနှစ်အရွယ်ခန့်ရှိပြီး အရပ်ရှည်ရှည်နှင့် တောင့်တောင့်ဖြောင့်ဖြောင့် ကိုယ်ဟန်အနေအထားရှိကာ စူးရှထက်မြက်သော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထား၏။
သူ့မျက်နှာတစ်ခုတည်းကပင် တရားမျှတမှုအငွေ့အသက်များကို ဖော်ပြနေလေသည်။ သူ၏မီးခိုးပြာရောင်ဝတ်စုံတွင် အိတ်ကပ်လေးခုပါရှိခြင်းအရ သူသည် အရာရှိတစ်ဦးဖြစ်ကြောင်း ဖော်ပြနေလေသည်။
သူသည် သင်္ဘောပေါ်မှ ဆင်းလာရင်း ကမ်းလှမ်းလိုက်လေသည်။
“ရဲဘော်၊ ကျွန်တော် ခင်ဗျားတို့နဲ့နေရာချင်းလဲပေးပါ့မယ်”
လူငယ်လေးသည်လည်း သင်္ဘောပေါ်မှ ဆင်းလာကာ အတည်ပြုပေးလိုက်လေသည်။
“ဒီရဲဘော်က တစ်ယောက်ပဲနေရာချင်းလဲပေးချင်တယ်တဲ့”
လက်မှတ်ပွဲစားသည် စကားတစ်ခွန်းမျှ မဆိုဘဲ ရှဲ့လီအားဆွဲကာ သင်္ဘောပေါ်သို့ အတင်းတွန်းပို့လိုက်လေသည်။
“ဒါဆိုရင် ကျုပ်ညီမကို အရင်သွားခိုင်းလိုက်မယ်၊ ကျုပ်ကတော့ တခြားနည်းလမ်းရှာရတော့မှာပေါ့၊ ညီမလေး လမ်းမှာဂရုစိုက်သွားဦးနော် ညီမလေး”
ရှဲ့လီသည် ထိုအရာရှိအားကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် သူမမျက်နှာကိုဖုံးကွယ်ကာ အနောက်သို့ပင်လှည့်မကြည့်တော့ဘဲ လှေခန်းအတွင်းသို့ ဝင်ရောက်သွားလေသည်။
ကျိန်ဆဲချင်စရာကောင်းသော ထိုလက်မှတ်ပွဲစားကြီးသည် သူမငွေကိုယူကာ သူမအား လူရွှင်တော်တစ်ဦးဖြစ်အောင်လုပ်ခဲ့သေး၏။
’တကယ့်ကို မကောင်းတဲ့သူဘဲ’