← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

Ch-45

“တပ်မှူးနဲ့ မရီးတို့က ဘယ်တော့ လက်ထပ်စာချုပ်သွားလုပ်ကြမှာလဲ”

ကိုယ်ရေးအရာရှိရှောင်ချီသည် ရှန်ဟွိုင်နျန်အနောက်မှနေ၍ အထုပ်ငယ်များကို သယ်ဆောင်ကာ လိုက်ပါလာခဲ့သည်။

သူသည် တပ်မှူးနှင့်အတူမရီးအား လာရောက်ကြည့်ရှုခြင်းဖြစ်သည်။ အရင်ရက်အနည်းငယ်ကတည်းက ရှဲ့လီသည် ခရိုင်မြို့လေးရှိ တည်းခိုခန်းငယ်လေးတစ်ခုတွင် နေထိုင်နေခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမနှင့်ရှန်ဟွိုင်နျန်တို့မှာ လက်ထပ်စာချုပ်လည်းမပြုလုပ်ရသေးသလို မင်္ဂလာပွဲလည်း မကျင်းပရသေးပေ။ စစ်တပ်ဝင်းအတွင်းသို့ အလောတကြီး ဝင်ရောက်နေထိုင်ခြင်းက အတင်းအဖျင်းစကားများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပေမည်။

ရှန်ဟွိုင်နျန်သည် သူမဆုံးဖြတ်ချက်ကို လေးစားသဖြင့် နေစရာနေရာရှာဖွေပေးခဲ့ပြီး ယခုအခါ သူမအား စိတ်ပူသဖြင့် ပစ္စည်းများဝယ်ယူကာ လာရောက်ကြည့်ရှုခြင်းဖြစ်သည်။

ရှောင်ချီသည် သူ့လက်ထဲရှိပစ္စည်းများကို ကြည့်လိုက်လေသည်။ နေ့စဉ်သုံးပစ္စည်းအချို့၊ စောင်အသစ်တစ်ထည်နှင့် အဓိကအားဖြင့် သရေစာမုန့်များ ပါဝင်ပြီး အားလုံးကို ချိုးလင်ကုန်တိုက်မှ ယခုလေးတင် ဝယ်ယူလာခဲ့ခြင်းပင်။

ရှောင်ချီသည် ရှန်ဟွိုင်နျန်အနောက်မှ လိုက်ပါလာရင်း ဝမ်းသာပီတိဖြစ်နေခဲ့၏။ လူတိုင်းက သူ့တပ်မှူးကို ပျင်းစရာကောင်းသော လူပျိုကြီးဟု ဆိုကြသည်။

ချောမောသော မျက်နှာသွင်ပြင်ရှိသော်လည်း အမျိုးသမီးရဲဘော်များနှင့် တွေ့ဆုံပါက ‘မင်္ဂလာပါ’ ဆိုသည့် စကားမှလွဲ၍ ပိုမပြောတတ်ပေ။ တပ်စုမှူးယဲ့၏သမီးဖြစ်သူ ယဲ့ရှုဟွာသည် တပ်မှူးကို သဘောကျပြီး အစားအသောက်များ အကြိမ်ကြိမ်လာရောက်ပို့ဆောင်ပေးခဲ့သည်ကို သူ မှတ်မိနေသေးသည်။ သို့သော် တပ်မှူးက ငြင်းပယ်ခဲ့၏။

“ရဲဘော်ယဲ့၊ ဒီလိုပစ္စည်းတွေ နောက်ကိုလာမပို့ပါနဲ့တော့၊ ပထမအချက် ကျွန်တော်က အချိုစားလေ့မရှိဘူး၊ ဒုတိယအချက် စားချင်ရင် ကိုယ့်ဘာသာကိုယ် ဝယ်စားနိုင်တယ်၊ မဝယ်နိုင်တာမှ မဟုတ်တာ”

