← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

Ch-39

အမျိုးသမီးလှေခန်းမှာ စတုတ္ထတန်းဖြစ်ပြီး ခရီးစဉ်မှာချောမွေ့နေခဲ့သည်။ သို့သော် သူမအား သနားကြင်နာစွာ ကြည့်ရှုနေကြသည့် မျက်ဝန်းများနှင့် စိတ်သဘောထားပြည့်ဝသော အဒေါ်ကြီးအချို့၏နှစ်သိမ့်စကားများကိုမူ ရှောင်လွှဲ၍မရနိုင်ခဲ့ပေ။

အဒေါ်ကြီးတစ်ဦးက စိတ်မကောင်းဟန်ဖြင့် လှမ်း၍နှစ်သိမ့်လာသည်။

“သမီးရယ်၊ စိတ်မကောင်းပါဘူးကွယ်”

ရှဲ့လီမှာ ဆွံ့အသွားပြီးနောက် ပြုံးယောင်သမ်းကာ တုံ့ပြန်လိုက်ရသည်။

“ကျေးဇူးတင်ပါတယ်ရှင်”

ထင်ထားသည့်အတိုင်းပင် မမျှော်လင့်ထားသောအရာများက ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ယုတ်မာလှသော ထိုလက်မှတ်ပွဲစားသည် ရှဲ့လီအား လျောင်းနင်ပြည်နယ်သို့ တိုက်ရိုက်မသွားဘဲ ဖြတ်သန်းသွားရုံသာဖြစ်သော သင်္ဘောပေါ်သို့ တင်ပေးလိုက်ခြင်းဖြစ်သည်။

သင်္ဘောပိုင်ရှင်မှာ သဘောကောင်းသူဖြစ်ရာ ရှဲ့လီအတွက် အသက်ကယ်လှေငယ်တစ်စင်းကိုချပေးပြီး သံလိုက်အိမ်မြှောင်တစ်ခုကို ပစ်ပေးကာ တိုက်တွန်းလာသည်။

“အရှေ့ဘက်ကို နှစ်နာရီလောက်လှေလှော်သွားရင် ရောက်ပြီ၊ အရမ်းနီးနီးလေးပါ”

ထိုသို့ဆိုပြီးနောက် သူသည်နောက်သို့ပင် လှည့်မကြည့်တော့ဘဲ သင်္ဘောကို မောင်းနှင်ထွက်ခွာသွားခဲ့၏။

ရှဲ့လီ အံတင်းတင်းကြိတ်လိုက်ကာ သူမလက်မောင်းများကို ပန်ကာရွက်များအလား အဆက်မပြတ်လှုပ်ရှားလိုက်သည်။

*ကျွိ ကျွိ ကျွိ *

တကျွိကျွိမြည်သံများနှင့်အတူ သူမသည် သုံးရက်တိုင်တိုင်မရပ်မနားလှော်ခတ်နေခဲ့သည်။ သုံးရက်ကြာပြီးနောက်တွင်မူ ဆိပ်ကမ်းကိုမမြင်ရဘဲ လှိုင်းတံပိုးများကိုသာ မြင်တွေ့လိုက်ရ၏။

တစ်မီတာကျော်မြင့်မားသော လှိုင်းလုံးကြီးတစ်ခုက သူမလှေငယ်လေးကို ချက်ချင်း မှောက်ကျသွားစေခဲ့သည်။

မဆုတ်မနစ်သော ရှင်သန်လိုစိတ်ကို အရင်းတည်ကာ ရှဲ့လီသည် သစ်သားပြားတစ်ချပ်ကို တင်းကြပ်စွာဖက်တွယ်ထားရင်း ကျယ်ပြောလှသော သမုဒ္ဒရာပြင်ထက်တွင် မျောပါနေခဲ့သည်။ လူသူကင်းမဲ့ပြီး ကုန်းမြေ၊ ကျွန်းစုဟူ၍ ဘာတစ်ခုမျှမရှိဘဲ ဆားငန်ရေများသာ ပြည့်နှက်နေ၏။

သုံးရက်တိုင်တိုင် ရေတစ်ပေါက်၊ ထမင်းတစ်လုတ်မျှမစားရဘဲ ပြင်းပြသော စိတ်ဓာတ်ခွန်အားဖြင့်သာ ယခုအချိန်အထိ တောင့်ခံထားနိုင်ခြင်းဖြစ်သည်။

ကြိုတင်သိရှိခဲ့ပါက သူမနေရာလွတ်အတွင်း၌ အစားအသောက်အချို့ကို ထည့်သွင်းထားခဲ့မည်မှာ သေချာသည်။ ယခုမူ သူမနေရာလွတ်ထဲတွင် ငွေကြေးများနှင့် ရတနာများသာပြည့်နှက်နေပြီး ဤကဲ့သို့ အသက်လုနေရချိန်တွင် အသုံးမဝင်သောအရာများသာ ဖြစ်နေခဲ့၏။

