အခန်း ၄၇
Vol. 5 Ch. 47
Ch-47
ဤယဲ့ရှုဟွာသည် စစ်တပ်ဝင်းအတွင်း နာမည်ကြီးသော အေးစက်စက်အလှပိုင်ရှင်တစ်ဦးဖြစ်သည်။ လှပကာ အရည်အချင်းရှိပြီး သူမဖခင်မှာလည်း တပ်စုမှူးတစ်ဦးဖြစ်သည်။ သူမသည် နောက်ခံကောင်းသည့် ရာထူးမြင့် အရာရှိတစ်ဦး၏သမီးဖြစ်၏။ ဤမိန်းကလေးမှာ ရည်မှန်းချက်ကြီးမားသူဖြစ်ကြောင်း ဆိုနိုင်ပေသည်။
သူမသည် အတန်းကျော်ကာ ဆေးတက္ကသိုလ်သို့ ဝင်ရောက်နိုင်ခဲ့ပြီး ဘွဲ့ရပြီးနောက်တွင် စဉ်းစားမနေတော့ဘဲ စစ်တပ်သို့ ပြန်လည်ဝင်ရောက်ကာ စစ်တပ်ဆရာဝန်တစ်ဦးဖြစ်လာခဲ့သည်။
ဆေးပညာတွင် ကျွမ်းကျင်ရုံသာမက တိုက်ခိုက်ရေးစွမ်းရည်အချို့ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်၏။ ငယ်စဉ်ကတည်းက တပ်စုမှူးယဲ့နှင့်အတူ သိုင်းပညာများလေ့ကျင့်ခဲ့ပြီး သူမ၏ကိုယ်ခံပညာနှင့် နပန်းသတ်စွမ်းရည်များမှာ သာမန်စစ်သားများထက်ပင် သာလွန်နေသေးသည်။
သူမသည် လက်ဖြောင့်တပ်သားတစ်ဦးလည်းဖြစ်ပြီး ယခင်က ရှန်ဟွိုင်နျန်နှင့်အတူ စစ်ဆင်ရေးထွက်စဉ် သူ့အသက်ကို ကယ်တင်ခဲ့ဖူးကြောင်း ကောလာဟလများလည်း ရှိခဲ့သည်။
ယဲ့ရှုဟွာသည် ရှန်ဟွိုင်နျန်အား နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့ပြီး ထူးချွန်သော လူငယ်များ၏ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့သူဖြစ်သည်။ သို့သော် ယခုအခါ ရှန်ဟွိုင်နျန်၏ အိမ်ထောင်ရေးသတင်းက ရုတ်တရက် ပေါ်ထွက်လာခဲ့လေပြီ။
လူအများ၏အမြင်တွင် ကြီးမြတ်သော သူရဲကောင်းတပ်မှူးရှန်အား အပြစ်တင်ကြမည်မဟုတ်ဘဲ အခြားသူ၏ချစ်သူကို လုယူသွားသော မြေခွေးမဖြစ်သည့် ရှဲ့လီကိုသာ အပြစ်တင်ကြမည်ဖြစ်သည်။ တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံရသေးမီမှာပင် ရှဲ့လီသည် စစ်တပ်ဝင်းအတွင်းရှိ မိန်းမကြီးများ၏ပါးစပ်ဖျားတွင် မြေခွေးမတစ်ကောင်ဖြစ်လာခဲ့လေပြီ။
တချိန်တည်းမှာပင် သူတို့နှစ်ဦးသည် သာယာလှပသော နံနက်ခင်းတစ်ခုကို ရွေးချယ်ကာ ပြည်သူ့ရေးရာဗျူရိုသို့ သွားရောက်၍ လက်ထပ်စာချုပ်ကို ပြုလုပ်ခဲ့ကြလေသည်။ ဓာတ်ပုံဆရာသည် ရှန်ဟွိုင်နျန်အား ရွှင်လန်းစွာဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။
“အရာရှိကြီး အမျိုးသမီးရဲဘော်ဘက်ကို နည်းနည်းထပ်တိုးပါဦး၊ ခင်ဗျားတို့ နှစ်ယောက်ကြားမှာ နောက်ထပ်လူတစ်ယောက်ဝင်နေလို့ရတဲ့ နေရာလွတ်ကြီး ရှိနေသေးတယ်ဗျ”
ရှန်ဟွိုင်နျန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ရှဲ့လီဘက်သို့တိုးရန် ပြင်လိုက်စဉ်မှာပင် နူးညံ့သောခန္ဓာကိုယ်တစ်ခုက သူ့ထံသို့မှီလာသည်ကို ခံစားလိုက်ရ၏။