ထိုစကားကြောင့် ရဲဘော်ယဲ့မှာ ငိုယိုကာ ပြန်သွားခဲ့ရလေသည်။ ဤသတင်းပျံ့နှံ့သွားသောအခါ လူတိုင်းက သူ့တပ်မှူးသည် ဤဘဝတွင် ဇနီးသည်ရှာတွေ့နိုင်မည်မဟုတ်ဟု ပြောဆိုခဲ့ကြလေ၏။

ရှောင်ချီသည် ခေါင်းငုံ့ကာ သူ့လက်ထဲရှိ သရေစာများကို ပြန်ကြည့်လိုက်သည်။ ထိုမုန့်များအားလုံးမှာ ကလေးများနှင့် မိန်းကလေးများအကြိုက်ဆုံး မုန့်များချည်းဖြစ်သည်။ သူ့တပ်မှူးကို မည်သူကများ ပျင်းစရာကောင်းသည်ဟု ဆိုသနည်း။

တပ်မှူးသည် အလွန်ပင်ကျွမ်းကျင်လိမ္မာလှပေသည်။ သူ့တပ်မှူးသည် ဇနီးသည် ရှာမတွေ့ဘဲ တစ်သက်လုံး လူပျိုကြီးဖြစ်နေမည်ကို သူ အလကားသက်သက် စိတ်ပူနေခဲ့မိခြင်းသာ။

“တပ်မှူး၊ မရီးက ကျွန်တော့်ထက်တောင် ငယ်သေးတာဆိုတော့ ဒီပစ္စည်းတွေကို သေချာပေါက်သဘောကျမှာပါ”

ရှောင်ချီ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အရှေ့မှအမျိုးသမီးတစ်ဦး၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရလေသည်။

“ဟေ့သူခိုး၊ အခုချက်ချင်းရပ်လိုက်စမ်း၊ မဟုတ်ရင် နင့်ခေါင်းကို ရိုက်ခွဲပစ်မယ်”

*ဝှစ်*

ငန်းဝါရောင် အင်္ကျီဝတ်ဆင်ထားသော အမျိုးသမီးရဲဘော်တစ်ဦးသည် အဝါရောင်ရေကြွက်တစ်ကောင်အလား လျင်မြန်စွာ ပြေးထွက်လာလေသည်။

“ရပ်လိုက်စမ်း၊ သူခိုးစုတ်”

ထိုအမျိုးသမီးရဲဘော်သည် နှစ်မီတာခန့်အမြင့်သို့ ရုတ်တရက် ခုန်တက်သွားကာ ထွက်ပြေးနေသော သူခိုး၏ခါးကို အားပါးတရ ကန်ချလိုက်လေ၏။

“အား”

အကန်ခံလိုက်ရသော သူခိုးမှာ ဘဲတစ်ကောင်အလား အော်ဟစ်လိုက်လေသည်။

“ခိုးဦးလေ ဟမ် ခိုးဦးလေ”

အမျိုးသမီးရဲဘော်သည် သူမ၏သိုးသားရေ ဒေါက်မြင့်ဖိနပ်လေးကိုချွတ်ကာ သူခိုးအား အဆက်မပြတ် ရိုက်နှက်လေတော့သည်။ ရှောင်ချီ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုသူခိုးအတွက် ပထမဆုံးအကြိမ်အဖြစ် စိတ်ပူသွားမိလေ၏။

“တပ်မှူး၊ ဒီခေတ် အမျိုးသမီးရဲဘော်တွေက တကယ်ကို ရဲရင့်ကြတာပဲ၊ ဘယ်လိုသူရဲကောင်းမျိုးက သူမကိုလက်ထပ်သွားမလဲမသိဘူးနော်”

သူခိုးအားရိုက်နှက်နေသော ရှဲ့လီကို ကြည့်ရင်း ရှန်ဟွိုင်နျန်၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားကာ လေသံတိုးတိုးဖြင့် ဆိုလိုက်လေသည်။

“အဲဒါ ငါ့မိန်းမကွ”

ရှောင်ချီမှာ မျက်လုံးပြူးသွားရလေသည်။ ပြူးကျယ်နေသော သူ့မျက်လုံးများကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ချီးကျူးစကားဆိုရန် အလျင်အမြန် စဉ်းစားလိုက်လေ၏။

