အခန်း ၅၂
Vol. 6 Ch. 52
Ch-52
ရှဲ့လီ ရုတ်ချည်းပင် အလွန်တရာယဉ်ကျေးသိမ်မွေ့သွားခဲ့သည်။
‘ကယ်ကြပါဦးရှင်’
ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမှာတင် ယောက္ခမဖြစ်သူတပ်မှူးကြီးကို ဆူပူကြိမ်းမောင်းလိုက်မိခြင်းပင်။ တကယ့်ကို အာဂသတ္တိခဲလေးဖြစ်လေ၏။
“ရှောင်လီ၊ သမီးပြောတာ မှန်တယ်၊ စောစောက သမီးပြောသွားတာ တကယ့်ကို ထက်မြက်လွန်းတယ်လို့ အန်ကယ်ထင်တယ်”
ကြွက်တစ်ကောင်အလား တိတ်ဆိတ်ငြိမ်သက်နေသော ရှဲ့လီအား မြင်သောအခါ ရှန်သဲ့ရှန့်သည် အခြေအနေကို ပြေလည်စေရန် အလျင်အမြန်ပင် ဝင်ရောက်ပြောဆိုလိုက်လေသည်။
သူသည် နှုတ်ခမ်းထောင့်စွန်းကိုတွန့်လိုက်ပြီး သွားများပေါ်သည်အထိ အစွမ်းကုန်ပြုံးပြရန် ကြိုးစားနေခဲ့ရာ အမိန့်ပေးညွှန်ကြားရခြင်းကို အသားကျနေသော သူ့မျက်နှာပေါ်တွင် တောင့်တောင့်တင်းတင်းဖြစ်နေခဲ့၏။
အတော်လေးကို ရယ်စရာကောင်းလှ၏။
“ဟုတ်ပါ့ အိုကွယ် အသည်းလေး မေမေ သမီးကို သေချာလေးကြည့်ပါရစေဦး၊ အိုး မျက်နှာလေးကို ကြည့်ပါဦး၊ ဘာလို့ ဒီလောက်တောင် ပိန်သွားရတာလဲ၊ အိမ်ရောက်ရင် မေမေ သမီးအတွက် အရသာရှိတာတွေ ချက်ကျွေးမယ်နော်”
ရှန်ဟွိုင်နျန်၏မိခင်ဖြစ်သူ ဖုန်းချိုးကျင်းသည် ရှဲ့လီလက်ကို ဆုပ်ကိုင်ရင်း သူမမျက်ဝန်းများထဲတွင် နာကျင်ကြေကွဲမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ရှဲ့လီ၏နောက်ခံအခြေအနေ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာသည် အချိန်အတော်ကြာကတည်းက သူတို့အိမ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူတို့သည် စစ်တပ်မိသားစုဖြစ်ပြီး မျိုးရိုးစဉ်ဆက် ဖြောင့်မတ်တည်ကြည်ကာ သစ္စာရှိခဲ့ကြသူများဖြစ်၏။ သူတို့ရာထူးများအရ ရှန်ဟွိုင်နျန်လက်ထပ်မည့်ကိစ္စတွင် နောက်ခံစစ်ဆေးမှု ပြုလုပ်ရန်မှာ မဖြစ်မနေလုပ်ရမည့် လိုအပ်ချက်တစ်ခု ဖြစ်လေသည်။
ထိုအချိန်က အိမ်ရှိအဘိုးမှာ အလွန်စိုးရိမ်ပူပန်နေခဲ့ပြီး လက်ထပ်ခွင့်လျှောက်လွှာကို အမြန်ဆုံးအတည်ပြုချက်ရရှိရန်အတွက် အဆက်အသွယ်များကို အသုံးပြုခဲ့ရသည်။ နောက်ခံစစ်ဆေးရေးရလဒ်များမှာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ အမှန်တကယ် ထွက်ပေါ်လာခဲ့ခြင်းပင်။
