← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

Ch-40

ရေများစိုရွှဲနေပြီး အဝတ်အစားများနှင့် ဆံပင်များမှာ သူမခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် ကပ်နေသည်။ သူမမျက်နှာမှာ စက္ကူတစ်ရွက်အလားဖြူလျော့နေပြီး ခေါင်းငုံ့ကာ အငမ်းမရစားသောက်နေပုံမှာ နှစ်ထောင်ပေါင်းများစွာ ဆာလောင်နေခဲ့သော ရေသူရဲမတစ်ကောင်နှင့်ပင် တူနေလေ၏။

သူမ စားသောက်ပြီးသွားသောအခါ ရှန်ဟွိုင်နျန် ရှေ့သို့ တိုးလာလေသည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ၊ ဘယ်ကလာပြီး ဘယ်ကိုသွားမှာလဲ၊ ဒီပင်လယ်ပြင်မှာ ဘာလို့ရောက်နေတာလဲ”

ရှဲ့လီသည် သူမရှေ့မှလေးနက်ပြီး အေးစက်ကာ စစ်ဆေးမေးမြန်းနေသည့်ဟန်ရှိသော အမျိုးသားတစ်ဦး၏အသံကိုသာကြားလိုက်ရသည်။ နားထောင်လို့ကောင်းသော်လည်း ရင်းနှီးဖော်ရွေမှုတော့မရှိပေ။

သူမ မော့ကြည့်လိုက်သောအခါ အနက်ရောင်သားရေဘွတ်ဖိနပ်အတို တစ်ရံနှင့် တွဲဖက်ဝတ်ဆင်ထားသော တိုက်ခိုက်ရေးဘောင်းဘီကို မြင်တွေ့လိုက်ရသည်။

သူမ ဆက်လက်၍မော့ကြည့်လိုက်သည်။ ဤအမျိုးသား၏ ခြေတံများမှာ အလွန်ရှည်လျားပြီး ဖြောင့်တန်းနေကာ သူမလည်ပင်း ညောင်းညာသွားသည့်တိုင်အောင် မော့ကြည့်မှသာ သူ့မျက်နှာကို မြင်တွေ့ရလေ၏။

သူသည် အနက်ရောင်ဆံပင်တိုနှင့် မျက်နှာတွင် အနက်ရောင်နှာခေါင်းစည်းကို တပ်ဆင်ထားရာ အေးစက်နေသော မြေခွေးမျက်ဝန်း တစ်စုံကိုသာ မြင်တွေ့ရသည်။

သို့သော်လည်း နှာခေါင်းစည်းအပြင်ဘက်မှ ပုံပန်းသဏ္ဍာန်က သူ၏ထူးခြားလှပသော မျက်နှာကျကို ဖော်ပြနေဆဲဖြစ်သည်။ သူမ ပတ်ပတ်လည်တွင်ရပ်ကာ သူမအား သတိထားစောင့်ကြည့်နေကြသော စစ်သားများကို မြင်သောအခါ ရှဲ့လီ နားလည်သွား၏။ သူတို့က သူမအား ရန်သူ့သူလျှိုဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။

ရှဲ့လီသည် လက်မြှောက်ကာ မျက်နှာပေါ်သို့ကျနေသော ရေစိုနေသည့်ဆံပင်များကို သပ်တင်လိုက်ရာ သူမ၏သွယ်လျသော လည်ပင်းနှင့် ဖြူဝင်းနေသော မျက်နှာလေး ပေါ်လွင်လာလေသည်။

“ကျွန်မနာမည် ရှဲ့လီပါ၊ မိသားစုဝင်တစ်ယောက်အနေနဲ့ စစ်တပ်ထဲကိုဝင်ဖို့လာတာပါ၊ လှေမှားစီးမိလို့ သင်္ဘောသားတစ်ယောက်က လှေငယ်တစ်စင်းချပေးပြီး ဒီဘက်ကို နှစ်နာရီ၊ သုံးနာရီလောက်လှော်သွားဖို့ ပြောလိုက်တာပါ၊ ဒါပေမဲ့ လှိုင်းပုတ်လို့ လှေမှောက်သွားပြီး လမ်းပျောက်သွားတယ်”

စစ်သားများမှာ ခေတ္တမျှမိန်းမောသွားကြသည်။ ဤသရဲမက ဤမျှလောက် လှပနေလိမ့်မည်ဟု သူတို့ထင်မှတ်မထားခဲ့ကြပေ။