“မရီးက တကယ့်ကို ထူးထူးခြားခြား ရဲရင့်လွန်းတာပဲ”

နောက်စေ့အထိ ရောက်လုမတတ်ပြုံးဖြီးနေသော သူ့တပ်မှူးကိုမြင်သောအခါ ရှောင်ချီ ရုတ်တရက် နားလည်သွားခဲ့လေသည်။

သူ့တပ်မှူး ယခင်က ဇနီးသည်ရှာမတွေ့ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ သူက ဤကဲ့သို့သောပုံစံမျိုးကို သဘောကျနေခြင်းဖြစ်သည်။

အမှန်တကယ်ပင် ရှားပါးလှပေသည်။

သူခိုးမှာ အရိုက်ခံရလွန်းသဖြင့် အမေတကာ အော်ဟစ်နေပြီး သူ့အိတ်ကပ်ထဲမှ တွန့်ကြေနေသော စားနပ်ရိက္ခာ လက်မှတ်များနှင့် ငွေများကိုထုတ်ကာ ရှဲ့လီလက်ထဲသို့ အတင်းထည့်ပေးလိုက်လေ၏။

“သူရဲကောင်းမလေးရယ် ကျွန်တော့်ကို ချမ်းသာပေးပါ ဝူးဝူးဝူး ကျွန်တော့်ညီမလေးဗိုက်ဆာနေလို့ သူ့အတွက် စားစရာလေး သွားရှာပေးချင်လို့ပါ”

ရှဲ့လီ ရိုက်နှက်နေရာမှ ခေတ္တမျှရပ်တန့်လိုက်လေသည်။ ပထမဆုံးအနေဖြင့် သူမသည် ငွေများကို အခိုးခံလိုက်ရသော အဒေါ်ကြီးထံသို့ ပြန်ပေးလိုက်ရာ ထိုအဒေါ်ကြီးက ကျေးဇူးတင်စကား ဆိုလာလေသည်။

“ကျေးဇူးတင်ပါတယ် ကောင်မလေးရယ်၊ ကျေးဇူးတင်ပါတယ်”

ရှဲ့လီသည် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် မြေပြင်ပေါ်ရှိ သူခိုးအား လက်ညှိုးဖြင့်ထိုးကာ အမိန့်ပေးလိုက်လေ၏။

“နင့်ညီမဆီ ငါ့ကိုလိုက်ပြစမ်း၊ နင် လိမ်ပြောရဲရင်တော့ သေအောင်ရိုက်သတ်ပစ်မယ်”

သူခိုးမှာ အသက်ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်အရွယ်ခန့်သာရှိမည်ဟု ခန့်မှန်းရသည်။ ရှောင်ချီ ရှေ့ထွက်ရန်ပြင်လိုက်စဉ် ရှန်ဟွိုင်နျန်က သူ့အားတားဆီးလိုက်လေသည်။

ရှန်ဟွိုင်နျန်သည် ရှဲ့လီနှင့် ကောင်လေးနောက်မှ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။ အချိန်အတန်ကြာ လမ်းလျှောက်ပြီးနောက် သူတို့သည် ဟောင်းနွမ်းပျက်စီးနေသော ခြံဝင်းတစ်ခုရှေ့သို့ ရောက်ရှိသွားကြ၏။ ကောင်လေးက သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ငါးနှစ်၊ ခြောက်နှစ်အရွယ်ခန့်ရှိ မိန်းကလေးငယ်တစ်ဦး အိမ်ထဲမှပြေးထွက်လာလေသည်။

ထိုမိန်းကလေးမှာ ဖြူဖြူဖွေးဖွေး သန့်သန့်ရှင်းရှင်းလေးဖြစ်ပြီး သူမအဝတ်အစားများမှာ ဖာထေးထားသော်လည်း ကောင်းကောင်း စောင့်ရှောက်ခံထားရကြောင်း ထင်ရှားနေပေသည်။