ရှဲ့လီ၏နောက်ခံအခြေအနေနှင့် နိုင်ငံရေးဆိုင်ရာအခြေအနေက အလွန်ပင် အကဲဆတ်လွန်းလှသည်။ အစီရင်ခံစာကို လက်ခံရရှိချိန်တွင် သူတို့နှလုံးသားများ လေးလံသွားခဲ့ရ၏။ သို့သော် စုံစမ်းစစ်ဆေးမှုမှ ဖော်ထုတ်ရရှိခဲ့သော သူမ၏အတိတ်အကြောင်းအရာ အသေးစိတ်ကို ဖတ်ရှုရသောအခါ ရှဲ့လီအတွက်လည်း များစွာစိတ်မကောင်းဖြစ်ခဲ့ရသည်။
မွေးကတည်းက ကလေးခြင်းမှားခဲ့ပြီး တောဘက်တွင် ဆယ့်ရှစ်နှစ်တိုင်တိုင် ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့ရသည်။ ပြန်လည်တွေ့ရှိပြီးနောက်တွင်လည်း သင့်တင့်လျောက်ပတ်သော အောင်သွယ်မှု သို့မဟုတ် မင်္ဂလာကြေးများမရှိဘဲ ဖေ့မိသားစုသို့ လက်ထပ်ဝင်ရောက်ခဲ့ရကာ ဖေ့မိသားစု၏ခိုင်းဖတ်အဖြစ် သုံးနှစ်တိုင်တိုင် နေထိုင်ခဲ့ရ၏။
သူမသည် မည်သည့်အရာကိုမျှ မခံစားခဲ့ရ၊ မည်သည့်အရာကိုမျှ မရရှိခဲ့သည်မှာ ထင်ရှားနေပြီး ယခုအခါတွင်မူ အရင်းရှင်ဟူသောတံဆိပ်ကိုပါ အကြောင်းပြချက်မရှိဘဲ ခံယူလိုက်ရလေသည်။
သူတို့သားဖြစ်သူက သဘောတူလက်ခံသရွေ့ ဤအရာများမှာ ပြဿနာငယ်လေးများသာပင်။ အကယ်၍ သူတို့သားဖြစ်သူက သူမနှင့်တွေ့ဆုံပြီးနောက် သဘောကျနှစ်သက်ခဲ့မည်ဆိုပါက အနာဂတ်ရာထူးတိုးမြှင့်ရေးတွင် ကြုံတွေ့လာနိုင်သော အခက်အခဲများအတွက်လည်း ပြင်ဆင်ထားပြီးဖြစ်သည်။
ဤသည်မှာ သူ့ရွေးချယ်မှုသာဖြစ်ပြီး သူတို့အနေဖြင့် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
….
ရှန်သဲ့ရှန့်က ကားရှေ့ခန်းမှကားမောင်းနေခဲ့သည်။ မိသားစုမှာ ကားထဲတွင် ရယ်မောစကားပြောဆိုလာကြရာ အလွန်ပင် သဟဇာတဖြစ်နေခဲ့၏။
ကားသည် စစ်တပ်ဝင်းအတွင်းသို့ဝင်ရောက်လာပြီး အမြောက်ဘက်စွန်းရှိ အနောက်တိုင်းစတိုင် နှစ်ထပ်အိမ်ကြီးတစ်လုံးရှေ့တွင် ရပ်တန့်သွားလေသည်။
စစ်တပ်ဝင်းတစ်ခုလုံးတွင် ဤကဲ့သို့အိမ်ကြီးမျိုး ခုနစ်လုံး၊ ရှစ်လုံးသာရှိပြီး ကျန်သည့်အဆောက်အအုံများအားလုံးမှာ တိုက်ခန်းရှည်များသာဖြစ်သည်။ ဤအိမ်ကြီးများမှာ ထိပ်တန်းခေါင်းဆောင်များအတွက် သီးသန့်ထားရှိခြင်းပင်။