သူတို့နှစ်ဦးမှာ တင်းတင်းကြပ်ကြပ် ပူးကပ်သွားခဲ့ကြလေသည်။ တစ်ဦး၏ ခန္ဓာကိုယ်အပူချိန်ကို အခြားတစ်ဦးက ခံစားသိရှိနိုင်သည်အထိ နီးကပ်နေခဲ့၏။
ရှဲ့လီသည် ရှန်ဟွိုင်နျန်၏ပခုံးပေါ် မှီချလိုက်ရင်း ဓာတ်ပုံဆရာအား မေးလိုက်လေသည်။
“ဒီလိုဆို အဆင်ပြေပြီလား ဆရာ”
ဓာတ်ပုံဆရာသည် ခေါင်းညိတ်ပြလိုက်ပြီး ဝမ်းသာအားရဖြင့် သူတို့ဓာတ်ပုံကို ရိုက်ပေးလေတော့သည်။ ရှန်ဟွိုင်နျန် တစ်ကိုယ်လုံး ခေတ္တမျှတောင့်တင်းသွားသည်ကို ရှဲ့လီခံစားလိုက်ရ၏။
သူမသည် ထိုအမျိုးသား၏ပခုံးအား တမင်သက်သက် ပွတ်သီးပွတ်သပ် လုပ်လိုက်သေးလေသည်။
“အားနျန် ဒီနေ့ ကျွန်မလှရဲ့လား၊ ဒါက ကျွန်မတို့ရဲ့မင်္ဂလာဓာတ်ပုံလေ၊ ဒီနေ့ ကျွန်မ သေချာလေးပြင်ဆင်ထားတာ”
သူမသည် တောက်ပနေသောမက်မွန်ပွင့်မျက်ဝန်းများကို တဖျပ်ဖျပ်ခတ်ကာ ဆွဲဆောင်မှုရှိစွာ ပြုံးပြလိုက်လေသည်။ ယနေ့တွင် သူမသည် အပြာနုရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ရှန်ဟွိုင်နျန်၏မီးခိုးပြာရောင် စစ်ဝတ်စုံနှင့် အလွန်ပင် လိုက်ဖက်ညီလှ၏။ သူမဆံပင်တွင်လည်း အနီရောင်ကလစ်လေးတစ်ခုကို ညှပ်ထားသေး၏။ ရှဲ့လီ စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။
‘လူဆိုးလေး၊ ဒီလောက်တောင် လုပ်ပြနေဝာာကို ရှင်မကြွေဘဲ နေနိုင်အုံးမလား ကြည့်ကြသေးတာပေါ့'
ရှန်ဟွိုင်နျန်သည် သူ့မြေခွေးမျက်ဝန်းများဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာကို တစ်ဖက်သို့လွှဲဖယ်သွားလေသည်။
သူသည် သူတို့ထိုင်နေသော ခုံရှည်၏အစွန်းကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခေါင်းညိတ်ကာ လေသံတိုးတိုးဖြင့် ပြောလာလေ၏။
“လှတယ်”
သူသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် အမှန်တကယ်ပင် အလွယ်တကူကျရှုံးတတ်သူဖြစ်သည်။
ရှောင်ချီသည် ဘေးမှကြည့်နေရင်း သူ့တပ်မှူးမှာ ကယ်တင်၍မရနိုင်တော့လောက်အောင်ဖြစ်နေပြီဟု ခံစားလိုက်ရသည်။ တပ်မှူးက အလွန်ပျင်းစရာကောင်းလွန်းသဖြင့် ဇနီးမရနိုင်တော့မည်ကို သူ မစိုးရိမ်တော့ပေ။
ယခုအခါတွင်မူ သူ့တပ်မှူးသည် မျှော်လင့်ချက်မရှိတော့လောက်အောင် အချစ်ရူးကြီးဖြစ်သွားမည်ကိုသာ သူ စိုးရိမ်နေမိတော့သည်။ တစ်ချိန်က တပ်သားထောင်ပေါင်းများစွာကို ကွပ်ကဲအုပ်ချုပ်ခဲ့သော တပ်မှူးရှန်သည် ယခုအခါ အချစ်ရေးနှင့်ပတ်သက်၍ အတွေ့အကြုံမရှိသော ကလေးဆန်ဆန် လူငယ်လေးတစ်ဦးအလား မျက်နှာနှစ်ခုရှိသော မရီး၏ညှို့ငင်ဖမ်းစားမှုအောက်တွင် လုံးဝကျရှုံးသွားခဲ့လေပြီ။
ရှောင်ချီ သက်ပြင်းတစ်ချက်ချလိုက်လေသည်။
‘အချစ်ဆိုတာ လှပတယ်လို့ ဘယ်သူပြောလဲ'
