← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

Ch-43

‘မင်္ဂလာပါ ကျွန်တော်က ရှန်ဟွိုင်နျန်ပါ... မင်္ဂလာပါ ကျွန်တော်က ရှန်ဟွိုင်နျန်ပါ...’

ထိုစကားသံသည် သူမနားစည်ကို ဖောက်ထွင်းဝင်ရောက်လာသော နတ်ဆိုးတစ်ပါး၏ အသံအလား ဦးနှောက်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

ရှဲ့လီသည် သတိလွတ်သွားသူတစ်ဦးအလား အသံထွက်ကာရယ်မောလိုက်လေသည်။

“ဟားဟားဟား…”

‘သူက ရှန်ဟွိုင်နျန်တဲ့လား၊ အငြိမ်းစားယူတော့မယ့် အဘိုးကြီး မဟုတ်ဘူးလား’

ထိုသူက အမျိုးသားမော်ဒယ်ရှောင်ကောကောများထက် အဆပေါင်းများစွာ ပို၍ချောမောသော အမျိုးသားတစ်ဦးဖြစ်နေခဲ့သည်။

ရှဲ့လီ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ ကျန်းချင်းလျန်မှာ ကုန်းပတ်ပေါ်တွင်ပြေးနေရင်း ဤဘက်သို့လှမ်းကြည့်နေပြီး အခြားသော စစ်သားများသည်လည်း တဖြည်းဖြည်းစုရုံးကာ လာရောက်ကြည့်ရှုနေကြလေသည်။

မျောက်ပွဲတစ်ပွဲကို ကြည့်ရှုနေကြသည့်အလား ဖြစ်နေ၏။ စောစောက သူတို့အားလုံး သူမကို ရည်ရွယ်ချက်ရှိရှိ လှည့်စားခဲ့ကြခြင်းဖြစ်ပုံရသည်။ သူမကိုယ်သူမ လူရွှင်တော်တစ်ဦးအဖြစ် ခံစားလိုက်ရချေပြီ။

*ဝှစ်*

သူမသည် ချက်ချင်းဒူးထောက်လျက်သားဖြင့် ရှန်ဟွိုင်နျန်၏ခြေသလုံးဆီသို့ လျှောတိုက်သွားကာ ရှည်လျားဖြောင့်စင်းသော ခြေတံကြီးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်လေသည်။

“အားနျန် ကျွန်မ ရှောင်လီလေ၊ ရှင့်ရဲ့ဇနီးပါ၊ စစ်တပ်ထဲကို လိုက်လာပြီလေ"

‘လူရွှင်တော်တစ်ဦးဖြစ်နေမှတော့ ပိုပြီးရယ်စရာကောင်းအောင် လုပ်ပြလိုက်တာပေါ့လေ၊ ဟားဟားဟားဟား…'

သစ်ပင်တစ်ပင်သည် အခေါက်မရှိလျှင် သေချာပေါက် သေဆုံးမည်ဖြစ်သော်လည်း လူတစ်ယောက်သည် အရှက်မရှိလျှင် ပြိုင်ဘက်ကင်းဖြစ်သွားတတ်သည်မဟုတ်ပါလား။

ရှဲ့လီသည် ဤဒဿန၏အနှစ်သာရကို ကောင်းကောင်းနားလည်သဘောပေါက်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

အားလုံး ဆွံ့အသွားကြလေသည်။

ရှန်ဟွိုင်နျန်သည် သူ့ခြေရင်းတွင် ပေါင်ကို လာရောက်ပွတ်သပ်နေသော မိန်းကလေးအား ငုံ့ကြည့်လိုက်လေ၏။ စောစောကဖြစ်ပေါ်ခဲ့သော သူ့ဒေါသတရားများသည် စေးကပ်သော ပင်လယ်လေပြေများနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားခဲ့လေပြီ။

သူမသည် သူတွေ့ဖူးသမျှမိန်းကလေးအားလုံးနှင့် ကွဲပြားခြားနားနေခဲ့၏။ အကယ်၍ အခြားမိန်းကလေးတစ်ဦးသာဆိုလျှင် ယခုအချိန်တွင် ရှက်ရွံ့ဒေါသထွက်နေမည်ဖြစ်ပြီး ငိုပင်ငိုနေလောက်ပြီဖြစ်သည်။

သို့သော် သူမကမူ မျက်နှာပြောင်တိုက်နေခဲ့သည်။ အတော်လေးချစ်စရာကောင်းလှ၏။

ရှဲ့လီသည် ရှန်ဟွိုင်နျန်၏ပေါင်ကို ဖက်ထားရင်း တစ်ခါတစ်ရံတွင် ဟန်ဆောင်ကာ အကြိမ်အနည်းငယ်မျှ မသိမသာ ပွတ်သပ်လိုက်သေး၏။

