← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

Ch-41

လူတိုင်း ဆွံ့အသွားကြသည်။ အလွန်တရာရက်စက်ပြီး အရာမရောက်သောကျိန်တွယ်မှုကြီးပင်။ ရှန်ဟွိုင်နျန်၏မြေခွေးမျက်ဝန်းများ အနည်းငယ် တွန့်ကွေးသွားလေ၏။

‘စိတ်ဝင်စားစရာပဲ’

“ကောင်းပြီ၊ ကိုယ် မင်းကိုယုံတယ်”

အားလုံးနားမလည်နိုင်ဖြစ်ကာ အံ့အားသင့်သွားကြလေသည်။ ရှန်ဟွိုင်နျန်က ရှဲ့လီအား လှေခန်းအတွင်းသို့ ခေါ်ဆောင်သွားခိုင်းလိုက်၏။

“ရဲဘော်ရှဲ့လီ၊ ဒါ မင်းရဲ့အခန်းပါ၊ အထဲမှာလဲဖို့ အဝတ်အစားအသန့်တွေရှိပါတယ်”

ထိုသို့ပြောပြီးနောက် ကျန်းချင်းလျန်သည် ထွက်ခွာသွားလေသည်။ သူတို့သည် တပ်မှူး၏ဆုံးဖြတ်ချက်များကို မည်သည့်အခါမျှ မေးခွန်းထုတ်လေ့မရှိဘဲ မည်မျှပင်အဓိပ္ပာယ်မဲ့နေပါစေ နောက်ကွယ်တွင် အကြောင်းပြချက်တစ်ခုခုရှိနေလိမ့်မည်ဟု အမြဲတမ်း ယုံကြည်ထားကြသည်။ ထိုအကြောင်းကို တွေးမိသောအခါ ကျန်းချင်းလျန်သည် ဂုဏ်ယူဝင့်ကြွားမှုကို ခံစားလိုက်ရလေ၏။

ဝါဟာဆိုင်းပင်လယ်ပြင်တစ်ခုလုံးတွင် ရှန်ဟွိုင်နျန်ဆိုသောအမည်ကို မည်သူက မသိဘဲနေမည်နည်း။ ဤအမည်သည် ရန်သူ့ရေတပ်များကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေသောဖြစ်တည်မှုတစ်ခုပင်။ နိုင်ငံများစွာက သူ့ကို ဆွဲဆောင်စည်းရုံးရန် ကြိုးစားခဲ့ကြပြီး မအောင်မြင်သောအခါတွင်မူ သူတို့တပ်မှူးကို သတ်ဖြတ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြံစည်ခဲ့ကြသည်။

တပ်မှူးတစ်ဦးတည်းအတွက် စေလွှတ်လိုက်သော ရန်သူ့သူလျှိုအရေအတွက်မှာ တပ်စုတစ်စုစာမျှပင် ရှိနိုင်လေသည်။ ရှဲ့လီသည် သန့်ရှင်းသော အမျိုးသားဝတ်ရှပ်အင်္ကျီနှင့် အစိမ်းရောင် အမျိုးသားဝတ်ဘောင်းဘီတစ်ထည်တို့ကို လဲလှယ်ဝတ်ဆင်လိုက်လေ၏။

ရှပ်အင်္ကျီမှာ ဒေကရွန်သားဖြင့်ပြုလုပ်ထားပြီး အထိအတွေ့မှာ အလွန်ချောမွေ့နေ၏။ အင်္ကျီရော ဘောင်းဘီပါ အလွန်သန့်ရှင်းအောင်လျှော်ဖွပ်ထားပြီး လတ်ဆတ်သော ဆပ်ပြာနံ့သင်းသင်းလေးပါရရှိနေသည်။ ရှဲ့လီသည် ဂျီးများသူတစ်ဦးမဟုတ်ရာ အဝတ်အစားများကို ချက်ချင်းလဲလှယ်ဝတ်ဆင်လိုက်ပြီးနောက် သူမ၏ပန်းပွင့်အဆင်အင်္ကျီကို လျှော်ဖွပ်ကာ လှန်းထားရန်အတွက် ရေသန့်အနည်းငယ်ကို တောင်းယူလိုက်လေသည်။

အဝတ်အစားလဲပြီးနောက် ကုန်းပတ်ပေါ်သို့ ထွက်လာသောအခါ စောစောက အနက်ရောင်တိုက်ခိုက်ရေးဝတ်စုံနှင့် အနက်ရောင် နှာခေါင်းစည်းကိုတပ်ဆင်ထားသော အမျိုးသား မထွက်ခွာသွားသေးသည်ကို မြင်တွေ့လိုက်ရ၏။

