← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

Ch-49

ကားပြတင်းပေါက် အဟလေးမှတစ်ဆင့် ရှန်ဟွိုင်နျန်သည် ရှဲ့လီ၏တစ်ခဏတာ ကောက်ကျစ်သောအမူအရာနှင့် ပြုံးရွှင်နေသော အမူအရာတို့ကို မြင်တွေ့လိုက်ရရာ အလွန်ပင် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရလေသည်။

သူသည် အလိုလိုက်ထားသော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်၏။

“ဒါဆိုလည်း ကားထဲမှာပဲစောင့်နေခဲ့လေ၊ အထဲမှာ သရေစာတွေရှိတယ်၊ စားရင်းစောင့်နေ”

စစ်သည်ဇနီးသည်များ ဆွံ့အသွားကြလေသည်။

‘အိုး အိုး ဘုရားရေ ခက်ထန်တဲ့ အမျိုးသားက နူးညံ့မှုကို ပြသနေတယ်တဲ့လား၊ သံမဏိလို မာကျောတဲ့ အမျိုးသားတစ်ယောက်က လက်ချောင်းလေးတစ်ချောင်းအောက်မှာ ပျော့ပျောင်းသွားတယ်တဲ့လား'

‘အရင်က ယဲ့ရှုဟွာအစားအသောက်တွေ လာပို့တုန်းက သူပဲပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တာ မဟုတ်ဘူးလား၊ အဲဒီချွဲပစ်ပစ်စကားတွေက တကယ်ပဲ ရှန်ဟွိုင်နျန်ရဲ့ပါးစပ်ကနေ ထွက်လာတာလား’

စစ်သည်ဇနီးငည်များမှာ အလွန်တရာအံ့အားသင့်သွားခဲ့ကြလေသည်။ ယဲ့ရှုဟွာအား ထပ်မံလှည့်ကြည့်လိုက်သောအခါ သူမသည် မည်သည့်အချိန်ကတည်းက ထွက်သွားသည်မသိ ထိုနေရာတွင် မရှိတော့ပေ။

“ဟူးးး”

ဇနီးသည်များ တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြလေသည်။

‘တကယ်ကို စိတ်ပျက်စရာပဲ၊ ပြဇာတ်ကောင်းကောင်း မကြည့်လိုက်ရဘူး၊ တကယ့် ဒေါသထွက်လိုက်တာ'

ကားထဲတွင်ထိုင်နေသော ရှဲ့လီသည် တော်ဖီသကြားလုံးကို ပျော်ရွှင်စွာစားနေခဲ့၏။

‘ဒါက တော်တော်လေး ပျော်ဖို့ကောင်းတာပဲ'

ဇနီးသည်များမှာ ပါးစပ်ဝသို့ရောက်နေပြီဖြစ်သော အတင်းအဖျင်းတစ်ခု လုယူခံလိုက်ရသည့်အလား စွမ်းအင်ကင်းမဲ့သွားသလို ခံစားလိုက်ရလေသည်။

သူတို့သည် မြေပြင်ပေါ်ရှိ ဟင်းသီးဟင်းရွက်များ၊ ဖိနပ်အောက်ခံပြားများနှင့် အဝတ်အစားများကို ကောက်ယူကာ သူတို့အလုပ်များကို ဆက်လက်လုပ်ကိုင်ကြလေသည်။

“နင်တို့ ကြားလိုက်လား၊ အဲဒီအသံက လူကို ရွံစရာကောင်းလောက်အောင် ချွဲပျစ်နေတာပဲ”

ဝမ်ရှို့လီက တီးတိုးပြောလိုက်လေသည်။

“တပ်မှူးရှန်က ဒီလိုပုံစံမျိုးကို သဘောကျလိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး၊ သူ့ရုပ်ရည်က ဘယ်လိုနေမလဲဆိုတာ တကယ်သိချင်မိတယ်”

ကျန်းရှောင်ယန်က ဘေးမှနေ၍ ဝင်ရောက်မှတ်ချက်ပြုလေသည်။

“ဟမ့် အသံကောင်းနေတော့ရော ဘာအသုံးကျမှာလဲ၊ လီကွေနဲ့များတူနေမလားမသိဘူး”

