အခန်း ၅၁
Vol. 6 Ch. 51
Ch-51
ရှန်ဟွိုင်နျန် လက်ဆွဲအိတ်ဆွဲယူကာ ဖွင့်လိုက်သံကို ကြားလိုက်ရလေသည်။ တရှပ်ရှပ်မြည်သံလေးများ ထွက်ပေါ်လာပြီးနောက် တစ်စုံတစ်ဦးက သူမပခုံးအား ညင်သာစွာ ပုတ်လိုက်သည်ကို ခံစားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်သောအခါ အပြုံးများဖြင့်ပြည့်နှက်နေသော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရ၏။
“ကိုယ် ဗိုက်ဆာနေလို့၊ ကိုယ်နဲ့အတူတူ တစ်ခုခုစားမလား”
ရှောင်ချီ မျက်လုံးပြူးသွားရလေသည်။
‘တပ်မှူး အရမ်းကြီးတော့ အပိုတွေမလုပ်ပါနဲ့ဗျာ၊ စစ်တပ်မှာ စည်းကမ်းဆိုတာ ရှိတယ်၊ ညလယ်ခေါင်ကြီးထပြီး စားသောက်တဲ့ အကျင့်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာကြီးကို'
“အိုကေလေ”
ရှဲ့လီ ချက်ချင်းပင်ထထိုင်လိုက်လေသည်။ ရှန်ဟွိုင်နျန်သည် သူ့လက်ဆွဲအိတ်ထဲမှ သရေစာများအားလုံးကို ထုတ်ယူထားပြီးဖြစ်သည်။ ရွှေရောင်မာရှဲလိုးများ၊ တော်ဖီသကြားလုံးများ၊ လိမ္မော်သီးအမြွှာပုံ သကြားလုံးများ၊ စွန်ပလွံသီးအနှစ် ကိတ်မုန့်များ၊ စည်သွတ်ဘူးနှင့် နို့ဘီစကွတ်များပါဝင်ပြီး ဆေးကြောထားသော ခရမ်းချဉ်သီးအချို့နှင့် သကြားအိတ်တစ်အိတ်ကိုပါ ထုတ်ယူလိုက်သေး၏။
မှင်သက်နေသော ရှောင်ချီ၏အကြည့်များအောက်တွင် ရှန်ဟွိုင်နျန်သည် စစ်တပ်သုံးဓားမြှောင်ငယ်အား ထုတ်ယူကာ ခရမ်းချဉ်သီးများကို အတုံးသေးသေးလေးများ တုံးလိုက်ပြီး သကြားများနှင့် ရောနယ်ကာ ရှဲ့လီအား ကမ်းပေးလိုက်လေသည်။
“သကြားနဲ့ နယ်ထားတာ၊ စားကြည့်ပါဦး”
ရှဲ့လီသည် အနည်းငယ်ရှက်ရွံ့စွာဖြင့် ယူလိုက်ပြီး လက်ချောင်းလေးများဖြင့် တစ်တုံးကောက်စားလိုက်လေသည်။
“အရမ်း စားလို့ကောင်းတာပဲ”
‘အိုး ဘုရားရေ...’
