← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

Ch-44

အဝတ်အစားကောင်တာသို့ရောက်ရှိသောအခါ သူမသည် ယခုမှစ၍ စစ်တပ်ဝင်းအတွင်း နေထိုင်ရမည်ဖြစ်ပြီး ရှန်ဟွိုင်နျန်မှာလည်း တပ်မှူးတစ်ဦးဖြစ်ကြောင်းကို စဉ်းစားမိလိုက်သည်။

လူတိုင်းမျက်စိကျလောက်သော အဝတ်အစားများ ဝတ်ဆင်ခြင်းက မကောင်းသော သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ပေသည်။ ထို့ကြောင့် သူမသည် ရှပ်အင်္ကျီနှင့် ဘောင်းဘီနှစ်စုံကိုသာ ရွေးချယ်လိုက်လေသည်။

ရှန်ဟွိုင်နျန်က နံရံတွင်ချိတ်ဆွဲထားသော ငန်းဝါရောင်နှင့် ကောင်းကင်ပြာရောင်ဂါဝန်နှစ်ထည်ကို လက်ညှိုးထိုးပြလိုက်သည်။

“အဲဒီ ဂါဝန်နှစ်ထည်ကတော်တော်လှတယ်”

ရှဲ့လီ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်၏။ ထိုဂါဝန်နှစ်ထည်လှပကြောင်းကို သူမ သေချာပေါက်သိရှိသော်လည်း ယခုအချိန်တွင် အခြေအနေများ အလွန်တင်းမာနေပြီး ထိုကဲ့သို့သောအဝတ်အစားများ ဝတ်ဆင်ခြင်းကလူများအား သူမကို အရင်းရှင်သခင်မလေးဟု အလွယ်တကူ စွပ်စွဲလာစေနိုင်သည်။

သူမတွင် အရင်းရှင်ဟူသော တံဆိပ်ကပ်ခံထားရပြီးသားဖြစ်နေပြီပင်။ သူမနောက်ခံအနေအထားကြောင့် ရှန်ဟွိုင်နျန်အား လက်ထပ်လိုက်ပါက အတင်းအဖျင်းပြောဆိုမည့်သူများ ရှားပါးနေမည်မဟုတ်ရာ ဂရုစိုက်နေထိုင်ခြင်းကသာ အကောင်းဆုံးဖြစ်ပေသည်။

ရှဲ့လီ ဝယ်ယူထားသော အရောင်မှိုင်းမှိုင်းအဝတ်အစားနှစ်စုံကို သူ လှမ်းကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့်ပြောလိုက်လေသည်။

“အများကြီး မတွေးပါနဲ့၊ မင်းသဘောကျတဲ့ အဝတ်အစားကိုဝတ်ပြီး မင်း လုပ်ချင်တာကိုလုပ်ပါ”

ရှဲ့လီသည် ရှက်သွေးဖြာသွားကာ ခေါင်းငုံ့လိုက်ရင်း ဘယ်ဘက်ခြေထောက်ကိုလိမ်ကာ ညာဘက်လက်ဖြင့် ဆံပင်များအား ပွတ်သပ်ရင်း နွဲ့နွဲ့နှောင်းနှောင်း လေသံဖြင့်ပြောလာလေသည်။

“ကျေးဇူးတင်ပါတယ် အားနျန်”

ကောင်တာရှိ အရောင်းစာရေးမလေးမှာ မျက်လုံးများပင် အပေါ်လှန်လုမတတ် ဖြစ်သွားရ၏။ ဤမျှဟန်လုပ်တတ်သော အမျိုးသမီးရဲဘော်ကို သူမ တစ်ခါမျှမမြင်တွေ့ဖူးပေ။

‘စကားပြောရုံလေးကို ဘာဖြစ်လို့ ခန္ဓာကိုယ်ကို အဲဒီလောက်လိမ်ဖယ်လိမ်ဖယ် လုပ်နေရတာလဲ'

ရှန်ဟွိုင်နျန်၏ နှုတ်ခမ်းများ တင်းတင်းစေ့သွားလေသည်။ ဤမျှ ချစ်စရာကောင်းသော မိန်းကလေးကို သူ တစ်ခါမျှမတွေ့ဖူးခဲ့ပေ။ စကားပြောရုံလေးကို အဘယ်ကြောင့်များ ခန္ဓာကိုယ်အား လိမ်ဖယ်လိမ်ဖယ်လုပ်နေရသနည်း။

