← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

Ch-46

အရင်ရက်အနည်းငယ်အတွင်း ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့သည် အိမ်ထောင်ရေးကိစ္စကို စတင်ဆွေးနွေးလာခဲ့ကြ၏။

ရှန်ဟွိုင်နျန်သည် ချစ်မြတ်နိုးရသော အနာဂတ်ချွေးမလောင်းနှင့် စကားပြောဆိုလိုသည့် သူ့မိဘများ၏ အလောတကြီး တောင်းဆိုမှုကို ချက်ချင်းသဘောမတူခဲ့ဘဲ ရှဲ့လီ၏သဘောထားကို ဦးစွာမေးမြန်းလိုက်လေသည်။

“ရှောင်လီ ဒီရက်ပိုင်းအတွင်း အဖေနဲ့ အမေက ကိုယ့်ဆီကို ဖုန်းခဏခဏဆက်တယ်၊ သူတို့ မင်းနဲ့စကားပြောချင်နေကြတာလေ၊ မင်း အဆင်ပြေရဲ့လား”

ရှဲ့လီတွင် မည်သည့်ကန့်ကွက်စရာမျှမရှိပေ။ ရုပ်ဆိုးသောချွေးမပင်လျှင် ယောက္ခမများနှင့် တွေ့ဆုံရစမြဲဖြစ်ရာ သူမကဲ့သို့ ရုပ်ရည်ရှိသူတစ်ဦးအတွက် ဖုန်းပြောရုံမျှကို ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။

မွေးရာပါ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သော ရှဲ့လီသည် ဖုန်းနံပါတ်ကို တိုက်ရိုက်ပင်နှိပ်လိုက်လေသည်။ ရှန်ဟွိုင်နျန်သည် သူမဘေးတွင်ထိုင်ကာ ဂရုတစိုက်နားထောင်နေခဲ့၏။

တစ်ဖက်ဖုန်းထဲမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာလေသည်။

“ဟယ်လို၊ ဘယ်သူပါလဲရှင်”

ရှဲ့လီသည် ဖုန်းကိုင်ထားရင်း အလွန်ချိုသာသောလေသံဖြင့် ခေါ်လိုက်လေသည်။

“မေမေ သမီးရှဲ့လီပါ”

သူမဘေးတွင်ထိုင်နေသော ရှန်ဟွိုင်နျန်မှာ တံတွေးသီးလုမတတ်ဖြစ်သွားခဲ့ရလေသည်။

“အဟွတ် အဟွတ် အဟွတ်”

သူသည် လည်ချောင်းအတွင်းမှထွက်ပေါ်လာသော ချောင်းခြောက်ဆိုးသံကို မျိုသိပ်ရင်း ပါးစပ်ကိုအမြန်ဖုံးအုပ်လိုက်ရ၏။ သူ့ကောင်မလေးမှာ တကယ့်ကို ရဲရင့်လွန်းလှပေသည်။

တစ်ဖက်ဖုန်းထဲတွင် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားခဲ့ပြီးနောက် အမျိုးသမီး၏အံ့သြဝမ်းသာသံများ ရုတ်တရက် ထွက်ပေါ်လာလေတော့သည်။

“အိုကွယ် ရှောင်လီ၊ လိမ္မာလိုက်တဲ့ ကလေးလေး၊ မေမေ့ရဲ့ အသည်းလေး အသက်လေး၊ မေမေ သမီးကိုအရမ်းလွမ်းနေခဲ့တာ၊ ဒီရက်ပိုင်းတွေမှာ မေမေ့ရဲ့ရှောင်လီလေးနဲ့ စကားပြောချင်လွန်းလို့ ဟိုကောင်စုတ်ဟွိုင်နျန်ဆီကို ဖုန်းတွေ ခဏခဏဆက်နေခဲ့ရတာ၊ အိုး မေမေကတော့ သမီးကို အရမ်းချစ်သွားပြီ အိုကွယ်”