“ဟားဟားဟားဟား”

ဇနီးသည်များ အားလုံးဝိုင်းရယ်မောလိုက်ကြလေသည်။ အမျိုးသမီးများ စုရုံးမိပါက အတင်းအဖျင်းပြောဆိုခြင်းမှလွဲ၍ အခြားလုပ်စရာမရှိပေ။ သူတို့ပါးစပ်ထဲတွင် မည်သူမျှ လူကောင်းဖြစ်မလာနိုင်ပေ။

ရှဲ့လီသည်လည်း ချွင်းချက်မဟုတ်ဘဲ သူတို့စကားဝိုင်းတွင် မြေခွေးမနှင့် နုနယ်လွန်းသော သခင်မလေးတစ်ဦးဖြစ်လာခဲ့လေပြီ။ ယဲ့ရှုဟွာသည် အိမ်သို့ ပြေးပြန်သွားခဲ့ပြီး သူမမျက်လုံးများမှာ နီရဲနေခဲ့လေသည်။ စိတ်ပျက်လက်ပျက် မျက်နှာ၊ နီရဲနေသော မျက်လုံးများဖြင့် အိမ်သို့ပြန်လာသော သမီးဖြစ်သူကို မြင်သောအခါ လျူရှို့အော်ကအမြန် ပြေးလာကာ မေးမြန်းလိုက်လေ၏။

“ဟွာဟွာ ဘာဖြစ်လို့လဲ”

ယဲ့ရှုဟွာသည် သူမမျက်လုံးများကို ခေါင်းမာစွာ ပွတ်သပ်လိုက်ရင်း မျက်ရည်များကို ဖယ်ရှားလိုက်လေသည်။

“အမေ သမီးက မလုံလောက်လို့လားဟင်”

လျူရှို့အော်မှာ အံ့အားသင့်သွားခဲ့သော်လည်း သမီးဖြစ်သူမှာ ထိုရှန်ဟွိုင်နျန်အတွက် နောက်တစ်ကြိမ်ဝမ်းနည်းနေရပြန်ပြီဆိုသည်ကို ချက်ချင်းပင် နားလည်လိုက်လေသည်။ သူမသမီးသည် ရုပ်ရည်ရော၊ အရည်အချင်းပါ ပြည့်စုံပြီး အဘက်ဘက်မှထူးချွန်သူတစ်ဦးဖြစ်၏။ သို့သော် သူမသည် ရှန်ဟွိုင်နျန်ကိုမှ သွားချစ်မိနေခဲ့သည်။

ရှန်မိသားစုမှ ထိုကောင်လေးမှာ ထူးချွန်လွန်းပြီး သူ့စရိုက်မှာလည်း အလွန်အေးစက်လှသည်။ ရှန်ဟွိုင်နျန်နှင့် စေ့စပ်ပေးရန် သူမလူလွှတ်ကာ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အကြိမ်တိုင်းတွင် ငြင်းပယ်ခံခဲ့ရ၏။

လျူရှို့အော်သည် သူမသမီးမှာ ရှန်ဟွိုင်နျန်နှင့် အလွန်လိုက်ဖက်သည်ဟု ယုံကြည်ထားသည်။ သူက ထူးချွန်လျှင် သူမသမီးမှာလည်း မညံ့ပေ။ သို့သော် သူက လုံးဝလက်မခံခဲ့ပေ။

ရှေ့တွင် အချိန်များစွာရှိနေသေးပြီး ရှန်ဟွိုင်နျန်မှာ အသိတရားမရသေးခြင်းဖြစ်နိုင်သည်ဟု လျူရှို့အော်တွေးထင်ခဲ့မိသည်။

အနာဂတ်တွင် အချိန်များအတူတကွ ကုန်ဆုံးပြီးပါက သံယောဇဉ်များဖြစ်ပေါ်လာလိမ့်မည်ဟု သူမထင်မှတ်ခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူ လက်ထပ်သွားပြီဆိုသော သတင်း ရုတ်တရက်ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။ သူမသမီး လက်မခံနိုင်သည်ကို မဆိုထားနှင့်၊ သူမကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။