ထိုနေ့တွင် ရှန်ဟွိုင်နျန်အား သူ့အထက်လူကြီးတပ်စုမှူးဝူမှ စစ်တပ်သို့ ပြန်လည်ခေါ်ယူခဲ့လေသည်။ တပ်စုမှူးဝူသည် စာရွက်စာတမ်းအထပ်လိုက်ကို ရှန်ဟွိုင်နျန်ထံသို့ ကမ်းပေးလိုက်သည်။ ထိုစာရွက်စာတမ်းများထဲတွင် ရှဲ့လီ မည်သည့်ဆေးရုံ၌ မွေးဖွားခဲ့သည်မှအစ မွေးဖွားစဉ်က ကလေးချင်း မှားယွင်းခဲ့မှု၊ ယောက္ခမမိသားစုတွင် သုံးနှစ်ကြာနေထိုင်ခဲ့မှုစသည်တို့အားလုံးကို ရှင်းလင်းစွာ ဖော်ပြထား၏။ တပ်စုမှူးဝူသည် အချိန်အတန်ကြာ စဉ်းစားချင့်ချိန်ပြီးနောက် ဆက်လက်ပြောဆိုလိုက်သည်။

“ဟွိုင်နျန်၊ မင်းအဖေ ငါ့ဆီဖုန်းဆက်တုန်းက လက်ထပ်ခွင့်စာရွက်ကို အမြန်ဆုံးအတည်ပြုပေးဖို့ပဲပြောခဲ့တာ၊ နောက်ခံကို စစ်ဆေးဖို့ အချိန်မရခဲ့ဘူး၊ အခု နောက်ခံစစ်ဆေးရေးအစီရင်ခံစာ ထွက်လာပြီ၊ မင်းနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက အရင်းရှင်သခင်မလေးတစ်ယောက်ဖြစ်နေတယ်၊ မင်း သေချာစဉ်းစားသင့်တယ်၊ သူမရဲ့နောက်ခံက မင်းရဲ့ရာထူးတိုးမြှင့်ရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိလာလိမ့်မယ်၊ စာရွက်စာတမ်းတွေအရ မင်းရဲ့စေ့စပ်ထားတဲ့မိန်းကလေးက အရင်က အရင်းရှင် သူဌေးသားတစ်ယောက်နဲ့ မင်္ဂလာပွဲကျင်းပခဲ့ဖူးတယ်၊ သူတို့လက်မှတ်မထိုးခဲ့ကြပေမဲ့ အဲဒီမိသားစုမှာ သုံးနှစ်ကြာနေထိုင်ခဲ့တာတော့ အမှန်ပဲ”

အစီရင်ခံစာကိုဖတ်ရှုနေစဉ် ရှန်ဟွိုင်နျန်၏မျက်ခုံးများ ပို၍တွန့်ချိုးသွားခဲ့၏။ မွေးဖွားစဉ်က ကလေးခြင်းမှားယွင်းခဲ့ပြီး ကြီးပြင်းလာသောအခါ သူမအမျိုးသားကို ညီမအတုမှလုယူသွားခဲ့ခြင်းခံခဲ့လေသည်။ တပ်စုမှူးဝူက လေးနက်သောလေသံဖြင့် သတိပေးလိုက်သည်။

“ဟွိုင်နျန်၊ သူမရဲ့ မိသားစုအခြေအနေက သိပ်မကောင်းဘူးကွ”

ရှန်ဟွိုင်နျန်သည် ခေါင်းညိတ်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် ဖြတ်ပြေးနေသောအတွေးများမှာ အကဲခတ်ရခက်နေလေသည်။

“သူမရဲ့ မိသားစု အခြေအနေက တကယ်ကို သိပ်မကောင်းဘူးပဲ”

တပ်စုမှူးဝူက အခွင့်အရေးရပြီဟုတွေးကာ ဆက်လက်ဖျောင်းဖျလေသည်။

“ဟွိုင်နျန် မင်းတို့နှစ်ယောက်လက်မှတ်တောင်မထိုးရသေးဘူးဆိုတော့ နောက်ဆုတ်ဖို့ အချိန်မနှောင်းသေးဘူး၊ မင်းရဲ့အခြေအနေကို ငါအထက်ကို ရှင်းပြပေးမယ်၊ အဖွဲ့အစည်းကလည်း မင်းကို ဝေဖန်မှာမဟုတ်ဘူး၊ ဒါက မင်းရဲ့ အသိတရားမြင့်မားမှုကိုပြသရာလည်းရောက်တယ်၊ တပ်စုမှူးရှန်ကိုလည်း ငါကိုယ်တိုင်ရှင်းပြပေးပါ့မယ်၊ ငါသိရသလောက်တော့ မင်းနဲ့ မင်းစေ့စပ်ထားတဲ့မိန်းကလေးက တစ်ခါမှတောင် မတွေ့ဖူးကြဘူးမလား၊ ဒါက မိဘစီစဉ်ပေးတဲ့ အိမ်ထောင်ရေးဖြစ်ပြီး အဖွဲ့အစည်းကလည်း အားမပေးဘူးလေ၊ ဒါကြောင့် မင်း နောက်ဆုတ်လိုက်မယ်ဆိုရင်တောင် ဒါက မင်းအမှားမဟုတ်ဘူး”

