အခန်း ၅၀
Vol. 5 Ch. 50
Ch-50
ရှန်ဟွိုင်နျန်သည် အလွန်လျင်မြန်စွာ လှုပ်ရှားတတ်သူဖြစ်ရာ ဆယ်မိနစ်အကြာတွင် သားရေလက်ဆွဲအိတ်ကြီးတစ်လုံးကို ကိုင်ဆောင်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ယခုတစ်ကြိမ်တွင် ကိုယ်ရေးအရာရှိရှောင်ချီလည်း လိုက်ပါလာမည်ဖြစ်ရာ သူသည်လည်း အခွင့်အရေးကို အသုံးချကာ သူ့သားရေအိတ်ငယ်လေးကို အမြန်ဆုံး သိမ်းဆည်းလာခဲ့လေ၏။
ထိုညနေခင်းတွင်ပင် သူတို့သုံးဦးသည် မြို့တော်သို့ ပြန်မည့်ရထားကို စီးနင်းခဲ့ကြသည်။ သူတို့သည် အထူးတန်း အိပ်စင်ခန်းတွင် ခရီးသွားနေကြခြင်းဖြစ်သည်။ ဤခေတ်ကာလတွင် အထူးတန်း အိပ်စင်လက်မှတ်များကို ငွေရှိရုံဖြင့်ဝယ်ယူ၍မရနိုင်ဘဲ လူတစ်ဦး၏အဆင့်အတန်းနှင့် ရာထူးအပေါ်မူတည်၍ ကန့်သတ်ထားခြင်းဖြစ်၏။
ရှဲ့လီသည် လက်ဗလာဖြင့် ရထားဝန်ထမ်း၏နောက်မှ ပေါ့ပေါ့ပါးပါးပင်လိုက်ကာ အခန်းတွင်းသို့ဝင်ရောက်လာခဲ့သည်။ ဆူညံပွက်လောရိုက်နေပြီး ခရီးဆောင်အိတ်များ စုပုံနေသော ရိုးရိုးတန်းတွဲများနှင့် နှိုင်းယှဉ်လိုက်လျှင် အထူးတန်းအိပ်စင်အတွဲမှာ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားရလေသည်။
တိတ်ဆိတ်သပ်ရပ်သည်။ ထို့အပြင် သီးသန့်ဆန်လှ၏။ ဤခေတ်အခါတွင် အထူးတန်းအိပ်စင်တွဲတစ်ခုသည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် မမြင်ရသော စည်းမျဉ်းများကို ကိုယ်စားပြုနေလေသည်။
ဤနေရာသို့ ဝင်ရောက်ခြင်းသည် ရွေ့လျားနေသော ပြည်တွင်းဧည့်ဂေဟာတစ်ခုအတွင်း ဝင်ရောက်သွားသကဲ့သို့ ဖြစ်နေပေသည်။ အခန်းတစ်ခန်းလျှင် အိပ်စင်လေးခုစီပါဝင်ပြီး အပေါ်ထပ်နှစ်ခုနှင့် အောက်ထပ်နှစ်ခုဖြစ်၏။ ရထားတွဲ၏နံရံများကို အမည်းရောင် အလှဆင်သစ်သားပြားများဖြင့် ဖုံးအုပ်ထားရာ တည်ငြိမ်မှုနှင့် သြဇာအာဏာကြီးမားမှု အငွေ့အသက်များကို ဖော်ပြနေလေသည်။
ရှန်ဟွိုင်နျန်သည် ခရီးဆောင်အိတ်များကို အောက်ထပ်အိပ်စင်အောက်သို့ တွန်းသွင်းလိုက်သည်။ အခြေအနေကို ကောင်းကောင်းသဘောပေါက်သော ရှောင်ချီသည် မျက်နှာချင်းဆိုင် အောက်ထပ်အိပ်စင်နှစ်ခုလုံးကို ရှဲ့လီနှင့် ရှန်ဟွိုင်နျန်တို့အတွက် ဖယ်ပေးလိုက်ပြီး သူကမူအပေါ်ထပ်အိပ်စင်သို့ ကပျာကယာ တက်သွားလေ၏။
