အခန်း ၄၂
Vol. 5 Ch. 42
Ch-42
သူမသည် ကြီးကျယ်ခမ်းနားသော စကားလုံးများကို အများကြီးပြောဆိုနေသော်လည်း အမှန်တကယ်တွင်မူ ရှန်ဟွိုင်နျန်က အဘိုးကြီးတစ်ဦးဖြစ်ကြောင်းကို သိလိုက်ရသောကြောင့် အဘိုးကြီးနှင့် လက်မထပ်လိုခြင်းသာပင်။
သူမသည် ရုပ်ရည်ကိုသာအဓိကထားတတ်သူတစ်ဦးဖြစ်ကြောင်း ဝန်ခံပေသည်။ သူမသည် ရုပ်ချောသောသူများကို သဘောကျပြီး အထူးသဖြင့် အမျိုးသားမော်ဒယ်ရှောင်ကောကောများကဲ့သို့ ရုပ်ရည်မျိုးကို ပို၍သဘောကျလေသည်။
ရှဲ့လီသည် ခေါင်းမော့ကာ သူမရှေ့ရှိ အမျိုးသားအား အကဲခတ်လိုက်လေ၏။ ဤအမျိုးသားသည် အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပြီး အထူးသဖြင့် ခြေတံများမှာ အလွန်ရှည်လျားလှသည်။
မျက်နှာတစ်ဝက်ကျော်ခန့်ကို အနက်ရောင်နှာခေါင်းစည်းဖြင့် ဖုံးကွယ်ထားသော်လည်း သူ့အသားအရေမှာ အလွန်ဖြူဝင်းနေပြီး အနက်ရောင်အဝတ်အစားများနှင့် တွဲဖက်လိုက်သောအခါ ပို၍ပင်ကြည့်ကောင်းနေသည်ကို သူမ မြင်နေရသည်။
ဤအချိန်တွင် ထိုအမျိုးသားသည် သူမအား စိုက်ကြည့်နေသောကြောင့် သူမနှလုံးသားလေး အနည်းငယ် တုန်လှုပ်သွားကာ အမှန်တရားကို မပြောဘဲ မနေနိုင်အောင်ဖြစ်သွားခဲ့ရသည်။
“တကယ်တော့ ကျွန်မကရွယ်တူလောက်ရှိမယ့် ယောကျ်ားလေးတွေကိုပဲ သဘောကျတာပါ၊ အဘိုးကြီးတွေကို မကြိုက်ဘူး၊ ကျွန်မက ရုပ်ချောတာကို သဘောကျတယ်လေ၊ ချောမောတဲ့ကောင်လေးတွေ၊ အထူးသဖြင့် မောင်လေးTypeမျိုးဆို ပိုသဘောကျတယ်”
‘ရုပ်ချောတာကို သဘောကျတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ မောင်လေးTypeမျိုးဆိုတာကရော ဘာကိုပြောတာလဲ'
ရှန်ဟွိုင်နျန်သည် ထိုဝေါဟာရများကို နားမလည်သော်လည်း သူမဆိုလိုရင်းကိုမူ နားလည်လိုက်သည်။ သူမက လူငယ်လေးများကိုသာ သဘောကျလေ၏။
ရှန်ဟွိုင်နျန်၏မြေခွေးမျက်ဝန်းများ တဖျပ်ဖျပ်လှုပ်ရှားသွားပြီး အဝေးသို့ လှမ်းကြည့်ကာ တည်ငြိမ်စွာဆိုလိုက်လေသည်။
“ရှန်ဟွိုင်နျန်က ဒီသင်္ဘောပေါ်မှာပဲရှိတယ်”
ရှဲ့လီ မျက်လုံးများပြူးကျယ်သွားခဲ့၏။ ဤအမျိုးသားသည် ရှန်ဟွိုင်နျန်၏ လက်အောက်ငယ်သားတစ်ဦးဖြစ်နေသည်လော။