ရှောင်ချီသည် အိပ်စင်ပေါ်သို့ ဝုန်းခနဲ ပြန်လည်လှဲချလိုက်လေတော့၏။
တစ်ခုတည်းသော မီးအိမ်လေးတစ်လုံးအလား၊ အထီးကျန်နေသော ဝိညာဉ်လေးတစ်ခုအလား…
အထီးကျန်ဝိညာဉ်လေး၊ ယခုအချိန်တွင် သူသည် အထီးကျန်ဝိညာဉ်လေးတစ်ခုသာ ဖြစ်နေလေပြီ။
ရှန်ဟွိုင်နျန်သည် ရှဲ့လီထိုသကြားအပြည့်ပါသော အစားအစာများကိုစားနေစဉ် အနားမှနေ၍ အဖော်ပြုပေးနေခဲ့ရ၏။ အစားအစာများက အလွန်ချိုအီလွန်းသဖြင့် သွားများပင်ကျိန်းစက်သွားစေနိုင်သည်။ ရှဲ့လီသည် အချိုများကို နှစ်သက်သဘောကျသူဖြစ်ရာ မည်သည့်အရာကိုမျှ မငြင်းဆန်ခဲ့ပေ။
သူမသည် ဝဝလင်လင်စားသောက်ပြီးနောက် ကျေနပ်စွာဖြင့် ဟောက်သံလေးများပေးကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့လေသည်။ ရှန်ဟွိုင်နျန်သည် ပစ္စည်းများအား ရှင်းလင်းကာ ကျန်ရှိနေသည်များကို လက်ဆွဲအိတ်ထဲသို့ပြန်ထည့်လိုက်သည်။ ရှောင်ချီသည် အိပ်စင်ပေါ်မှ ချောင်းကြည့်လိုက်ရာ သူ့တပ်မှူး ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ လက်ဆွဲအိတ်အား ရှင်းလင်းနေသည်ကို မြင်တွေ့လိုက်ရ၏။
သူ့တပ်မှူး၏လက်ဆွဲအိတ်ကြီးထဲတွင် ကလေးများကစားလေ့ရှိသော ကွင်းကိုးကွင်း ပဟေဠိကစားစရာတစ်ခုပါဝင်နေသည်ကိုပင် သူ မြင်တွေ့လိုက်ရသေးသည်။ အဝတ်အစားသန့်သန့်တစ်စုံမှလွဲ၍ ကျန်သည့်အရာများ အားလုံးမှာ သူ့မရီးအတွက်ချည်းပင်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့တပ်မှူးကို ပျင်းစရာကောင်းသည်ဟု ထပ်ပြောလာပါက သူ နှစ်ချက်လောက် ထိုးပစ်လိုက်မည်ပင်။
‘ဒါက လုံးဝအဓိပ္ပာယ်မရှိတဲ့စကားပဲ၊ တစ်ကယ်လို့ ဒါကိုသာ ပျင်းစရာကောင်းတယ်လို့ခေါ်ရင် ဒီကမ္ဘာပေါ်မှာ ပျင်းစရာကောင်းတဲ့သူဆိုတာ မရှိတော့ဘူးပေါ့၊ လူပျိုကြီးက တကယ့်ကို အထာနပ်တာပဲ'
နှစ်ရက်နှင့် တစ်ညတာခရီးစဉ်မှာ ရှဲ့လီ ထင်ထားသလောက် မပင်ပန်းခဲ့ပေ။ သူမ တစ်ခုခုစားချင်တိုင်း၊ ဗိုက်ဆာတိုင်း သို့မဟုတ် ပျင်းရိတိုင်း ရှန်ဟွိုင်နျန်သည် သူ့လက်ဆွဲအိတ်ထဲမှ တစ်ခုခုကို အချိန်ကိုက် ထုတ်ပေးလေ့ရှိသည်။
ထိုလက်ဆွဲအိတ်မှာ သူမ၏နေရာလွတ်လောက်များ ကြီးမားနေသလားဟုပင် သူမ တစ်ခါတစ်ရံ သံသယဝင်မိလေသည်။ ဘူတာရုံသို့ ရောက်ရှိပြီး ရထားပေါ်မှဆင်းသောအခါ ရှန်ဟွိုင်နျန်သည် လက်တစ်ဖက်ဖြင့် လက်ဆွဲအိတ်ကို ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် ရှဲ့လီလက်ကို ဆုပ်ကိုင်ထားလေ၏။
ရှောင်ချီသည် သူတို့အနောက်မှ အထီးကျန်စွာ လိုက်ပါလာခဲ့ပြီး တတိယဘီးဖြစ်ရခြင်း၏ ကူကယ်ရာမဲ့မှုကို ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရလေသည်။
ရှန်ဟွိုင်နျန်သည် ရှဲ့လီအား ခေါ်ကာ ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုသော်လည်း အဖေရှန် သို့မဟုတ် အမေရှန်ကို မမြင်တွေ့ရပေ။ ရှဲ့လီမှာ ပင်ပန်းနေပြီဖြစ်သည်။ သူမသည် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားသောကြောင့် အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်၏။