ရှည်လျားဖြောင့်တန်းလှသည်။ ကြွက်သားများ ကျစ်လျစ်လှသည်။ နတ်ဘုရားတစ်ပါး၏ အရည်အသွေးအလားပင်။ ရှန်ဟွိုင်နျန်၏နှုတ်ခမ်းများ ပွင့်ဟသွားသည်။

“ငါက အသက်နှစ်ဆယ့်ငါးနှစ်၊ မင်းထက် လေးနှစ်ကြီးတယ်လေ”

ရှဲ့လီ၏မျက်နှာထက်တွင် ရိုးသားဖြူစင်မှုများ အပြည့်အဝဖုံးလွှမ်းသွားလေ၏။

“ကျွန်မက အစ်ကိုကြီးတွေကိုအချစ်ဆုံးပါ၊ ပြီးတော့ ဒီအိမ်ထောင်ရေးကို ကျွန်မအဘိုးက သေခါနီးအချိန်မှာ စီစဉ်ပေးခဲ့တာလေ၊ သူရဲ့နောက်ဆုံးဆန္ဒက ကျွန်မကို ရှင့်နဲ့လက်ထပ်စေချင်တာပဲ၊ သူ့ရဲ့ နောက်ဆုံးဆန္ဒကို ကျွန်မ ဘယ်တော့မှ သစ္စာမဖောက်ဘူး”

ရှန်ဟွိုင်နျန်မှာ စကားဆက်ရန်ပင် ခက်ခဲသွားရ၏။ သူမသည် မျက်နှာအမူအရာပြောင်းလဲရာတွင် အလွန်ကျွမ်းကျင်လှပေသည်။

….

ရှန်ဟွိုင်နျန်သည် စစ်ဆင်ရေးတာဝန်မှ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။ ထို့အပြင် ယခုတစ်ခေါက်တွင် ဇနီးတစ်ဦးကိုလည်း ခေါ်ဆောင်လာခဲ့သည်။

သူ့ကိုယ်ရေးအရာရှိရှောင်ချီနှင့် လက်ထပ်ခွင့်လျှောက်လွှာကို အတည်ပြုပေးခဲ့သော ခေါင်းဆောင်အချို့မှလွဲ၍ ရှန်ဟွိုင်နျန်လက်ထပ်ခွင့်တင်ထားကြောင်းကို မည်သူမျှမသိရှိခဲ့ကြပေ။

စစ်တပ်ဝင်းအတွင်းရှိ မိုးမခပင်ကြီးအောက်တွင် အေးမြသော အရိပ်အာဝါသကိုခံစားရင်း အလုပ်လုပ်နေကြသော အမျိုးသမီးတစ်စုကြားတွင် အတင်းအဖျင်းစကားများစတင်ပြန့်နှံ့လာခဲ့သည်။

“နင်တို့ကြားပြီးပြီလား၊ တပ်မှူးရှန်က ဒီတစ်ခေါက် စစ်ဆင်ရေးကနေ မိန်းမတစ်ယောက်ခေါ်လာတယ်တဲ့၊ သူ့ဇနီးဆိုပြီး ပြောနေကြတာပဲ”

အခြားအမျိုးသမီးတစ်ဦးကလည်း စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်ဆွေးနွေးလေ၏။

“ငါလည်းကြားတယ်၊ အဲဒီမိန်းမက လူမဟုတ်ဘူး၊ ရေသရဲမလို့ ကောလာဟလတွေတောင်ထွက်နေတာ”

အဒေါ်ကြီးတစ်ဦးက ဝင်ရောက်မှတ်ချက်ချလေသည်။

“အိုကွယ်၊ အဲဒါကတော့ ပိုလွန်းပါတယ်”

အလုပ်လုပ်နေသော အမျိုးသမီးက မျက်လုံးပြူးမျက်ဆံပြူးဖြင့် အခိုင်အမာ ပြောဆိုလိုက်သည်။

“မလွန်ပါဘူး မပိုလွန်းဘူးဟဲ့၊ ရိုးရိုးရေသရဲမ မဟုတ်ရင် ပင်လယ်ရေသရဲမ ဖြစ်ရမယ်၊ ငါ့ယောကျ်ားပြောပြတာတော့ အဲဒီမိန်းမက ပင်လယ်ပြင်ကြီးထဲကနေ မျောလာတာတဲ့၊ သင်္ဘောပေါ် ရောက်ရောက်ချင်းပဲ တပ်မှူးရှန်ကို ပြုစားလိုက်တာတဲ့လေ”