ကောင်းကင်ကြီးဆီသို့ မော့ကြည့်ကာ သူမ အော်ဟစ်ငိုယိုလိုက်သည်။

“အားးး နင်တို့ရဲ့စွမ်းအားတွေကိုပြသလိုက်စမ်းပါ အာလာဒင် ဂျင်းနီ”

သို့သော် သူမ၏ကန့်သတ်ချက်ရှိနေသော ခန္ဓာကိုယ်စွမ်းအင်များ လျော့ကျသွားမည်ကို စိုးရိမ်သောကြောင့် ချက်ချင်းပင် ပါးစပ်ကိုပိတ်လိုက်ရသည်။

*ဝုန်း*

စက်ယန္တရားများ လည်ပတ်နေသံက လှိုင်းသံများနှင့် ရောယှက်ကာ ရှဲ့လီနားထဲသို့ ဝင်ရောက်လာ၏။

‘အာလာဒင်နဲ့ ဂျင်းနီတို့က တကယ်ပဲ သူတို့စွမ်းအားများကို ပြသလိုက်ပြီလား’

ရှဲ့လီသည် ခေါင်းလှည့်ကာကြည့်လိုက်သည်။ ကျယ်ပြောလှသော သမုဒ္ဒရာပြင်ထက်တွင် မီးခိုးပြာရောင်စစ်သင်္ဘောကြီးတစ်စင်းက သူမမြင်ကွင်းထဲသို့ တဖြည်းဖြည်းဝင်ရောက်လာသည်။

ပင်လယ်ရေထဲတွင် စိမ်ထားသော သံမဏိများ၏ ညှီစော်နံများနှင့် ဒီဇယ်ဆီ၏စူးရှရှအနံ့တို့မှာ ယခုအချိန်တွင် အလွန်ပင်မွှေးကြိုင်နေသယောင် ခံစားလိုက်ရ၏။ ၎င်းသည် ပင်လယ်ပြင်၏ အရှင်သခင်တစ်ပါးအလား ဖြည်းညင်းစွာ ရှေ့သို့ချီတက်လာနေသည်။

ရှဲ့လီ အစွမ်းကုန်အော်ဟစ်အကူအညီတောင်းလိုက်သည်။

“ကယ်ကြပါဦး ကယ်ကြပါဦး”

လူတို့သည် မိမိတို့ရှေ့မှောက်တွင် မျှော်လင့်ချက်ကို မြင်တွေ့ရသောအခါ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလွယ်တတ်ကြ၏။ သုံးရက်သုံးညတိုင်တိုင် ထိတ်လန့်ကြောက်ရွံ့နေခဲ့ရသော ရှဲ့လီမှာ ယခုအခါတွင် အဆက်မပြတ် ရှိုက်ကြီးတငင်ငိုကြွေးနေမိတော့သည်။

သူမသည် သစ်သားပြားကို အစွမ်းကုန် ဆုပ်ကိုင်ထားရင်း အပေါ်သို့တက်ရန် ကြိုးစားနေခဲ့သည်။ စစ်သင်္ဘောကြီးမှာ အလွန်ပင် ကြီးမားခန့်ညားလွန်းလှရာ သူမမှာ ပင်လယ်ပြင်ထက်တွင် မျောပါနေသော ပုရွက်ဆိတ်ငယ်လေးတစ်ကောင်နှင့်သာတူနေပြီး သတိမထားမိပါက ဤသင်္ဘောကြီး၏ ကြိတ်ချေဖျက်ဆီးမှုကို ခံရနိုင်ခြေရှိ၏။

ကုန်းပတ်ပေါ်တွင် ရှန်ဟွိုင်နျန်သည် ခပ်လှမ်းလှမ်းရှိ အနီရောင်အစက်ငယ်လေးကို စိုက်ကြည့်နေသည်။

“ဟိုဘက်မှာ လူတစ်ယောက်ရှိနေတယ်”

ကျန်းချင်းလျန်သည် ရှန်ဟွိုင်နျန်အကြည့်များရှိရာသို့ လှမ်းကြည့်လိုက်သည်။ မှေးမှိန်နေသော အနီရောင်အစက်လေးတစ်ခုသာဖြစ်ပြီး လူဖြစ်ကြောင်းကို မည်သူကသိနိုင်မည်နည်း။