သူမခေါင်းပေါ်တွင် ကျစ်ဆံမြီလေးနှစ်ခုကို စည်းနှောင်ထားပြီး ပြေးလာစဉ် အပေါ်အောက် ခုန်ပေါက်နေလေသည်။ သူမသည် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ် အရွယ်ခန့်ရှိ ကောင်လေးအားပြေးဖက်လိုက်လေ၏။

“ကိုကို ပြန်ရောက်ပြီလား၊ အာ့ယာဗိုက်ဆာနေပြီ”

ကောင်လေးသည် ရှက်ရွံ့စွာဖြင့် သူ့အင်္ကျီစကိုသူ လိမ်ခေါက်နေခဲ့၏။ အာ့ယာသည် ရှဲ့လီအားကြည့်ကာ သွားလေးများပေါ်သည်အထိ ပြုံးပြရင်း နှုတ်ဆက်လိုက်လေသည်။

“မင်္ဂလာပါ အစ်မကြီး၊ ကိုကို ဒီအစ်မကြီးက ကိုကို့ရဲ့သူငယ်ချင်းလား”

ကောင်လေးသည် ရှဲ့လီအား စိုးရိမ်တကြီးကြည့်ကာ ခေါင်းကို ဖြည်းညင်းစွာခါပြရင်း စောစောက ဖြစ်ရပ်များကို မပြောပြရန် တောင်းပန်နေခဲ့သည်။

ရှဲ့လီ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမအိတ်ကပ်ထဲမှ ကန်စွန်းဥဖုတ်တစ်ခုကို ထုတ်ယူလိုက်လေသည်။ ကောင်လေးငွေခိုးနေသည်ကို မြင်တွေ့စဉ်က သူမသည် ကန်စွန်းဥဖုတ်ဝယ်နေခဲ့ခြင်းဖြစ်၏။

“ညီမလေး၊ အစ်မက မင်းအစ်ကိုရဲ့ သူငယ်ချင်းပါ၊ နောက်ကျအားရင်လာကစားမယ်နော်”

မထွက်ခွာမီတွင် သူမသည် အိတ်ကပ်ထဲရှိငွေများအားလုံးကို ကောင်လေးထံသို့ အတင်းထည့်ပေးခဲ့လေသည်။

ရှန်ဟွိုင်နျန်နှင့် ရှောင်ချီတို့သည် မလှမ်းမကမ်းတွင်ရပ်နေကာ ရှဲ့လီ၏လုပ်ရပ်များအားလုံးကို မြင်တွေ့ခဲ့ကြသည်။ ရှောင်ချီ နောက်တစ်ကြိမ် နားလည်သွားပြန်၏။ သူ့မရီးမှာ ကြမ်းတမ်းသောစရိုက်ရှိသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အပြင်ပန်းတွင်ခက်ထန်ပြီး အတွင်းစိတ်နူးညံ့ကာ ကြင်နာတတ်ပြီးဖြောင့်မတ်သူတစ်ဦးဖြစ်လေ၏။

ကောင်လေးနှင့် ကလေးမလေးတို့ အိမ်ထဲဝင်သွားသည်ကိုကြည့်ပြီးနောက် ရှဲ့လီက အမြန်ပြန်ပြေးထွက်လာခဲ့သည်။

ယနေ့နံနက်က တည်းခိုခန်းတွင်ရှိနေစဉ် ရှန်ဟွိုင်နျန်ထံမှ ဖုန်းလက်ခံရရှိခဲ့ပြီး သူမကို လာတွေ့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အလောတကြီးပြေးထွက်သွားသော ရှဲ့လီအားကြည့်ရင်း ရှန်ဟွိုင်နျန်၏မြေခွေးမျက်ဝန်းများ တွန့်ချိုးသွားခဲ့၏။

ရှဲ့လီသည် တည်းခိုခန်းအဝင်ဝသို့ ပြန်လည်ရောက်ရှိလာပြီး မကြာမီမှာပင် ရှန်ဟွိုင်နျန် ပစ္စည်းအချို့ကိုင်ဆောင်ကာ လျှောက်လာသည်ကို မြင်လိုက်ရပြီး သူ့အနောက်တွင် အသက်နှစ်ဆယ့်သုံး၊ နှစ်ဆယ့်လေးနှစ်အရွယ် အမျိုးသားတစ်ဦး လိုက်ပါလာလေသည်။