ရှန်ဟွိုင်နျန်၏အကြည့်များသာလျှင် ပြောင်းလဲခြင်းမရှိခဲ့ခြင်းဖြစ်သည်။ ရှဲ့လီသည် ရှန်ဟွိုင်နျန်အား မော့ကြည့်ကာ ထပ်မံဖြည့်စွက်လိုက်၏။

“သြော် ဟုတ်သားပဲ၊ ကျွန်မအမျိုးသားနာမည်က ရှန်ဟွိုင်နျန်လို့ခေါ်ပါတယ်”

သင်္ဘောပေါ်ရှိ စစ်သားများအားလုံး မှင်သက်သွားကြသည်။ သူတို့အားလုံး ရှန်ဟွိုင်နျန်ထံသို့ လှည့်ကြည့်လိုက်ကြ၏။ ရှန်ဟွိုင်နျန်၏မျက်ဝန်းများတွင် ရှုပ်ထွေးမှုများဖြတ်ပြေးသွားပြီးနောက် ရုတ်တရက်နားလည်သွားဟန်ကို သူတို့ မြင်တွေ့လိုက်ရသည်။

စစ်သားများမှာမူ ဤအမျိုးသမီးသည် ရန်သူ့သူလျှိုဖြစ်ကြောင်း ပို၍ပင် သေချာသွားကြတော့သည်။ သူမသည် သူတို့ထောင်ချောက်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့ခြင်းပင်။

ရေတပ်ဝန်ကြီးဌာနရှိလူတိုင်းက သူတို့၏တပ်မှူးသည် အသက် နှစ်ဆယ့်ငါးနှစ်အရွယ်တိုင်အောင် အိမ်ထောင်မပြု၊ ကလေးမရသေးသော လူပျိုကြီးဖြစ်ကြောင်းကို သိရှိထားကြသည်မဟုတ်လော။

စစ်သားများ၏မျက်နှာများမှာ မှုန်ကုပ်သွားပြီး ရှဲ့လီအားဆွဲထုတ်ရန် ရှေ့သို့ တိုးလာကြသည်။ ကျန်းချင်းလျန်က ရယ်မောလိုက်ရင်း ဆိုလိုက်လေသည်။

“လိမ်ဖို့တောင် သေချာမပြင်ဆင်ထားဘူးပဲ၊ တပ်မှူးရှန်က လူပျိုကြီးဆိုတာ အားလုံးသိတယ်”

ထိုသို့ပြောပြီးမှသာ ရှန်ဟွိုင်နျန် သူ့အနောက်တွင်ရှိနေကြောင်းကို သတိပြုမိသွားသဖြင့် အလျင်အမြန် ပြင်ဆင်ပြောဆိုလိုက်သည်။

“တပ်မှူးရှန်က တာဝန်တွေများနေလို့ အိမ်ထောင်ပြုဖို့ အချိန်မရှိတာပါ၊ သူ့မှာ ဇနီးရှိတယ်လို့ တစ်ခါမှမကြားဖူးဘူး”

ရှန်ဟွိုင်နျန်သည် လက်ထပ်ခွင့်လျှောက်လွှာကို အမြန်ဆုံးအတည်ပြုချက်ရယူရန် အလောတကြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူ၏ကိုယ်ရေးအရာရှိနှင့် ကိုင်တွယ်ဖြေရှင်းပေးခဲ့သော ခေါင်းဆောင်အချို့မှလွဲ၍ အခြားမည်သူမျှ ဤကိစ္စကိုမသိရှိခဲ့ကြပေ။

ရှဲ့လီ၏နှလုံးသားမှာ အေးစက်သွားခဲ့သည်။

‘လူပျိုကြီးတဲ့လား၊ အဲဒီလူပျိုကြီးက အသက်ဘယ်လောက်တောင် ရှိနေပြီလဲ'

ရှဲ့လီသည် အလွန်တရာစိုးရိမ်ပူပန်နေသောမျက်နှာဖြင့် ရုတ်တရက် မေးလိုက်မိသည်။

“ရှန်ဟွိုင်နျန်က အဘိုးကြီးတော့ မဟုတ်ပါဘူးနော်”

အားလုံးမှာ တစ်ခဏမျှဆွံ့အသွားကြသည်။ ဤရန်သူ့သူလျှိုမှာ တော်တော်လေးကို ထူးခြားဆန်းပြားနေပေ၏။ ကျန်းချင်းလျန်သည် ရှန်ဟွိုင်နျန်အား လှမ်းကြည့်ကာ ဒါက တပ်မှူးလေ၊ ကိုယ့်ယောက်ျားကိုယ်တောင် မမှတ်မိဘူးလားဟု ပြောရန်ပြင်လိုက်သည်။