ရှဲ့လီ အိပ်စင်ပေါ်တွင်ထိုင်လိုက်၏။ အိပ်ရာမှာ နူးညံ့ပြီး သက်တောင့်သက်သာရှိကာ အိပ်ရာခင်းများမှာ ဖြူဖွေးတောက်ပြောင်နေပြီး ကုတင်ခေါင်းရင်းတွင် အစိမ်းပုပ်ရောင် ကတ္တီပါကျောမှီလေးတစ်ခုပင်ရှိနေသေးသည်။
ဤခေတ်အခါတွင် အထူးတန်းအိပ်စင်ဖြင့် ခရီးသွားနိုင်သူများသည် အာဏာရှိသူများ၏ သင်္ကေတပင်ဖြစ်လေသည်။
“မင်း ပင်ပန်းနေပြီလား၊ ခဏလောက်နားလိုက်လေ၊ ဗိုက်ဆာနေပြီလား”
ရှန်ဟွိုင်နျန်က ရှဲ့လီအားကြည့်ကာ မေးလိုက်လေသည်။ ထိုမိန်းကလေးမှာ အခန်းအတွင်း စပ်စပ်စုစုလိုက်လံကြည့်ရှုနေပြီး ကုတင်ကိုတစ်လှည့်၊ ကုတင်ဘေးရှိ မီးအိမ်လေးကိုတစ်လှည့် လိုက်လံစမ်းသပ်နေခဲ့၏။
“ဝေါ့”
ရှောင်ချီမှာ အန်ချင်စိတ်ကိုမထိန်းနိုင်အောင် ဖြစ်သွားခဲ့ရသည်။ သူ့တပ်မှူးက ထိုကဲ့သို့ နူးညံ့သောလေသံဖြင့် ဟန်ဆောင်ပြောဆိုနေပုံမှာ အမှန်တကယ်ကို ရွံချင်စရာကောင်းလှသည်။
“ကျွန်မ ဗိုက်မဆာသေးပါဘူး”
*ဂွီ*
သူမအစာအိမ်နှင့် ပါးစပ်တို့မှ တစ်ပြိုင်နက်တည်း အသံထွက်လာခဲ့လေ၏။ ရှဲ့လီမှာ ဆွံ့အသွားရလေသည်။
'နင့်ကို သေအောင်ရိုက်သတ်ပစ်မယ်၊ ငါ့ရဲ့ အသုံးမကျတဲ့အစာအိမ်အစုတ်ကြီး'
ရှဲ့လီ ရှက်ရွံ့သွားသည်ကိုမြင်သောအခါ ရှန်ဟွိုင်နျန် ခေါင်းညိတ်ပြလိုက်လေသည်။
“ကိုယ်ဗိုက်ဆာနေပြီ၊ မင်း ကိုယ်နဲ့အတူတူ လာစားပေးပါလား”
“အိုကေလေ”
ရှဲ့လီ၏မျက်လုံးလေးများ မှေးကျဉ်းသွားသည်အထိ ပြုံးရွှင်သွားခဲ့လေသည်။ ဤအမျိုးသားမှာ အလွန်ကောင်းမွန်ပြီး ကြင်နာတတ်လှသည်။ ထွက်ပေါက်တစ်ခုပေးမည်ဆိုပါကလည်း တကယ့်ကို သေသေချာချာပေးတတ်သူ ဖြစ်သည်။
ရှောင်ချီသည် အပေါ်ထပ်အိပ်စင်တွင် လှဲလျောင်းနေရင်း အောက်ထပ်မှလွင့်ပျံလာသော ချိုအီနေသည့်ချစ်ရနံ့များကို ရှူရှိုက်နေခဲ့ရ၏။
‘ဟီးဟီး... သတင်းထောက်တစ်ယောက်ဆီက ကင်မရာတစ်လုံးလောက်ငှားပြီး တပ်မှူးရဲ့ ဒီလိုစိတ်ပျက်စရာကောင်းတဲ့ ပုံစံကြီးကို လူတိုင်းမြင်အောင် ရိုက်ပြလိုက်ချင်တော့တယ်။ ဓာတ်ပုံတစ်ပုံကို ပြားငါးဆယ်နဲ့ ရောင်းရင်တောင် သေချာပေါက် အရောင်းရဆုံးဖြစ်မှာပဲ'
“ရှောင်ချီ၊ ထမင်းဘူးနှစ်ဘူးသွားဝယ်ချေ”