“မင်္ဂလာပါ မရီး”

ထိုအမျိုးသားမှာ ကြည်လင်သောမျက်နှာသွင်ပြင်ရှိပြီး သူ့အသားအရေမှာ ရှန်ဟွိုင်နျန်ထက် နှစ်ဆခန့်ပိုမိုမည်းနက်နေလေသည်။ သူသည် သူမကို မြင်သည်နှင့်တစ်ပြိုင်နက် မတ်မတ်ရပ်ကာ နှုတ်ဆက်လိုက်လေ၏။

“ရှောင်ချီလား”

ရှဲ့လီသည် သူ့အသံကိုမှတ်မိသွား၏။ သူသည် ယခင်က ဖုန်းလက်ခံဖြေကြားခဲ့သော ကိုယ်ရေးအရာရှိရှောင်ချီပင်ဖြစ်သည်။

“မရီးရဲ့ အကြားအာရုံက တကယ့်ကိုကောင်းတာပဲ”

ရှောင်ချီကပြုံးဖြီးကာ ချီးကျူးစကားများ ဆိုလေသည်။

“ဒီမှာနေရတာ အဆင်ပြေရဲ့လား”

ရှန်ဟွိုင်နျန်က ဘေးမှနေ၍မေးလိုက်လေ၏။ သူ့အသံမှာ လေးနက်ပြီး နားထောင်လို့ ကောင်းနေဆဲပင်။

ရှဲ့လီသည် ရှက်သွေးဖြာသွားကာ ခေါင်းငုံ့လိုက်ပြီး သူမဆံပင်များကို အခက်တွေ့ဟန်ဖြင့် လိမ်ကျစ်နေခဲ့၏။

“အင်း”

အနည်းငယ် ရှက်ရွံ့နေသည်မှာ အမှန်ပင်ဖြစ်ပြီး သူမအနာဂတ်အမျိုးသားရှေ့တွင် ပို၍ယဉ်ကျေးသိမ်မွေ့ဟန် ဟန်ဆောင်လိုသည်မှာလည်း အမှန်ပင် ဖြစ်သည်။

ဒေါက်မြင့်ဖိနပ်နှင့် အင်္ကျီကိုဝတ်ဆင်ကာ သူခိုးနောက်သို့ လက်ဝှေ့ယမ်းပြီး ကားယားကားယားပြေးလိုက်နေသည်ကို သူ့အားမြင်တွေ့ခွင့်မပေးနိုင်ပေ။

သူမအနေဖြင့် အတိုင်းအတာတစ်ခုအထိတော့ ဟန်ဆောင်ရမည်မဟုတ်လော။ ရှောင်ချီမှာ အံ့အားသင့်သွားရ၏။

‘အိုး အိုး အိုး…’

သူ့မရီးမှာ မျက်နှာနှစ်ခုရှိသောသူတစ်ဦး ဖြစ်နေလေသည်။

“ဒီပစ္စည်းတွေက မင်းအတွက်ဝယ်လာတာ၊ ညဘက်ဗိုက်ဆာရင် စားဖို့ယူထားလိုက်”

ရှန်ဟွိုင်နျန်သည် ပစ္စည်းများကို ရှဲ့လီလက်ထဲသို့ ထည့်ပေးလိုက်လေသည်။

“နေ့လယ်စာရော စားပြီးပြီလား”

“မစားရသေးဘူး”

ရှန်ဟွိုင်နျန် နှုတ်ခမ်းတင်းတင်းစေ့လိုက်လေ၏။

“အတူတူ သွားစားကြတာပေါ့”

ရှောင်ချီသည် နောက်သို့နှစ်မီတာခန့်ဆုတ်လိုက်ကာ လက်သီးများဆုပ်ထားရင်း အမြင့်ကြီးခုန်ပေါက်လိုက်လေသည်။

‘အိုကွယ် ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်သလဲ’

