အခန်း ၄၈
Vol. 5 Ch. 48
Ch-48
ရှဲ့လီသည် စစ်တပ်သုံးဂျစ်ကားပေါ်တွင် ထိုင်နေပြီး ရှောင်ချီကကားကို တည်ငြိမ်စွာ မောင်းနှင်နေလေသည်။ ရှန်ဟွိုင်နျန်သည် ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ နောက်မှန်မှတစ်ဆင့် အနောက်ဘက်ရှိ ရှဲ့လီအား ရံဖန်ရံခါ လှမ်းကြည့်နေခဲ့၏။
ကားသည် စစ်တပ်ဝင်းအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့၏။ ရှန်ဟွိုင်နျန်၏ကားကို မြင်သည်နှင့် တံခါးဝရှိအစောင့်များမှာ လုပ်လက်စအလုပ်များကို ချက်ချင်းချထားကာ သပ်ရပ်စွာ တန်းစီပြီး အလေးပြုရင်း ကျယ်လောင်စွာ အော်ဟစ်နှုတ်ဆက်ကြလေသည်။
“မင်္ဂလာပါ အရာရှိကြီး”
ရှဲ့လီ နှုတ်ခမ်းထောင့်စွန်းလေးတွန့်ကွေးသွားခဲ့၏။
‘ဒီအခြေအနေလေးက တော်တော်လေး ကောင်းတာပဲ'
ဤသည်မှာ စစ်တပ်ဝင်းအတွင်းသို့ သူမ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။ ဝင်းအတွင်းတွင် ဆိုဗီယက်စတိုင် တိုက်တန်းရှည်များမှာ သပ်ရပ်စွာ တန်းစီနေလေသည်။ ခြံဝင်း၏ အလယ်တွင် မိုးမခပင်ကြီးတစ်ပင်ရှိပြီး ထိုအပင်အောက်တွင် အမျိုးသမီးတစ်စု ဝိုင်းဖွဲ့ထိုင်နေကြ၏။
အချို့က ဖိနပ်အောက်ခံပြားများကို ချုပ်နေကြပြီး အချို့က ဟင်းသီးဟင်းရွက်များကို ရေဆေးနေကြကာ အချို့ကမူ အဝတ်အစားများကို ဖာထေးနေကြလေသည်။ ရှန်ဟွိုင်နျန်၏ကားကိုမြင်သောအခါ သူတို့အားလုံး လည်ပင်းကို ဆန့်ကာကြည့်ရှုကြသော်လည်း အလွန်အမင်း သိသာလွန်းအောင်တော့ မလုပ်ရဲကြပေ။
ဤတပ်မှူးရှန်သည် အသားဖြူဖြူနှင့် ယဉ်ကျေးသိမ်မွေ့ပုံပေါ်သော်လည်း လူများကို ဆူပူကြိမ်းမောင်းရာတွင် အလွန်ကြောက်စရာကောင်းကြောင်း သူတို့ရင်ထဲတွင် ကောင်းကောင်းသိရှိထားကြသည်။
ဤစစ်သည်ဇနီးများထဲတွင် အချို့မှာ ရှန်ဟွိုင်နျန်၏လက်အောက်ငယ်သားများ၏ဇနီးများဖြစ်ကြရာ သူ၏ကြောက်မက်ဖွယ်ကောင်းပုံကို ပို၍ပင် သိရှိထားကြလေသည်။
ရှန်ဟွိုင်နျန်၏ ချောမောသောမျက်နှာကို လူအများက လျစ်လျူရှုလိုက်သည့်အထိဖြစ်လာခဲ့ပြီး လူတိုင်းက သူ့ကို တွေ့လျှင် မမြင်ချင်ယောင်ဆောင်ကာ ထွက်ပြေးကြသည်။ အချို့မှာမူ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သွားရောက်နှုတ်ဆက်ကြလေ၏။
ဤကဲ့သို့သော အမျိုးသားအား မည်သို့သောအမျိုးသမီးက ဖမ်းစားနိုင်ခဲ့သနည်း။ စစ်သည်ဇနီးများမှာ အလွန်ပင် သိချင်စိတ်ပြင်းပြနေခဲ့ကြသည်။