‘တော်သေးတာပေါ့၊ ငါဘာကိုမှ အလွန်အကျွံ မပြောလိုက်မိလို့၊ ငါက ရုပ်ချောတဲ့ ကောင်လေးတွေကို သဘောကျတယ်လို့ပြောတာက ဘာများမှားနေလို့လဲ'
“မင်း သူ့ကိုတွေ့ချင်လား”
ထိုအမျိုးသားသည် ရှဲ့လီအားစူးစိုက်ကြည့်ကာ မေးလိုက်လေသည်။ ရှဲ့လီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“တွေ့ချင်ပါတယ်”
သူမသည် စကားကိုလှည့်ပတ်ပြောဆိုတတ်သူမျိုး မဟုတ်ပေ။ သူမ အဘိုးကြီးတစ်ဦးကို လုံးဝလက်ထပ်မည်မဟုတ်ပေ။ ဤသည်မှာ သူမ၏ နောက်ဆုံးစည်းမျဉ်းပင်။
အနည်းဆုံးတော့ အရပ် ၁၈၀စင်တီမီတာရှိပြီး ဝမ်းဗိုက်ကြွက်သားရှစ်ခုပါသည့် ခြေတံရှည်အမျိုးသားမော်ဒယ်ရှောင်ကောကောမျိုးတော့ ဖြစ်သင့်ပေသည်။
ရုပ်ရည်ကို သဘောကျသူတစ်ဦးအနေဖြင့် သူမ၏အမျိုးသားများအပေါ်ထားရှိသော စံနှုန်းများမှာ အလွန်မြင့်မားလှသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ရှန်ဟိုင်းမြို့မှ ထွက်ခွာလာခဲ့ပြီဖြစ်ပြီး ငွေကြေးများလည်း အလုံအလောက်ရှိနေပြီဖြစ်ရာ အဆိုးဆုံးအခြေအနေနှင့် ကြုံလာပါက ပင်လယ်ရေကြောင်းမှတစ်ဆင့် ဟောင်ကောင်သို့ တိုက်ရိုက်ပြန်သွားလိုက်ရုံသာပင်။
ဟောင်ကောင်တွင် တစ်သက်လုံးနေပြီး ပြန်မလာရလျှင်တောင်မှ အဘိုးကြီးတစ်ယောက်ကို လက်ထပ်ရသည်ထက်တော့ ပိုကောင်းပေမည်။
“ကောင်းပြီ၊ မိနစ်နှစ်ဆယ်နေရင် ဒီနေရာကိုပြန်လာခဲ့”
ရှန်ဟွိုင်နျန် ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားခဲ့လေသည်။ တပ်မှူးတစ်ယောက် ရုတ်တရက် အခန်းထဲသို့ ပြန်သွားကာ အဝတ်အစားများ အထပ်ထပ်လဲလှယ်နေသည်ကို ကျန်းချင်းလျန်တစ်ယောက် နားမလည်နိုင်အောင်ဖြစ်နေမိ၏။
ထိုအဝတ်အစားများအားလုံးမှာ ပုံစံတူ ရေတပ်ဝတ်စုံများပင် ဖြစ်နေသော်ငြား အဘယ်ကြောင့် ထိုသို့လုပ်ဆောင်နေရသနည်း။
“ငါ ကြည့်ကောင်းရဲ့လား”
ရှန်ဟွိုင်နျန်က အေးစက်စက်ဖြင့်မေးလိုက်လေသည်။ ကျန်းချင်းလျန်မှာ ပြောစရာစကားများပင် ပျောက်ရှသွားခဲ့ရ၏။
‘ကြည့်ကောင်းရဲ့လားဆိုတာ ဘာကိုဆိုလိုတာလဲ'
“ငါ့အသက် ဘယ်လောက်ရှိပုံပေါ်လဲ”
ကျန်းချင်းလျန်သည် ခေါင်းကုတ်လိုက်ရင်း ပြန်ဖြေလိုက်လေသည်။
“အသက်နှစ်ဆယ်လောက်...”