ကောလာဟလများမှာ တဖြည်းဖြည်းနှင့် ပိုမိုထူးဆန်းအံ့သြဖွယ်ကောင်းလာခဲ့သည်။ နောက်ဆုံးတွင် ရှန်ဟွိုင်နျန်သည် ပင်လယ်ရေသရဲမတစ်ဦးကို ဇနီးအဖြစ် ခေါ်ဆောင်လာခဲ့သည်ဟူ၍ ကောက်ချက်ချလိုက်ကြလေ၏။

ဤအချိန်တွင် အတင်းအဖျင်းပြောဆိုခံနေရသော ရှဲ့လီတို့နှစ်ဦးမှာမူ ဈေးဝယ်ထွက်နေကြလေသည်။ ရှန်ဟွိုင်နျန်သည် စစ်စိမ်းရောင်ဂျစ်ကားပေါ်တွင် ကားမောင်းနေရင်းမှ ရှဲ့လီအားလှည့်ကြည့်ကာ ပြောလိုက်သည်။

“မင်းရဲ့ ခရီးဆောင်အိတ်တွေ အကုန်ပျောက်သွားပြီဆိုတော့ အဝတ်အစားတွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေ အရင်ဝယ်ကြတာပေါ့၊ ငါတို့ရဲ့လက်ထပ်ခွင့်စာရွက်ကို အတည်ပြုပြီးပြီဆိုပေမဲ့ လက်မှတ်တော့မထိုးရသေးဘူး၊ အကယ်၍ မင်း ငါ့ကိုသဘောမကျဘူး လက်မခံချင်ဘူးဆိုရင် အချိန်မရွေး ပြောနိုင်ပါတယ်၊ လက်ထပ်ခွင့်စာရွက်ကို ပြန်ဖျက်သိမ်းလို့ရတယ်”

ရှဲ့လီသည် ခန္ဓာကိုယ်ကိုလိမ်ဖယ်လိမ်ဖယ်လုပ်လိုက်ပြီး နွဲ့နွဲ့နှောင်းနှောင်းအသံဖြင့် တုံ့ပြန်လိုက်လေသည်။

“ကျွန်မ သဘောကျပါတယ်”

သေချာပေါက် သူမသဘောကျပေသည်။ သူက ချောမောသလို မိသားစုနောက်ခံကောင်းမွန်ပြီး သူမကိုလည်း ကာကွယ်ပေးနိုင်သည်။ ချစ်ခြင်းမေတ္တာဆိုသည့်အရာကို မည်သူက ဂရုစိုက်မည်နည်း။ စုံတွဲအများစုသည် လက်ထပ်ပြီးမှသာ ချစ်ကြိုက်သွားတတ်ကြသည်မဟုတ်ပါလော။

ထို့အပြင် အဆင်မပြေခဲ့လျှင်တောင်မှ အခမဲ့အမျိုးသားမော်ဒယ်ရှောင်ကောကောတစ်ဦးကို ရှာတွေ့သကဲ့သို့ သူနှင့် အခမဲ့အိပ်စက်ခွင့်ရပေမည်။ စာအုပ်ထဲသို့ ကူးပြောင်းမလာမီက အမျိုးသားမော်ဒယ်များနှင့် ချိန်းတွေ့ရန် အချိန်မရှိခဲ့သောနောင်တကို သူမ အစားထိုးလိုခြင်းဖြစ်သည်။

ရှန်ဟွိုင်နျန်သည် စတီယာကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး ရှက်သွေးဖြာကာ ယဉ်ကျေးသိမ်မွေ့နေသော ရှဲ့လီအား အလျင်အမြန်တစ်ချက်ကြည့်လိုက်လေသည်။

သူ့မြေခွေးမျက်ဝန်းများ တွန့်ကွေးသွားခဲ့၏။ ရှန်ဟွိုင်နျန်သည် သူမအား လျောင်းနင်ပြည်နယ်ရှိအကြီးဆုံးကုန်တိုက်ကြီးဖြစ်သော ချိုးလင်ကုန်တိုက်သို့ ခေါ်ဆောင်သွားခဲ့သည်။

မျက်နှာသစ်ဇလုံ၊ မျက်နှာသုတ်ပုဝါနှင့် ရေနွေးဘူးများမှစ၍ ဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် မျက်နှာလိမ်းခရင်မ်တို့အထိ ရှန်ဟွိုင်နျန်သည် တစ်ခုမျှမလစ်ဟင်းစေဘဲ ဝယ်ယူပေးခဲ့သည်။ ဈေးဝယ်ခြင်းမှာ အမျိုးသမီးများ၏ သဘာဝဖြစ်ပြီး အထူးသဖြင့် ရက်ရောသော ငွေရှင်းပေးသူတစ်ဦးရှိနေသောကြောင့် ရှဲ့လီသည် အလွန်ပျော်ရွှင်စွာ ဈေးဝယ်ခဲ့လေ၏။

All Chapters