သို့သော် တပ်မှူး၏အမြင်အာရုံမှာ အလွန်ကောင်းမွန်ကြောင်း နာမည်ကြီးလှသဖြင့် သူ့စကားကိုမည်သူမျှ မေးခွန်းမထုတ်ရဲကြပေ။ ကျန်းချင်းလျန်သည် ချက်ချင်းပင် လူလွှတ်ကာ လှေချ၍စုံစမ်းရန် အမိန့်ပေးလိုက်သည်။

အမှန်တကယ်ပင် လူတစ်ယောက်ဖြစ်နေသည်။ ထိုသူမှာ အနီရောင်ပန်းပွင့်အဆင်အင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်နေသည်။

ရှဲ့လီအား လှေပေါ်သို့ ဆွဲတင်လိုက်ကြသည်။ သူမသည် ဘေးဘက်သို့ကပ်ကာ တုန်ယင်နေခဲ့၏။ ထိုသို့တုန်ယင်နေခြင်းမှာ ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲ သုံးရက်တိုင်တိုင် အစာမစား၊ ရေမသောက်ရသည့်အပြင် လှိုင်းရိုက်ခံရပြီး ပင်လယ်ထဲတွင် သစ်သားပြားကိုသာ ဖက်တွယ်ထားရသူ မည်သူမဆို ဤကဲ့သို့ တုန်ယင်နေမည်သာဖြစ်သည်။

ရှဲ့လီသည် အံတင်းတင်းကြိတ်ကာ ပြည့်စုံသော စာကြောင်းတစ်ကြောင်းဖြစ်အောင် အားယူပြောလိုက်၏။

“ရဲဘော်တို့ ကျွန်မရေဆာနေပြီ”

ကျန်းချင်းလျန်၏မျက်ဝန်းများထဲတွင် သတိထားစောင့်ကြည့်မှုများပြည့်နှက်နေပြီး ရေစိုရွှဲကာ သနားစရာကောင်းနေသော ရှဲ့လီ၏အခြေအနေကို အကဲခတ်လိုက်သည်။ ရေစိုနေသောကြောင့် အနီရောင်ပန်းပွင့်အဆင်အင်္ကျီမှာ သူမ၏ လှပသော ခန္ဓာကိုယ်ပေါ်တွင် ကပ်နေပြီး အချိုးအစားများကို ထင်ရှားစွာ ပေါ်လွင်နေစေ၏။

ကျန်းချင်းလျန်သည် သူမထံတွင် မည်သည့်အရာမျှ ဖွက်ထားခြင်းမရှိကြောင်း သေချာသွားမှသာ အေးစက်စက်လေသံဖြင့် တုံ့ပြန်လိုက်သည်။

“ခဏနေရင်ပေးမယ်”

ကျယ်ပြောလှသော သမုဒ္ဒရာအလယ်တွင် အနီရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ဦး ရုတ်တရက်ပေါ်လာခြင်းမှာ ရန်သူ့သူလျှို သို့မဟုတ် သရဲမတစ်ကောင်သာ ဖြစ်ရပေမည်။ ကျန်းချင်းလျန်၏ အမြင်တွင်မူ ပထမအချက်ကပို၍ ဖြစ်နိုင်ခြေရှိနေသည်။

အဘယ်ကြောင့်ဆိုသော် သရဲမတစ်ကောင်မှာ ရေဆာ၊ ဗိုက်ဆာလေ့မရှိသောကြောင့်ပင်။

စစ်သင်္ဘောပေါ်သို့ ရောက်ရှိပြီးနောက် ရှဲ့လီသည် ရေအနည်းငယ်ကို အရင်သောက်လိုက်ပြီး စစ်တပ်ထုတ် စည်သွတ်ဘူးအချို့ကို စားသုံးလိုက်သည်။ ထိုအခါမှသာ သူမသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချနိုင်တော့၏။ သူမ၏အေးစက်နေသော ခန္ဓာကိုယ်မှာလည်း အတွင်းပိုင်းမှစ၍ တဖြည်းဖြည်း နွေးထွေးလာခဲ့သည်။

သူမသည် ကူးပြောင်းမလာမီက အလုပ်နှင့် ကင်းကွာနေသည်မှာကြာမြင့်နေပြီဖြစ်သောကြောင့်လော သို့မဟုတ် ယုယပြုစုခံရသော သခင်မလေးတစ်ဦးအဖြစ် နေသားကျသွားခြင်းကြောင့်လော မသိနိုင်သော်လည်း သူမမျက်ဝန်းများထဲမှ မျက်ရည်အချို့ကျဆင်းလာခဲ့သည်။

ရှန်ဟွိုင်နျန်သည် မလှမ်းမကမ်းတွင်ရပ်ကာ သူမအား စိုက်ကြည့်နေခဲ့၏။ သူမအသွင်အပြင်မှာ အလွန်ဖရိုဖရဲဖြစ်နေသည်။

All Chapters