တပ်စုမှူးဝူသည် ရှန်ဟွိုင်နျန်အတွက် အဆင့်များအားလုံးနှင့် ထွက်ပေါက်များကို တစ်ကြိမ်တည်းဖြင့် ရှင်းပြပေးလိုက်လေသည်။

သူသည် သဘာဝကျစွာပင် ရှန်ဟွိုင်နျန်အား ရှဲ့လီနှင့် လက်မထပ်စေလိုပေ။ ရှန်ဟွိုင်နျန်သည် သူ၏အတော်ဆုံး လက်အောက်ငယ်သားဖြစ်ပြီး ရေတပ်ဝန်ကြီးဌာနတစ်ခုလုံးတွင် အသက်အငယ်ဆုံး တပ်မှူးတစ်ဦးလည်းဖြစ်၏။

ဤကဲ့သို့သော ပါရမီရှင်တစ်ဦးတွင် အကန့်အသတ်မဲ့သော အလားအလာများရှိနေပြီး မိဘစီစဉ်ပေးသော အိမ်ထောင်ရေးတစ်ခုအတွက် သူ့အနာဂတ်ကို ဖျက်ဆီးပစ်ရန်လုံးဝမလိုအပ်ပေ။

ရှန်ဟွိုင်နျန်၏ဖခင်မှာ သူ့အထက်လူကြီးဟောင်းဖြစ်ရာ ရှန်ဟွိုင်နျန် ဤအရှုပ်အထွေးမှ ရုန်းထွက်နိုင်ရန်အတွက် သူ ကောင်းကောင်းဖျောင်းဖျပေးမည်ဟု တွေးလိုက်သည်။ ရှန်ဟွိုင်နျန်က သူ့လက်ထဲရှိ စာရွက်စာတမ်းများကို ပြန်ချထားလိုက်၏။

“ဦးလေးဝူ၊ ဦးလေးရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော်ပြောတဲ့ မိသားစုအခြေအနေမကောင်းဘူးဆိုတာက အဲဒီလူတွေက ရှဲ့လီအပေါ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေ မကောင်းတာကို ဆိုလိုတာပါ၊ ရှဲ့လီအနေနဲ့ သူမ မွေးဖွားလာမယ့်မိသားစုကို ရွေးချယ်ခွင့်မရှိဘူးလေ၊ ဒါ သူမအမှား မဟုတ်ဘူး၊ ရာထူးတိုးတယ်ဆိုတာကလည်း နေရာတစ်ခုပါပဲ၊ ဒီအိမ်ထောင်ရေးကနေ ကျွန်တော်နောက်ဆုတ်မှာမဟုတ်ဘူး”

သူ လှည့်ထွက်သွားပြီးနောက် တံခါး၀တွင်ရပ်တန့်ကာ တပ်စုမှူးဝူအား လှည့်ကြည့်လိုက်သည်။

“ဦးလေးဝူ ဒီစာရွက်စာတမ်းတွေထဲက အချက်အလက်တွေ အပြင်ကိုမပေါက်ကြားဖို့ မျှော်လင့်ပါတယ်”

ရေထဲမှ ပထမဆုံးဆယ်ယူခံရချိန်က ဖြူလျော့နေသော မျက်နှာလေးနှင့် သူ့ပေါင်ကို လာရောက်ပွတ်သပ်နေသည့် သူမပုံစံလေးမှာ သူ့စိတ်ထဲတွင်ဖြတ်ပြေးသွားလေသည်။ သူမသည် သူနှင့်ယှဉ်လျှင် အလွန်ငယ်ရွယ်သေးရာ သူမအား အတင်းအဖျင်းပြောဆိုခံရအောင် သူ လုံးဝခွင့်ပြုမည်မဟုတ်ပေ။ သို့မဟုတ်ပါက ဤမျှငယ်ရွယ်သော အမျိုးသမီးလေးအနေဖြင့် အနာဂတ်တွင် မည်သို့ရပ်တည်နိုင်မည်နည်း။

All Chapters