နိုင်ငံတော်ပိုင် စားသောက်ဆိုင်တွင် ရှောင်ချီသည် ထောင့်ရှိတစ်ယောက်ထိုင် စားပွဲငယ်လေးတွင် ထိုင်ကာ မလှမ်းမကမ်းရှိ စားပွဲကြီးတစ်ခုတွင် ထိုင်နေသော ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့ကို ကြည့်နေခဲ့သည်။

‘ဟင် တကယ်ကြီးလား’

ယခင်က သူ့တပ်မှူးနှင့်အတူ အမြဲတမ်း အတူတူထမင်းစားခဲ့ရသူမှာ သူမဟုတ်လော။

ရှဲ့လီသည် တစ်ရှူးတစ်ရွက်ယူကာ နှုတ်ခမ်းထောင့်တွင် ပေကျံနေခြင်းမရှိသော ငံပြာရည်များကို ယဉ်ကျေးသိမ်မွေ့စွာသုတ်လိုက်ပြီး ချိုသာလေးသော လေသံဖြင့် ချီးကျူးလိုက်လေသည်။

“အားနျန်၊ ဒါလေးက တကယ်စားလို့ကောင်းတာပဲ”

သူမသည် စားပွဲပေါ်ရှိ ဝက်သားနီနှပ်ကို လက်ညှိုးထိုးပြလိုက်လေ၏။ ထိုသို့ ပြောပြီးနောက်တွင် ယခင်က လူယုတ်မာဖေ့ရှုချန်က သူမအား 'ငါ့သူငယ်ချင်းတွေကို မင်းက ဝက်သားနီနှပ်တစ်ခါမှမစားဖူးဘူးလို့ ပြောပြရတာ ဘယ်လောက် ရှက်စရာကောင်းလဲဆိုတာ မင်းသိလား’ ဟု ပြောခဲ့ဖူးသည်ကို ရုတ်တရက် သတိရသွားခဲ့သည်။

“ကျွန်မ ဝက်သားနီနှပ်ကိုတစ်ခါမှမစားဖူးဘူး”

ရှဲ့လီ ရုတ်တရက်ထုတ်ပြောလိုက်မိလေသည်။ တူကိုင်ထားသော ရှန်ဟွိုင်နျန်၏လက်မှာ ခေတ္တမျှ ရပ်တန့်သွားခဲ့၏။ ထို့နောက် သူသည် ဝက်သားနီနှပ်ပန်းကန်လုံးကြီးကို သူမရှေ့သို့ ချက်ချင်းရွှေ့ပေးလိုက်ကာ ဇွန်းတစ်ချောင်းကိုပါ ကမ်းပေးလိုက်လေသည်။

“မင်း သဘောကျရင်များများစားလေ၊ ဒါပေမဲ့ အဆီများလို့ အများကြီးတော့မစားနဲ့၊ မင်း သဘောကျရင် နောက်လည်း ဒီမှာ ခဏခဏလာစားကြတာပေါ့”

ရှဲ့လီ၏နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ်တွန့်ကွေးသွားခဲ့၏။

‘အသက်ကြီးတဲ့ အမျိုးသားတွေက မကောင်းဘူးလို့ ဘယ်သူပြောလဲ၊ အသက်ကြီးတဲ့ အမျိုးသားတွေက ဘယ်လိုအလိုလိုက်ရမလဲဆိုတာ ကောင်းကောင်းသိကြတယ်လေ'

သူမသည် သခင်မလေးတစ်ဦးအဖြစ် ဟန်ဆောင်ရခြင်းကို နှစ်သက်သဘောကျစွာဖြင့် အစားအစာများကို ဖြည်းဖြည်းခြင်းစီ ဆက်လက်စားသုံးနေခဲ့သည်။

ရှန်ဟွိုင်နျန်၏မြေခွေးမျက်ဝန်းများ တွန့်ကွေးသွားကာ သူမ၏ဟန်ဆောင်မှုကို ကြည့်ရှုရခြင်းအား သဘောကျနေခဲ့လေ၏။

All Chapters