ရှန်ဟွိုင်နျန် မျက်ခုံးတစ်ဖက်ပင့်လိုက်မိလေသည်။ သူ့မိခင်သည်လည်း ပေါင်းသင်းဆက်ဆံရေးတွင် ပြိုင်ဘက်ကင်းတစ်ဦးပင်။ ငယ်စဉ်ကတည်းက သူသည် မိခင်ဖြစ်သူနှင့်အတူ အပြင်ထွက်ရမည်ကို အလွန်ကြောက်ရွံ့ခဲ့၏။ အကယ်၍ အပြင်ထွက်သွားပါက နှစ်နာရီကြာသည်အထိ ပြန်မရောက်နိုင်တော့ပေ။ သူမသည် လမ်းတွင်တွေ့သမျှလူတိုင်းနှင့် စကားပြောတတ်ပြီး ခွေးတစ်ကောင်ကိုမြင်လျှင်ပင် စကားတစ်ခွန်း၊ နှစ်ခွန်းခန့် သွားရောက်ပြောဆိုတတ်သေးသည်။

ရှဲ့လီသည် ဖုန်းထဲတွင် မိခင်ရှန်နှင့်အတူ ပျော်ရွှင်စွာ စကားပြောဆိုနေပြီး ရှန်ဟွိုင်နျန်မှာမူ သူတို့အနီးတွင် ပိုလျှံနေသော အလှဆင်ပစ္စည်းတစ်ခုအလားထိုင်နေခဲ့ရလေသည်။ ရှဲ့လီ ရှက်ရွံ့နေမည်ကို သော်လည်းကောင်း၊ သူ့မိခင်နှင့် ပြောစရာစကားမရှိဖြစ်နေမည်ကို သော်လည်းကောင်း သူ အလကားသက်သက် စိတ်ပူနေခဲ့မိခြင်းဖြစ်၏။

သူ့မိခင်၏လွန်ကဲသော စိတ်အားထက်သန်မှုကြောင့် ရှဲ့လီလန့်သွားမည်ကိုပင် သူစိုးရိမ်နေခဲ့သေး၏။ သူ စိုးရိမ်လွန်သွားခဲ့ပုံရသည်။

အမေရှန်မှာ ရွှင်လန်းတက်ကြွပြီးစိတ်အားထက်သန်သူဖြစ်သော်လည်း သူမကန့်သတ်ချက်များကို ကောင်းကောင်းသိရှိထားကာ ရှဲ့လီအား မင်္ဂလာပွဲအတွက် မြို့တော်သို့ပြန်လာရန် အတင်းအကြပ် ဖိအားမပေးခဲ့ပေ။

“ရှောင်လီ သမီးနဲ့ ဟွိုင်နျန် ဘယ်တော့ လက်ထပ်စာချုပ်သွားလုပ်ကြမှာလဲ၊ သမီးတို့နှစ်ယောက် အချိန်ရရင် မြို့တော်ကိုပြန်လာပြီး မင်္ဂလာပွဲကျင်းပကြလေ၊ ဒါပေမဲ့ အချိန်မရရင်လည်း ပြန်မလာနဲ့တော့နော် အဆင်ပြေပါတယ်၊ ဖေဖေနဲ့ မေမေက သမီးတို့ဆီ လာခဲ့လို့ရတယ် ကိစ္စမရှိပါဘူးကွယ်”

“မေမေ အားနျန်နဲ့ တိုင်ပင်ကြည့်လိုက်ပါဦးမယ်၊ သူ အချိန်ရမရမေးကြည့်ရဦးမယ်၊ ပြီးရင်ပြန်ပြောမယ်လေ”

ရှဲ့လီသည် ပြုံးရွှင်စွာဖြင့်ဖုန်းချလိုက်လေသည်။ အမှန်တကယ်တော့ သူမသည် မြို့တော်သို့ သွားရောက်လည်ပတ်လိုခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ရှန်ဟိုင်းမြို့တွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့ပြီး လျောင်းနင်ပြည်နယ်သို့ ယခုမှသာ ရောက်ရှိလာခြင်းဖြစ်ရာ အခြားမည်သည့်နေရာကိုမျှ မရောက်ဖူးသေးပေ။

ရှန်ဟွိုင်နျန်သည် ရှဲ့လီ၏အတွေးများကို ဖောက်ထွင်းမြင်နေသည့်အလား နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်လေသည်။

“မင်း မြို့တော်ကိုပြန်ချင်ရင် ကိုယ်ခွင့်ယူလို့ရတယ်၊ ပြန်မသွားချင်ရင်လည်း ဒီမှာပဲ မင်္ဂလာပွဲကျင်းပကြတာပေါ့၊ မင်းသဘောပါပဲ”

ရှဲ့လီသည် အားနာဟန်မပြတော့ဘဲ ချက်ချင်းတုံ့ပြန်လိုက်၏။

“ကျွန်မ မြို့တော်ကို ပြန်သွားချင်တယ်”