ဝမ်ရှို့လီသည် ရှန်ဟွိုင်နျန်၏ကားကို ခိုးကြည့်နေသော ကျန်းရှောင်ယန်အား တံတောင်ဖြင့်တွတ်ကာ တီးတိုးပြောလိုက်လေသည်။
“မြန်မြန် နောက်လှည့်ကြည့်လိုက်”
ကျန်းရှောင်ယန် အနောက်သို့လှည့်ကြည့်လိုက်သောအခါ အေးစက်စက်မျက်နှာဖြင့် ဘေးတွင်ရပ်နေသော ယဲ့ရှုဟွာကို မြင်တွေ့လိုက်ရလေသည်။
“အိုး အိုး ဘုရားရေ တကယ့်ကို အံ့သြစရာပဲ၊ သေချာပေါက် ဒရာမာခင်းတော့မှာပဲ”
ကျန်းရှောင်ယန်သည် စိတ်လှုပ်ရှားစွာဖြင့် ဝမ်ရှို့လီအား ဆွဲလိမ်လိုက်ရာ ဝမ်ရှို့လီမှာ နာကျင်လွန်းသဖြင့် မျက်နှာလေး ရှုံ့မဲ့သွားခဲ့ရလေသည်။ သူတို့နှစ်ဦးသည် ဟင်းသီးဟင်းရွက်များကို ဆက်လက်ရေဆေးနေဟန် ဟန်ဆောင်ကာ ယဲ့ရှုဟွာ၏လှုပ်ရှားမှုများကို အကဲခတ်နေခဲ့ကြ၏။
ကားသည် အဆောက်အအုံရှေ့တွင် ရပ်တန့်သွားလေသည်။ လူတိုင်းသည် လုပ်လက်စအလုပ်များကို ရပ်တန့်ကာ အသက်အောင့်ထားကြပြီး ရှန်ဟွိုင်နျန်က မြေခွေးမတစ်ကောင်ကို အိမ်သို့ခေါ်လာခြင်း ဟုတ်မဟုတ်ဆိုသည်ကို သိရှိလိုနေကြလေသည်။
ရှဲ့လီသည် ကားထဲတွင်ရှိနေသော်လည်း အပြင်ဘက်ရှိလူများ၏ အခြေအနေမှာ ပုံမှန်မဟုတ်ကြောင်းကို ရှင်းလင်းစွာ ခံစားသိရှိနေခဲ့၏။
ထိုစူးစူးရဲရဲစိုက်ကြည့်နေသော အကြည့်များ၊ ပေါ်တင်ကြီး ကြည့်နေမှုများနှင့် ပြဇာတ်တစ်ပုဒ်ကို ကြည့်ရှုလိုနေသော ထိုမျက်နှာများ။
သူတို့သည် သူမကားပေါ်မှဆင်းလာမည့်အချိန်ကို စောင့်မျှော်နေကြပြီး အပေါ်ယံတွင် ပြုံးရွှင်နေကြမည်ဖြစ်သော်လည်း ကွယ်ရာတွင်မူ သူမအား မည်သို့ အတင်းအဖျင်းပြောဆိုကြမည်ဆိုသည်ကို မည်သူက သိနိုင်မည်နည်း။
ထိုအခါ သူတို့ သေချာပေါက် အတင်းပြောလို့ ကောင်းနေကြတော့မည်မဟုတ်လော။
‘သူတို့ကို ဘယ်လိုလုပ်ပြီး အဲဒီလို အခွင့်အရေးမျိုး ပေးနိုင်မှာလဲ၊ သူတို့ ပျော်နေရင် ငါမပျော်နိုင်ဘူးလေ'
ဤသည်ကို တွေးမိသောအခါ ရှဲ့လီသည် ကားပြတင်းပေါက်ကို အနည်းငယ်ချလိုက်ပြီး သူမအတွက် တံခါးလာဖွင့်ပေးတော့မည့် ရှန်ဟွိုင်နျန်အား နွဲ့နွဲ့နှောင်းနှောင်းလေသံဖြင့် ဆိုလိုက်လေသည်။
“အားနျန်၊ ကျွန်မ ကားပေါ်ကမဆင်းတော့ဘူးနော်၊ ကားထဲကနေပဲ စောင့်နေမယ်”
‘အိုး ဘုရားရေ'
နားစွင့်ကာ နားထောင်နေကြသော စစ်သည်ဇနီးများမှာ လက်ထဲမှပစ္စည်းများကို အောက်ပစ်ချလိုက်မိကြပြီး မျက်လုံးများပင် ကောင်းကင်သို့လှန်မိသွားကြသည်။