သို့သော် ရှန်ဟွိုင်နျန်က ကျန်းချင်းလျန်အားဟန့်တားလိုက်ပြီး ရုတ်တရက် ရှဲ့လီအား စနောက်လိုစိတ်ဖြစ်ပေါ်လာသဖြင့် အေးစက်စက်လေသံဖြင့်ဆိုလိုက်သည်။

“သူက အငြိမ်းစားယူတော့မှာ”

ရှဲ့လီ၏ကမ္ဘာကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားလေပြီ။ သူမသည် ကုန်းပတ်ပေါ်သို့ ဖုတ်ခနဲထိုင်ချလိုက်ကာ မြို့တော်သို့ ပြန်သွားသင့်၊ မသွားသင့် တွေးတောနေမိသည်။

သူမသည် ကုသိုလ်တစ်ခုပြုလုပ်ခဲ့ပြီး ရှဲ့မိသားစုနှင့်လည်း အဆက်အသွယ် ဖြတ်ခဲ့ပြီးဖြစ်ရာ အလုပ်ကြမ်းစခန်းတွင် အထုပ်အပိုးကြီးများထမ်းရလျှင်တောင်မှ ပေါ့ပါးသော အထုပ်အပိုးများကိုသာ ထမ်းရလိမ့်မည်ပင်။ သူမအနေဖြင့် အငြိမ်းစားယူတော့မည့်အဘိုးကြီးတစ်ဦးနှင့်တော့ လက်မထပ်လိုပေ။

‘အဘိုးရှဲ့များ တစ်ခုခုမှားယွင်းသွားခဲ့တာလား။ ငါ့ကို သူ့မိတ်ဆွေဟောင်း တစ်ဦးဦးနဲ့များ မိတ်ဆက်ပေးခဲ့တာလား'

ကျန်းချင်းလျန်က ဘေးမှနေ၍ အကြံပြုလိုက်သည်။

“သူ့ကိုဖမ်းပြီး သေချာစစ်ဆေးကြစို့”

သို့သော် ထိုစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့ခေါင်းပေါ်တွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ တပ်မှူးသည် သူ့ဦးရေပြားကိုဆုတ်ခွာပစ်တော့မည့်အလား မှောင်မိုက်အေးစက်သောအကြည့်များဖြင့် သူ့အား စိုက်ကြည့်နေခဲ့၏။

ရှဲ့လီသည် ကပျာကယာထထိုင်လိုက်ပြီး သူမလက်ဆွဲအိတ်ကို အလျင်အမြန် ရှာဖွေရန်ပြင်လိုက်သည်။

“ကျွန်မ မလိမ်ပါဘူး၊ ကျွန်မဆီမှာ လက်ထပ်ကြောင်း အထောက်အထားစာရွက်ရှိတယ်”

သို့သော်လည်း ထိုလက်ထပ်စာချုပ်မှာ သူမသားရေအိတ်ထဲတွင် ထည့်ထားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ထိုအိတ်မှာ ဘယ်ဆီသို့ မျောပါသွားခဲ့ပြီလဲဆိုသည်ကိုပင် မသိနိုင်တော့ကြောင်းကို ရုတ်တရက် သတိရသွားခဲ့သည်။

လှေမှောက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သောကြောင့် လက်ထပ်စာချုပ်ကို လက်ဆွဲအိတ်ထဲတွင် ထည့်ထားပါက ပို၍အဆင်ပြေမည်ဟု သူမ တွေးခဲ့မိ၏။ ယခုမူ အိတ်ပါ ပျောက်ဆုံးသွားခဲ့လေပြီ။

သူမ ဒုက္ခရောက်ချေပြီ။ ရန်သူ့သူလျှိုအဖြစ် စစ်ဆေးမေးမြန်းခံရခြင်းကို သူမ လုံးဝမလိုလားပေ။ ရှဲ့လီသည် လက်ကို အမြန်မြှောက်လိုက်ရင်း ကျိန်ဆိုလိုက်သည်။

“ကျွန်မ ကျိန်ရဲတယ်၊ ကျွန်မသာ လိမ်ပြောခဲ့မယ်ဆိုရင် ချီးသုံးကျင်းလောက်စားပြမယ်”

All Chapters