သူတို့တပ်မှူးမှာ တကယ့်ကို တောင့်တင်းကြံ့ခိုင်သော အမျိုးသားတစ်ဦးဖြစ်သော်လည်း အလွန်ချောမောနုပျိုသော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားကာ အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးသည်ဟု ထင်ရသည်။ သို့သော် တပ်မှူးမှာ လူအများက သူ့အား ‘လူချောလေး’ သို့မဟုတ် ‘နုပျိုတယ်’ ဟု ပြောခြင်းကို အမုန်းဆုံးပင်။
ထိုအချက်ကို တွေးမိသောအခါ ကျန်းချင်းလျန်သည် ခေါင်းကိုမော့ကာ ယုံကြည်မှုအပြည့်ဖြင့် ဖားယားလေတော့သည်။
“တပ်မှူး၊ ကျွန်တော်က လိမ်ပြောတာမဟုတ်ပါဘူး၊ တပ်မှူးက အသက်နှစ်ဆယ့်ငါးနှစ်ပဲရှိသေးပေမဲ့ ရင့်ကျက်တဲ့ပုံစံပေါက်ပြီး အသက်လေးဆယ်လောက်လို့ကို ထင်ရပါတယ်”
လေထုကြီးမှာ ရုတ်တရက်တိတ်ဆိတ်သွားခဲ့လေသည်။
“အင်း”
ရှန်ဟွိုင်နျန်သည် ဖိနပ်ကြိုးချည်နေရာမှ ခေတ္တမျှရပ်တန့်သွားသော်ငြား ဘာမှမဖြစ်ခဲ့သလိုမျိုး အေးတိအေးစက် လေသံဖြင့် ပြောလိုက်လေသည်။
“ကုန်းပတ်ပေါ်မှာ ရှစ်ကီလိုမီတာလောက် သွားပြေးချေ”
“ဟုတ်ကဲ့ပါ... ဟင် ဘာလို့လဲဗျာ”
ကျန်းချင်းလျန်သည် ငိုယိုအော်ဟစ်ကာ အလေးပြုရင်း ပြေးရန်ထွက်သွားခဲ့လေသည်။
‘ဘာတွေဖြစ်နေတာလဲ ဘာလို့လဲ၊ တပ်မှူးက သူ့ကိုလူချောလေးလို့ခေါ်တာကို အမုန်းဆုံးမဟုတ်ဘူးလား'
ရှဲ့လီသည် ကုန်းပတ်ပေါ်တွင်ရပ်ကာ သနားစရာကောင်းလှသော ကျန်းချင်းလျန်လေးပြေးနေသည်ကို ကြည့်နေမိ၏။ ပင်လယ်လေမှာ စိုစွတ်ပြီး စေးကပ်ကပ်နိုင်ကာ လတ်လတ်ဆတ်ဆတ် စွန့်ပစ်ထားသော နွားချေးပုံတစ်ပုံအလား စေးကပ်ရွံရှာဖွယ်ကောင်းလှသည်။
ရှဲ့လီ အနည်းငယ်စိတ်မရှည်ဖြစ်လာချိန်တွင် အမျိုးသားတစ်ဦး လှေခန်းအတွင်းမှ ထွက်ပေါ်လာလေသည်။ သူသည် မီးခိုးပြာရောင်ရေတပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်နှင့် တောင့်တောင့်ဖြောင့်ဖြောင့် ကိုယ်ဟန်အနေအထားကို ပိုင်ဆိုင်ထား၏။
‘ဒါက အငြိမ်းစားယူတော့မယ့် အဘိုးကြီးတစ်ယောက်ရဲ့ ကိုယ်နေဟန်ထားမျိုးတဲ့လား၊ မဖြစ်နိုင်ပါဘူးလေ'
ရှဲ့လီ ခေါင်းမော့ကြည့်လိုက်လေသည်။
ဖြောင့်စင်းသော နှာတံ၊ ဖြူဝင်းနေသော အသားအရေ၊ မျက်တောင်ရှည်များနှင့် မြေခွေးမျက်ဝန်းတစ်စုံ၊ ပုံကျလှပပြီး နီရဲနေသော နှုတ်ခမ်းများ….
ရှဲ့လီ၏နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် တွန့်ကွေးသွားလေသည်။ ဤအမျိုးသားမှာ အမှန်တကယ်ကို ထိပ်တန်းအဆင့် ရုပ်ရည်မျိုးပင်။
‘ဟင်’
‘နေပါဦး၊ ဒါစောစောကနှာခေါင်းစည်းနဲ့လူ မဟုတ်ဘူးလား'
ထိုအမျိုးသားသည် သူမအနီးသို့ လျှောက်လာကာ လက်ကိုကမ်းပေးရင်း နွေးထွေးစွာ နှုတ်ဆက်လိုက်လေသည်။
“မင်္ဂလာပါ၊ ကျွန်တော်က ရှန်ဟွိုင်နျန်ပါ”