ရှဲ့လီသည် သူတို့အနောက်မှ လိုက်ဝင်သွားခဲ့၏။ ဧည့်ခန်းအတွင်းတွင် ဒေကရွန်ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး တပ်တွင်းလူငယ်ဆံပင်ပုံစံထားရှိသော အမျိုးသမီးတစ်ဦးမှာ အလုပ်များနေခဲ့သည်။ ရှန်ဟွိုင်နျန်တို့ ပြန်ရောက်လာသည်ကို မြင်သောအခါ သူမမှာ ကပျာကယာ ပြေးလာကာ နှုတ်ဆက်လိုက်၏။
“အဖေနဲ့ အမေ ပြန်ရောက်ကြပြီလား”
ထို့နောက် ရှန်ဟွိုင်နျန်အား ခေါင်းညိတ်နှုတ်ဆက်လိုက်လေသည်။
“အစ်ကိုကြီး ပြန်ရောက်ပြီပေါ့”
ရှန်ဟွိုင်နျန်သည်လည်း ခေါင်းညိတ်ပြလိုက်၏။
“အင်း”
အမျိုးသမီးသည် ရှဲ့လီအားလုံးဝလျစ်လျူရှုလိုက်ကာ လက်ဖက်ရည်ဖျော်ရန် လှည့်ထွက်သွားလေသည်။
“ဒုန်း ဒုန်း ဒုန်း ဒုန်း*
လျင်မြန်သည့် ခြေသံများနှင့်အတူ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ဘယ်ဘက်လှေကားမှ ပြေးဆင်းလာလေသည်။ သူသည် အသားဖြူဖြူနှင့် ယဉ်ကျေးသိမ်မွေ့ပုံပေါ်ကာ ရွှေရောင်ကိုင်းပါရှိသော မျက်မှန်ကို တပ်ဆင်ထားပြီး ရှန်ဟွိုင်နျန်နှင့် ငါးဆယ်ရာခိုင်နှုန်းခန့် ဆင်တူလေ၏။
သို့သော် သူ့ခန္ဓာကိုယ်အရွယ်အစားမှာ ရှန်ဟွိုင်နျန်ထက် သိသိသာသာ သေးငယ်နေပြီး အရပ် ၁.၇၅ မီတာခန့်သာရှိကာ ပိန်သွယ်သွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
နှစ်ဦးလုံးမှာ အသားဖြူဖြူနှင့် ပညာတတ်ပုံစံပေါက်နေသော်လည်း ဤအမျိုးသားတွင် ရှန်ဟွိုင်နျန်ပိုင်ဆိုင်ထားသော သံမဏိကဲ့သို့ မာကျောသည့် အငွေ့အသက်မျိုးမရှိပေ။
ရှဲ့လီ မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။ ဤသူမှာ ရှန်ဟွိုင်နျန်ပြောပြဖူးသော သူ့ညီဖြစ်သူ ရှန်ဟွိုင်ချွမ်ဖြစ်ရပေမည်။ သို့ဆိုလျှင် စောစောက အမျိုးသမီးမှာ ရှန်ဟွိုင်ချွမ်၏ဇနီး လင်ကျိယွင်ဖြစ်ပေလိမ့်မည်။
“အစ်ကိုကြီး”
သူမမျှော်လင့်ထားသကဲ့သို့ နွေးထွေးမှု၊ အံ့သြဝမ်းသာမှုတို့မရှိဘဲ သူ့မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုအနည်းငယ် ရောယှက်နေသည်ကို တွေ့ရသည်။
ရှန်ဟွိုင်ချွမ်သည် တီးတိုးနှုတ်ဆက်လိုက်ပြီး သူ့ဘေးရှိ ရှဲ့လီအားတစ်ချက်ကြည့်လိုက်ကာ မရီးအသစ်လေးအား ဖော်ဖော်ရွေရွေမဆက်ဆံရန် ဇနီးဖြစ်သူ၏သတိပေးချက်ကို သတိရသွားလေသည်။