ထိုအမျိုးသားသည်လည်း သူမအား စိုက်ကြည့်နေခဲ့၏။ ဖြူဖျော့ဖျော့ ဒေကရွန်ရှပ်အင်္ကျီမှာ သူမနှင့်မကိုက်ညီဘဲ ပွယောင်းယောင်းဖြစ်နေသဖြင့် အင်္ကျီအောက်အနားစများကို ဘောင်းဘီခါးပတ်ထဲသို့ ထည့်သွင်းထားလိုက်သည်။

သူမ၏ခါးသိမ်သိမ်လေးကို အနက်ရောင် သားရေခါးပတ်ဖြင့် တင်းကြပ်စွာ စည်းနှောင်ထားပြီး စစ်စိမ်းရောင်ဘောင်းဘီအား ခြေကျင်းဝတ်အထိ ခေါက်တင်ထားရာ ဖြူဝင်းနေသော အသားအရေလေးကို တစ်စိတ်တစ်ပိုင်း မြင်တွေ့နေရလေသည်။

ထိုအဝတ်အစားများမှာ ရှန်ဟွိုင်နျန်၏ဝတ်စုံများပင်ဖြစ်သည်။ ရှန်ဟွိုင်နျန်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်၏။ ထိုအဝတ်အစားများကို ရှဲ့လီကိုယ်ပေါ်တွင် မြင်တွေ့ရသောအခါ သူ့အား ထူးဆန်းသောခံစားချက်တစ်ခုကို ပေးစွမ်းနေပြီး သူမအား တိုက်ရိုက်ပင် မကြည့်ရဲတော့သည့်အထိ ဖြစ်သွားခဲ့ရသည်။

သူ့ရင်ထဲမှ ခံစားချက်ကို ရှင်းပြနိုင်စွမ်းမရှိသောကြောင့် အလျင်အမြန်ပင် အကြည့်လွှဲလိုက်ရလေသည်။ ဤသည်မှာ မိုင်ထောင်ချီအဝေးမှ သူ့ကို လာရောက်ရှာဖွေသော သူ့ဇနီးသည်ပင်။

ရှန်ဟွိုင်နျန်၏ အိမ်ထောင်ရေးကို သူ့အဘိုးဖြစ်သူ ရှန်ရီကစီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ သူ စစ်ဆင်ရေးထွက်နေစဉ်အတွင်း အဘိုးဖြစ်သူက သူ့အတွက် စေ့စပ်ပေးခဲ့ခြင်းဖြစ်ကြောင်းကို ပြန်ရောက်မှသာ သိရှိခဲ့ရသည်။

ထိုမိန်းကလေးမှာ အဘိုးမိတ်ဆွေဟောင်းတစ်ဦး၏ မြေးမလေးဖြစ်ပြီး အသက်နှစ်ဆယ့်တစ်နှစ်အရွယ် ချမ်းသာသောမိသားစုမှ သခင်မလေးတစ်ဦးဖြစ်သည်။ သူမမှာ သူနှစ်သက်သောပုံစံမျိုး မဟုတ်ပေ။

သူသည် ထိုကဲ့သို့နူးညံ့သိမ်မွေ့ပြီး အားနွဲ့သောအမျိုးသမီးမျိုးကို တစ်ခါမျှသဘောမကျခဲ့ဖူးပေ။ သူတို့သည် ဟန်ဆောင်မှုများပြီး ပြဿနာရှာတတ်ကြသည်။

သူ ထိုကိစ္စကိုငြင်းဆန်ခဲ့ဖူးသည်။ သို့သော် အဘိုးက သူ့မိတ်ဆွေဟောင်းသည် ယခင်က သူ့အသက်ကို ကယ်တင်ခဲ့ဖူးသူဖြစ်ပြီး ဤအိမ်ထောင်ရေးကို သူတို့နှစ်ဦး အစောကြီးကတည်းက သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း ပြောပြခဲ့၏။

ယခုအခါ ရှဲ့မိသားစုမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် စေ့စပ်မှုကိုသာ ဖျက်သိမ်းလိုက်ပါက ထိုမိန်းကလေးမှာ လက်ကျန်ဘဝတစ်လျှောက်လုံးကို အလုပ်ကြမ်းစခန်းတွင် ဖြတ်သန်းသွားရဖွယ်ရှိနေသည်။