‘အဲဒီသောက်ကျိုးနည်းအသံကြီး၊ အဲဒါ လူပြောတဲ့အသံလား၊ တပ်မှူးရှန်က နွဲ့တဲ့မိန်းမတွေကို အမုန်းဆုံးဆိုတာ မဟုတ်ဘူးလား’
လွန်ခဲ့သောအချိန်က ယဲ့ရှုဟွာသည် ဤကောလာဟလကိုကြားသိခဲ့ရပြီးနောက် နှစ်ပေါင်းများစွာ ထားရှိခဲ့သော သူမဆံပင်ရှည်များကိုညှပ်ပစ်ခဲ့ကာ အမျိုးမျိုးသော ဂါဝန်များနှင့် အင်္ကျီများနေရာတွင် စစ်ဝတ်စုံများ၊ ရှပ်အင်္ကျီနှင့် ဘောင်းဘီများဖြင့် အစားထိုးခဲ့လေ၏။
သူတို့သည် ယဲ့ရှုဟွာအား လှည့်မကြည့်ဘဲ မနေနိုင်အောင်ဖြစ်သွားကြလေသည်။ ရှဲ့လီသည်လည်း ထိုဇနီးသည်များ၏အကြည့်များရှိရာသို့ လှမ်းကြည့်လိုက်လေသည်။ ဇနီးသည်များ၏ အနောက်ဘက် ခပ်လှမ်းလှမ်းတွင် ရပ်နေသောမိန်းကလေးတစ်ဦးကို သူမ မြင်တွေ့လိုက်ရ၏။
သူမသည် တပ်တွင်းလူငယ်ဆံပင်ပုံစံကိုထားရှိပြီး ပါးလျရှည်လျားသော မျက်နှာရှိကာ အလယ်ခွဲထားသော ဆံပင်ပုံစံက သူမမျက်နှာကို နေကြာစေ့အဆန်လေးတစ်ခုအလား ပို၍ ရှည်လျားပါးလျသွားစေသည်။
သို့သော် ဤမိန်းကလေးမှာ ရုပ်ဆိုးသူတစ်ဦးတော့ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ထူးခြားလှပသော အလှတရားမျိုးကို ပိုင်ဆိုင်ထားလေသည်။
သွယ်လျသော မျက်ဝန်းများရှိကာ အရပ်ရှည်ရှည်နှင့် ပိန်သွယ်သွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အဖြူရောင် ရှပ်အင်္ကျီ၊ ရေတပ်ပြာရောင်ဘောင်းဘီနှင့် အနက်ရောင်သားရေဖိနပ်အပြားကို ဝတ်ဆင်ထားလေသည်။ သူမသည် အရည်အချင်းရှိပြီး အေးစက်စက်နိုင်သောပုံစံမျိုး ပေါက်နေ၏။
ရှဲ့လီသည် ဤမိန်းကလေးနှင့် ရှန်ဟွိုင်နျန်၏ဆက်ဆံရေးမှာ သာမန်မဟုတ်ကြောင်းကို ခံစားသိရှိလိုက်သည်။ သို့မဟုတ်ပါက ဇနီးသည်များသည် ထိုကဲ့သို့သောအကြည့်မျိုးဖြင့် ကြည့်ကြမည် မဟုတ်ပေ။
‘သူမက ရှန်ဟွိုင်နျန်ရဲ့ ရည်းစားဟောင်းလား၊ ဒါမှမဟုတ် သူ့အချစ်ဦးလား'
ထိုလူများ၏အကြည့်များ အဘယ်ကြောင့် ဤမျှစူးရဲနေရသည်ကို ရှဲ့လီနားလည်သွားခဲ့၏။ အကယ်၍ သူမ တွေးထင်ထားသည့်အတိုင်းသာ အမှန်တကယ်ဖြစ်နေခဲ့ပါက ဤလူများသည် ပြဇာတ်ကို ကြည့်ရှုလိုကြမည်မှာ သဘာဝပင်။
အကယ်၍ သူမသာ ကားပေါ်မှဆင်းသွားပါက ၎င်းသည် အထင်ကရမြင်ကွင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။ ရှဲ့လီ နှုတ်ခမ်းထောင့်စွန်းလေး တွန့်ကွေးသွားခဲ့၏။
‘ကြည့်ချင်တယ်ပေါ့လေ၊ အကြည့်မခံနိုင်ဘူးဟဲ့'