သူသည် အံတင်းတင်းကြိတ်ကာ စကားမပြောဘဲ နေလိုက်၏။ ရှန်ဟွိုင်နျန်သည် ရှဲ့လီ၏လက်ကို ဆုပ်ကိုင်ထားရင်း ရှန်ဟွိုင်ချွမ်အား စိုက်ကြည့်လိုက်လေသည်။
“ဒါက ငါ့ဇနီး ရှဲ့လီပဲ၊ မင်း မရီးပေါ့”
ရှန်ဟွိုင်ချွမ်မှာ အစ်ကိုဖြစ်သူ၏အကြည့်အောက်တွင် ချမ်းတုန်သွားပြီး တံတွေးမြိုချကာ မလွှဲမရှောင်သာဘဲ ခေါ်ဆိုလိုက်ရလေသည်။
“မရီး”
“အိုး ဒါက ယောင်းမပေါ့”
စောစောက ရှဲ့လီအား တမင်သက်သက် လျစ်လျူရှုထားခဲ့သော လင်ကျိယွင်သည် ရှေ့ထွက်လာကာ ရှဲ့လီ၏လက်ကို ဆုပ်ကိုင်လိုက်လေသည်။
“ကျွန်မကို ကြည့်ပါဦး ယောင်းမရယ်၊ ကျွန်မက ဟွိုင်ချွမ်ရဲ့ဇနီး လင်ကျိယွင်ပါ၊ ကျွန်မကို ရှောင်ယွင်လို့ပဲခေါ်လို့ရတယ်”
ရှဲ့လီသည် ပြုံးကာခေါင်းညိတ်ပြလိုက်လေ၏။
“ဟုတ်ကဲ့ပါ ရှောင်ယွင်”
‘နင့်ကို ငါမှတ်ထားလိုက်မယ်'
ရှန်ဟွိုင်နျန် အကြည့်လွှဲသွားသည်နှင့်တစ်ပြိုင်နက် ရှန်ဟွိုင်ချွမ်မှာ အချုပ်အနှောင်မှ လွတ်မြောက်သွားသော ကြွက်တစ်ကောင်အလား သိသိသာသာပင် သက်သာရာရသွားခဲ့လေသည်။
“ယောင်းမ ပင်ပန်းနေလောက်ပြီ၊ လာ လာ အပေါ်ထပ်ကို လိုက်ခဲ့၊ ယောင်းမလဲဖို့ အဝတ်အစားတွေ ပြင်ထားပေးတယ်”
လင်ကျိယွင်သည် ရှဲ့လီ၏လက်ကို စိတ်အားထက်သန်စွာဖြင့် ဆွဲခေါ်သွားရာ ရှဲ့လီအနေဖြင့် ငြင်းဆန်ရန် ခက်ခဲသွားခဲ့ရသည်။
“အိုကေလေ”
သမီးယောင်းမနှစ်ဦး အပေါ်ထပ်သို့တက်သွားကြလေသည်။
ရှဲ့လီ အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် လင်ကျိယွင်က တံခါးအားအတွင်းမှ သော့ခတ်လိုက်သည်ကို အကင်းပါးစွာဖြင့် သတိပြုမိလိုက်၏။
“ယောင်းမ ဒီအင်္ကျီလေးက အရမ်းလှတာပဲ အရင်းရှင်ဆန်ဆန်လေးနော်”
လင်ကျိယွင်၏လေသံမှာ စောစောကကဲ့သို့ စိတ်အားထက်သန်မှုမရှိတော့ဘဲ တည်ငြိမ်ကာ ထိုးနှက်တိုက်ခိုက်လိုသော အငွေ့အသက်များ ပါဝင်နေခဲ့သည်။
ရှဲ့လီသည် မျက်လုံးကိုအပေါ်လှန်လိုက်ပြီး ဆက်လက်ဟန်ဆောင်မနေတော့ပေ။ ရှန်မိသားစုအတွင်းရေးပြဿနာများကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ရှန်မိသားစုအိမ်ထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လင်ကျိယွင်၏ဖော်ရွေမှုမရှိသော သဘောထားကို သူမ ခံစားမိခဲ့ပြီးဖြစ်သည်။ သူမအသံမှာလည်း အေးစက်သွားခဲ့၏။
“အိုး ဟွိုင်နျန်က ဝယ်ပေးထားတာလေ”