ရှန်ဟွိုင်နျန်အနေဖြင့် အကြောင်းပြချက်မရှိဘဲ စီစဉ်ပေးထားသော အိမ်ထောင်ရေးကို ငြင်းဆန်နိုင်သော်လည်း အသက်ကယ်ခဲ့ဖူးသော ကျေးဇူးတရားကိုမူ လျစ်လျူမရှုနိုင်ခဲ့ပေ။

သူသည် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူနှင့် ရွယ်တူများပင် ကလေးနှစ်ယောက်၊ သုံးယောက်ခန့် ရှိနေကြပြီဖြစ်သော်ငြား သူ့တွင်မူ သဘောကျရသော မိန်းကလေးတစ်ဦးမျှ မရှိသေးပေ။

အနာဂတ်တွင် သူတို့တစ်ဦးကိုတစ်ဦး လေးလေးစားစား ဆက်ဆံကြပြီး သူမအား ကောင်းကောင်းမွန်မွန် စောင့်ရှောက်သွားမည်ဟု သူတွေးထာားခဲ့သည်။ စစ်တပ်ဝင်းအတွင်း သို့မဟုတ် ဆိပ်ကမ်းစသဖြင့် သူတို့နှစ်ဦး၏ပထမဆုံးတွေ့ဆုံရမည့်မြင်ကွင်းကို သူ တစ်ခါတစ်ရံ စိတ်ကူးကြည့်ဖူးသော်လည်း သူ့ဇနီးသည်နှင့် ဤကဲ့သို့သောအခြေအနေမျိုးတွင် ပထမဆုံးအကြိမ်ဆုံတွေ့ရလိမ့်မည်ဟု သူတစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

သူမသည် ရန်သူ့သူလျှိုလား၊ သရဲမလားဟု သူအကဲဖြတ်နေစဉ်အတွင်း ဤမျက်လုံးဝိုင်းဝိုင်းလေးနှင့် မိန်းကလေးက သူမသည် သူ့ဇနီးဖြစ်ကြောင်းပြောလာခဲ့သည်။ အတော်လေးကို ထူးခြားဆန်းပြားလှ၏။

“မင်းက ရှန်ဟွိုင်နျန်ကိုလက်ထပ်ဖို့ လာရှာတာလား”

ထိုအမျိုးသား၏အသံမှာ လေးနက်နေဆဲဖြစ်သော်ငြား ယခင်ကထက်စာလျှင် အေးစက်မှု အနည်းငယ်လျော့နည်းနေသည်ဟု ခံစားလိုက်ရသည်။

ရှဲ့လီ ခေါင်းညိတ်ပြလိုက်ပြီးနောက် အလျင်အမြန်ပင် ခေါင်းခါပြလိုက်ပြန်၏။

“မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ကျွန်မ ရှန်ဟွိုင်နျန်ကို ကွာရှင်းဖို့လာရှာတာပါ”

“အမ်”

ဤအမျိုးသားသည် သူမဘက် လှည့်ကာစိုက်ကြည့်လိုက်လေသည်။ ရှဲ့လီမှာ အဝတ်အစားလဲထားသောကြောင့် အနည်းငယ်ပူအိုက်နေသော်လည်း ဤအမျိုးသား၏မျက်လုံးများမှာ လေအေးပေးစက်တစ်ခုအလား အေးစက်သော လေပြေများကို ထုတ်လွင့်နေသဖြင့် သူမအား ချမ်းတုန်သွားစေခဲ့သည်။

“ဒီလိုလေ၊ ဒီအိမ်ထောင်ရေးက ကျွန်မအဘိုး စီစဉ်ပေးခဲ့တာပါ၊ ကျွန်မတို့နှစ်ယောက်က တစ်ခါမှလည်း မတွေ့ဖူးဘူး၊ မိဘပေးစား အောင်သွယ်စကား ဆိုတဲ့အတိုင်းပါပဲ၊ ဒါပေမဲ့ ကျွန်မတို့က တော်လှန်ရေးရဲ့ခြေလှမ်းတွေနဲ့အညီ လျှောက်လှမ်းပြီး ပါတီရဲ့လမ်းညွှန်မှုကို ခံယူရမယ်လေ၊ ပါတီကပြောထားတယ်မလား လွတ်လပ်တဲ့ အိမ်ထောင်ရေးသာရွေးချယ်ပြီး မိဘစီစဉ်ပေးတဲ့ အိမ်ထောင်ရေးကို လက်မခံဘူးတဲ့၊ အဲဒါကြောင့် ကျွန်မကွာရှင်းဖို့ရောက်လာတာပါ ဟားဟားဟားဟား”

All Chapters