အမည်ခေါ်ခံလိုက်ရသဖြင့် ရှောင်ချီမှာ ကပျာကယာထထိုင်လိုက်ပြီး ဂန္ဓမာပန်းတစ်ပွင့်အလား မျက်နှာတွင် အပြုံးများ ပွင့်လန်းသွားလေသည်။
“ဟုတ်ကဲ့ပါ တပ်မှူး”
သူသည် ကုတင်ပေါ်မှလိမ့်ဆင်းလာကာ စားနပ်ရိက္ခာလက်မှတ်များဖြင့် ထမင်းဘူး သွားရောက်ဝယ်ယူလေတော့သည်။
‘အီးဟီးဟီး ဘယ်လောက်တောင် ကြေကွဲစရာကောင်းလိုက်သလဲ၊ အရင်တုန်းက တပ်မှူးနဲ့ ခရီးသွားရင် အဲဒီ ဒုတိယမြောက်ထမင်းဘူးက ငါ့အတွက်လေ၊ အခုတော့ မရီးက ယူသွားရုံတင်မကဘူး ငါကတောင် သူ့ထမင်းဖိုးပြန်ရှင်းနေရသေးတယ်၊ အီးဟီးဟီး အချစ်ဆိုတာ လှပတယ်လို့ ဘယ်သူပြောတာလဲ’
အထူးတန်းအိပ်စင်အတွဲရှိ အစားအသောက်များကို သီးသန့်ပံ့ပိုးပေးထားခြင်းပင်။ ရိုးရှင်းသော ဟင်းသီးဟင်းရွက်ကြော်များနှင့် ထမင်းဖြစ်သော်လည်း အတော်လေး များပြားပြီး ဆီပြန်ဟင်းများပါဝင်လေသည်။
ရေဒီယိုမှ ‘ပင်လယ်ကူးသင်္ဘောကို ပဲ့ကိုင်ရှင်က ဦးဆောင်တယ်’ ဟူသော သီချင်းသံထွက်ပေါ်နေပြီး ရှဲ့လီသည် ထိုသီချင်းကို နားထောင်ရင်း ထမင်းစားနေခဲ့သည်။ ရထားဝန်ထမ်းတစ်ဦးက ရေနွေးအချို့ကို လာရောက်ပို့ဆောင်ပေးခဲ့၏။
ဤအခန်းအတွင်းရှိ အိပ်စင်လေးခုမှာ လူအပြည့်မရှိဘဲ ရှဲ့လီ၊ ရှန်ဟွိုင်နျန်နှင့် ရှောင်ချီတို့သုံးဦးတည်းသာရှိနေသဖြင့် ရှဲ့လီအား ပိုမိုသက်တောင့်သက်သာဖြစ်စေခဲ့သည်။
ညဘက်သို့ ရောက်သောအခါ သူမအစာအိမ်မှာ ထပ်မံအသံမြည်လာပြန်၏။
‘ဟူး သနားစရာကောင်းလိုက်တာ၊ ညစာလေး စားလိုက်ချင်လိုက်တာ’
သူမတွင် ညစာစားလေ့ရှိသောအကျင့်ရှိသော်လည်း ဤခရီးစဉ်မှာ အလွန်အလောတကြီးဖြစ်နေခဲ့သဖြင့် သရေစာတစ်ခုမျှ ယူမလာခဲ့ရပေ။ ဤခေတ်တွင် ရထားများပေါ်၌ ၂၄ နာရီ ဖွင့်လှစ်သော အစားအသောက်တွဲများမရှိဘဲ ညခုနစ်နာရီ မတိုင်မီကတည်းက အစားအသောက် ရောင်းချမှုများကို ရပ်ဆိုင်းလေ့ရှိသည်။
ရှဲ့လီသည် စောင်ကိုတင်းတင်းကြပ်ကြပ် ခြုံလိုက်ပြီး တစ်ဖက်သို့လှည့်အိပ်လိုက်လေသည်။ ‘မနက်ဖြန်ကျရင်တော့ ညဘက်စားဖို့အတွက် အစားအသောက်တွေ ပိုတောင်းထားမှပဲ' ဟု တွေးတောရင်း တံတွေးများကိုသာ မြိုချနေခဲ့ရ၏။ ရှန်ဟွိုင်နျန်ကုတင်ပေါ်မှ ဆင်းလာသံကို ကြားလိုက်ရသော်လည်း သူမ လှည့်မကြည့်ခဲ့ပေ။
‘ဗိုက်ဆာနေတယ်၊ စိတ်အခြေအနေ မကောင်းဘူး၊ စကားမပြောချင်ဘူး'
*ကလစ်*