ဟွာဟွာသည် ဖခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရသည်မှာ မကြာသေးမီကမှဖြစ်ပြီး ယခုအခါ သူမချစ်ရသူလက်ထပ်သွားပြီဆိုသည့် အမှန်တရားကိုပါ လက်ခံရတော့ပေမည်။ လျူရှို့အော်သည် ယဲ့ရှုဟွာအား ဖက်ထားကာ အဆက်မပြတ်နှစ်သိမ့်ပေးနေခဲ့ပြီး သူမရင်ထဲတွင်မူ ဤမိန်းမက သူမသမီး၏အမျိုးသားကို လုယူသွားခဲ့သည်ဟု ခံစားရကာ ရှဲ့လီအား အလိုလိုအပြစ်တင်လာမိတော့သည်။

“အမေ ဦးလေးဝူကို အကူအညီတောင်းပေးလို့ရမလား၊ အဲဒီမိန်းမရဲ့နောက်ခံကို သမီးသိချင်တယ်၊ သမီးက သူ့ထက်ညံ့တယ်ဆိုတာကို လုံးဝမယုံနိုင်ဘူး၊ သမီးက သူ့ထက်နိမ့်ကျတယ်ဆိုတာကို လုံးဝမယုံဘူး”

ယဲ့ရှုဟွာသည် ရှန်ဟွိုင်နျန်ကို အလွှတ်ပေးရန် ခေါင်းမာစွာဖြင့်ငြင်းဆန်နေခဲ့လေ၏။ ယနေ့တွင် သူမသည် ရှန်ဟွိုင်နျန် သဘောကျသော အမျိုးသမီး၏ရုပ်ရည်ကို သိရှိလိုသဖြင့် စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုအမျိုးသမီးမှာ ကားပေါ်မှပင်မဆင်းခဲ့ဘဲ ရှန်ဟွိုင်နျန်ကလည်း သူမအား အလွန်အမင်းအလိုလိုက်နေခဲ့သည်။

ရှန်ဟွိုင်နျန်၏ ထိုကဲ့သို့သောအပြုအမူမျိုးကို သူမ တစ်ခါမျှမမြင်တွေ့ခဲ့ဖူးပေ။ သူမမှတ်ဉာဏ်ထဲတွင် ထိုမြေခွေးမျက်ဝန်းများမှာ အမြဲတမ်းအေးစက်နေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် လူများကို မိုင်ထောင်ချီအဝေးသို့ ရောက်သွားစေနိုင်သည်။

သို့သော် ယနေ့တွင်မူ ကားထဲရှိ ထိုအမျိုးသမီးကို ကြည့်သောအခါ ထိုမြေခွေးမျက်ဝန်းများမှာ တွန့်ကွေးနေပြီး အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။ မနာလိုဝန်တိုမှုသည် လူကိုမှတ်မိနိုင်စွမ်းမရှိလောက်အောင် ပြောင်းလဲသွားစေတတ်၏။

ယဲ့ရှုဟွာသည် ခေါင်းကိုစောင်ထဲသို့ထိုးသွင်းကာ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးတော့လေသည်။

“အား အား ဝူးဝူးဝူး”

သူမ အလွန်တရာမွန်းကျပ်လွန်းနေခဲ့သည်။ ထိုသို့ အော်ဟစ်လိုက်ပြီးနောက်တွင် ပိုမိုကောင်းမွန်သွားသည့်အလား ခံစားလိုက်ရလေသည်။

ခြံဝင်းအတွင်းရှိ ဇနီးသည်များမှာမူ လန့်ဖျပ်သွားကြပြီး သူတို့ပစ္စည်းများကို ကောက်ယူကာ ပြေးရင်းလွှားရင်း အော်ဟစ်ကြလေတော့သည်။

“ဝံပုလွေကြီးလာနေပြီ၊ ဝံပုလွေကြီးလာနေပြီ”

All Chapters