ထို့ကြောင့် ရှန်ဟွိုင်နျန်သည် သူမအား ထိုနေရာတွင်ပင်စောင့်နေစေပြီး သူနှင့် ရှောင်ချီတို့ လူစုခွဲကာ သွားရောက်ရှာဖွေကြလေသည်။ သူတို့နှစ်ဦး ထွက်သွားပြီး မကြာမီမှာပင် အမျိုးသမီးတစ်ဦး သူမရှေ့မှဖြတ်သွားလေသည်။ ထိုအချိန်တွင် အနီးအနားရှိကြက်ဥပြုတ်ရောင်းချသော ဈေးသည်တစ်ဦးမှာ ခြေချော်သွားပြီး သူ့ထမ်းပိုးနှစ်ဖက်မှ တွဲလောင်းကျနေသော ကြက်ဥပြုတ်အိုးများမှာ ထိုအမျိုးသမီးဆီသို့ ယိမ်းယိုင်သွားလေသည်။
ရှဲ့လီ၏လှုပ်ရှားမှုများမှာ အလွန်လျင်မြန်လှ၏။ သူမသည် လျှောတိုက်ပြေးသွားကာ ထိုအမျိုးသမီးအားဆွဲဖမ်းလိုက်ပြီး သူမရင်ခွင်ထဲသို့ ထည့်ကာ မင်းသမီးလေးတစ်ပါးအလား ပွေ့ချီလိုက်လေသည်။ ဈေးသည်မှာ အခြေအနေကိုရိပ်မိသွားပြီး ကပျာကယာပြေးလာကာ မေးမြန်းလိုက်လေသည်။
“ရဲဘော် ရဲဘော်၊ အပူဟပ်သွားသေးလားဟင်”
ထိုအမျိုးသမီးမှာ မတ်မတ်ရပ်လိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်လေ၏။
“ရပါတယ်၊ ကိစ္စမရှိပါဘူး”
ထို့နောက် သူမသည် ရှဲ့လီအားလှမ်းကြည့်လိုက်၏။
“ရဲဘော်လေး ကျေးဇူးတင်ပါတယ်ကွယ်”
ထိုအမျိုးသမီးသည် ဒေကရွန်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်များကိုရိုးရှင်းစွာ စည်းနှောင်ထားကာ လှပသော မျက်နှာသွင်ပြင်နှင့် အနည်းငယ်ပင့်တက်နေသော မြေခွေးမျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားလေသည်။ သူမသည် အသက်ကြီးသည့်တိုင်အောင် ဆွဲဆောင်မှုရှိနေဆဲပင်။
“ချိုးကျင်း အဆင်ပြေရဲ့လား”
အမျိုးသမီး၏အနောက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပြေးလာလေသည်။ ထိုသူ့အသံမှာ ဩဇာတိက္ကမ အပြည့်ရှိပြီး သူ့မျက်နှာတွင်လည်း ခန့်ညားမှုများပြည့်နှက်နေလေ၏။
ရှဲ့လီသည် နှုတ်ခမ်းတွန့်လိုက်လေသည်။
“ကိုယ့်မိန်းမကိုယ်တောင် သေချာမကာကွယ်နိုင်ဘူး”
ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အံ့အားသင့်သွားခဲ့၏။ သူ့အား ဤကဲ့သို့ ဆူပူကြိမ်းမောင်းခြင်းမျိုး တစ်ခါမျှ မခံခဲ့ရဖူးကြောင်းထင်ရှားပေသည်။
သို့သော် သူ့အမျိုးသမီးမှာမူ အလွန်စိတ်ဝင်စားသွားဟန်ဖြင့် ခေါင်းညိတ် ထောက်ခံလိုက်လေသည်။
“ဟုတ်ပါ့ ဟုတ်ပါ့”
သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အနည်းငယ် အခက်တွေ့သွားလေ၏။
“အဖေ အမေ”
ရှဲ့လီလှည့်ကြည့်လိုက်သောအခါ ရှန်ဟွိုင်နျန်က ထိုဇနီးမောင်နှံအား ‘အဖေ’၊ ‘အမေ’ ဟု ခေါ်ဆိုနေသည်ကို မြင်တွေ့လိုက်ရလေသည်။ ရှဲ့လီ ဆွံ့အသွားရ၏။
‘ငါ့ယောက္ခမတွေလား’
သူမ ထိုအမျိုးသမီးကို သက်လတ်ပိုင်းအရွယ်အမျိုးသား၏ ရင်ခွင်ထဲသို့ တိတ်တဆိတ် ပြန်လည်တွန်းပို့ပေးလိုက်လေတော့သည်။