နောင်တစ်ချိန်တွင် သူ့တပ်မှူးကဲ့သို့ အရူးတစ်ယောက်တော့ အဖြစ်မခံနိုင်ပေ။ သူတို့နှစ်ဦးသည် ဓာတ်ပုံရိုက်ကူးပြီးနောက် လက်ထပ်စာချုပ်ကို လက်ခံရရှိခဲ့ကြလေသည်။
ဤခေတ်က လက်ထပ်စာချုပ်မှာ အနီရင့်ရောင် အဖုံးမာစာအုပ်လေးဖြစ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆင်တူကာ အပေါ်ဘက်တွင် လက်ထပ်စာချုပ်ဟူသော စာလုံးကြီးသုံးလုံးကို ရေးသားထားလေသည်။
ရှန်ဟွိုင်နျန်သည် ရှဲ့လီအားငုံ့ကြည့်ရင်း ပြောလိုက်လေ၏။
“ရှောင်လီ၊ ကိုယ်တို့ရဲ့ပစ္စည်းတွေ သိမ်းဖို့ စစ်တပ်ဝင်းထဲကိုလိုက်ခဲ့လေ၊ ကိုယ်တို့ ဒီညမြို့တော်ကိုပြန်ဖို့ ရထားလက်မှတ်ရထားတယ်”
သူသည် အလွန်ဖြူဝင်းနေပြီး လေတိုက်ခံ၊ နေပူခံနေရသော်လည်း ညိုမည်းမသွားနိုင်သော အသားအရေမျိုးကို ပိုင်ဆိုင်ထားသည်။
သူ့နှာတံမှာ မြင့်မားဖြောင့်စင်းနေပြီး ဤမျှလောက် ပြီးပြည့်စုံစွာဖြောင့်စင်းနေသော နှာတံမျိုးကို ရှဲ့လီ တစ်ခါမျှမမြင်တွေ့ဖူးခဲ့ပေ။ ဤသည်ကို တွေးမိသောအခါ ရှဲ့လီသည် မနေနိုင်တော့ဘဲ လက်လှမ်းကာ ဆွဲညှစ်လိုက်လေသည်။
“မေမေ ဖန်တီးပေးထားတဲ့ နှာတံလေးက သိပ်လှတာပဲ”
ရှန်ဟွိုင်နျန်သည် ‘မေမေ ဖန်တီးပေးထားသော နှာတံ’ ဆိုသည်ကို နားမလည်သော်လည်း ရှဲ့လီက သူ့နှာတံလှပကြောင်း ချီးကျူးနေခြင်းဖြစ်သည်ကိုမူ နားလည်လိုက်သည်။ သူ ကျေနပ်ပီတိ ဖြစ်နေစဉ်မှာပင် နောက်တစ်စက္ကန့်၌ ရှဲ့လီက စတင်အကဲဖြတ်လာလေ၏။
“ဒါပေမဲ့ ရှင်က လူချောလေးတစ်ယောက်နဲ့ တူနေတယ်နော်၊ တကယ်ရော စစ်တပ်ကိုကွပ်ကဲပြီး တိုက်ပွဲဝင်နိုင်ပါ့မလား”
ရှောင်ချီမှာ ပျက်စီးနေသောလေမှုတ်တံကြီးတစ်ခုအလား လေများကို အပြင်းအထန် ရှူသွင်းလိုက်ရသဖြင့် အသံများပင် ထွက်ပေါ်သွားခဲ့လေသည်။
‘အိုး သခင်မလေးရယ်၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့’
သူ့တပ်မှူးသည် လူချောလေးဟုခေါ်ခံရခြင်းကို အမုန်းဆုံးပင် ဖြစ်သည်။ သို့သော် ရှဲ့လီက ထပ်မံဖြည့်စွက်လိုက်လေ၏။
“ဒါပေမဲ့ ကျွန်မက လူချောလေးတွေကို သဘောကျဆုံးပဲ”
သူမသည် လူချောလေးများကို အမှန်တကယ်ပင် နှစ်သက်သဘောကျသူ ဖြစ်သည်။ လူချောလေးများမှာ သူမ၏အလှအပဆိုင်ရာ စံနှုန်းများပင် ဖြစ်လေသည်။
ရှောင်ချီ၏မျက်လုံးများ တစ်ဖန်ပြူးကျယ်သွားပြန်၏။ လူချောလေးဟုခေါ်ဆိုခံရပါက အပြင်းအထန်တုံ့ပြန်တတ်သော တပ်မှူးရှန်သည် ယခုအခါတွင်မူ ပြုံးရွှင်ကာ ရှဲ့လီအား တီးတိုးပြောဆိုနေသည်ကို မြင်တွေ့လိုက်ရလေသည်။
“မင်း သဘောကျသရွေ့ပေါ့”
‘အိုး ဘုရားရေ’
ရှောင်ချီ မျက်လုံးများကိုမှိတ်ထားလိုက်လေတော့သည်။ ရှဲ့လီမှာမူ ဆွံ့အသွားပြီးနောက် မျက်နှာကိုဖုံးကွယ်ကာ ရှက်သွေးဖြာပြီး ထွက်ပြေးသွားလေတော့သည်။