ရှန်ဟွိုင်နျန် တောက်ပစွာပြုံးလိုက်လေသည်။

“ကောင်းပြီလေ”

ရှဲ့လီမှာ သူမဆန္ဒမပါဘဲ ပါးပြင်များရဲတက်သွားခဲ့ရ၏။ ဤအမျိုးသားသည် အမျိုးသားမော်ဒယ်ရှောင်ကောကောများထက် အဆပေါင်းများစွာ ပိုချောမောလှပေသည်။

ထိုလှပသော မြေခွေးမျက်ဝန်းများကို မြင်ရတိုင်း သူမအလိုလိုရှက်သွေးဖြာသွားရစမြဲပင်။ ရှန်ဟွိုင်နျန်သည်လည်း အလွန်စိတ်မြန်သူဖြစ်ရာ စစ်တပ်မှ လက်ထပ်ခွင့်ကို တိုက်ရိုက်ပင် လျှောက်ထားလိုက်လေသည်။

‘တပ်မှူးရှန် လက်ထပ်တော့မယ်တဲ့လား'

ရေတပ်ဌာနတစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့လေသည်။ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ထိုလူပျိုကြီး၊ မိန်းကလေးများကို တစ်ချက်လေးမျှပင် ပိုမကြည့်တတ်သော ရေခဲတုံးကြီးက လက်ထပ်တော့မှာပေါ့လေ။ သူတို့ နားကြားများမှားသွားကြတာလား။

စစ်တပ်တစ်ခုလုံးတွင် အုံးအုံးကျွက်ကျွက် ဆွေးနွေးပြောဆိုနေကြပြီး စစ်တပ်ဝင်းအတွင်းရှိ စစ်သည်ဇနီးများမှာမူ ပို၍ပင် စိတ်အားထက်သန်နေကြလေသည်။ ဇနီးသည်တစ်ဦးက ခေါင်းယမ်းကာ ပြောလိုက်လေ၏။

“အဲဒီမိန်းမက သာမန်မဟုတ်ဘူးလို့ ငါပြောသားပဲ၊ သူက ပင်လယ်ရေသရဲမ မဟုတ်ရင်တောင် မြေခွေးမတစ်ကောင်ဖြစ်ရမယ်”

ဒုတိယမြောက်ဇနီးသည်က စိုးရိမ်တကြီးဖြင့် ဝင်ပြောလေသည်။

“တပ်မှူးရှန်သာ လက်ထပ်သွားရင် ရှောင်ယဲ့က ဘယ်လိုလုပ်မလဲ”

ပထမဇနီးသည်က နှမြောတသဟန်ဖြင့် တုံ့ပြန်လိုက်၏။

“ဘယ်လိုလုပ်ရမလဲဆိုတော့ ဘာမှလုပ်စရာမရှိဘူးလေ၊ ဒါပေမဲ့ ရှောင်ယဲ့က တော်တော်လေး ကောင်းပါတယ်၊ မိသားစုနောက်ခံလည်း ကောင်းသလို အရည်အချင်းလည်း ရှိတယ် နှမြောစရာပဲ”

“ဒါပေမဲ့ တပ်မှူးရှန်က ရှောင်ယဲ့အပေါ် တစ်ခါမှ သံယောဇဉ်မရှိခဲ့ဘူး၊ ဒီနှစ်တွေတစ်လျှောက်လုံး ရှောင်ယဲ့ကပဲ သူ့နောက်ကိုလိုက်နေခဲ့တာ မဟုတ်လား”

ဒုတိယဇနီးသည်က ဆက်ပြောနေစဉ် ပထမဇနီးငည်၏ ချောင်းဆိုးသံကြောင့် စကားစပြတ်သွားခဲ့ရ၏။

“အဟွတ် အဟွတ်”

အနောက်သို့လှည့်ကြည့်လိုက်သောအခါ ယဲ့ရှုဟွာသည် မလှမ်းမကမ်းတွင်ရပ်ကာ သူမအား အေးစက်စက် စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

ဒုတိယဇနီးသည်မှာ တုန်ရင်သွားပြီး အလျင်အမြန် ခေါင်းငုံ့ကာ သူမအလုပ်ကိုသာ ဆက်လုပ်နေပြီး ထပ်မံစကားမပြောရဲတော့ပေ။

All Chapters