← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

Ch-53

လင်ကျိယွင်မှာ စကားဆက်ရန်ပင် ခက်ခဲသွားရ၏။ ဤအမျိုးသမီးမှာ အားနည်းသူမဟုတ်ဘဲ ရှန်ဟွိုင်နျန်ကို အသုံးပြု၍ သူမအားဖိအားပေးနေခဲ့သည်။

‘ဟွန့်’

ရှန်ဟွိုင်ချွမ်က ရှန်ဟွိုင်နျန်ကိုကြောက်ကောင်းကြောက်နိုင်သော်လည်း သူမကတော့ မကြောက်ပေ။ သူမဖခင်မှာ သုတေသနအင်စတီကျုမှ ဒုတိယဌာနမှူးဖြစ်ပြီး မိခင်မှာ ကော်ဇောစက်ရုံမှ ပါတီအတွင်းရေးမှူးဖြစ်သည်။

သူမကိုယ်တိုင်လည်း ကော်ဇောစက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး အနာဂတ်တွင် မိခင်၏အတွင်းရေးမှူးရာထူးကို ဆက်ခံရရန် သေချာနေသူလည်းဖြစ်သည်။

သူမသည် မိသားစု၏တစ်ဦးတည်းသောသမီးဖြစ်ရာ လင်မိသားစု၏ ပိုင်ဆိုင်မှုအားလုံးမှာ သူမအတွက်သာဖြစ်၏။ ပြောရမည်ဆိုလျှင် သူမနှင့် ရှန်မိသားစုမှာ လူမှုအဆင့်အတန်းအရ အလွန်ပင် လိုက်ဖက်ညီလှသည်။

ရှန်မိသားစုသို့ လက်ထပ်ဝင်ရောက်ပြီးချိန်မှစ၍ ရှန်ဟွိုင်နျန်ကို သူမမြင်ရခဲသည်။ ရှန်ဟွိုင်နျန်သည် စစ်တပ်တွင်သာ အချိန်ပြည့်တာဝန်ထမ်းဆောင်နေပြီး အိမ်သို့ပြန်လာလေ့မရှိသလောက်ပင်။

ရှန်ဟွိုင်ချွမ်က သူ့အစ်ကိုကြီးကို ကြောက်လန့်နေသော်လည်း သူမကတော့ မကြောက်ပေ။ ရှန်ဟွိုင်နျန်က သူမကို အမှန်တကယ်ရိုက်နှက်ရဲလိမ့်မည်ဟု သူမ မယုံကြည်ပေ။

လင်ကျိယွင်သည် ရှဲ့လီ၏အေးစက်နေသောမျက်နှာကို တစ်ချက်ကြည့်လိုက်လေသည်။ ဤအမျိုးသမီး၏နောက်ခံစစ်ဆေးရေး အစီရင်ခံစာကို သူမ တိတ်တဆိတ် ဖတ်ရှုခဲ့ပြီးဖြစ်၏။ ယောက္ခမဖြစ်သူအတွက် ပစ္စည်းတစ်ခု သွားယူပေးရန် ယောက္ခမများ၏အခန်းတွင်းသို့ ဝင်ရောက်စဉ်က သူမဖတ်ရှုခဲ့ရခြင်းဖြစ်သည်။

ဤရှဲ့လီမှာ အသုံးပြုပြီးသား ပျက်စီးနေသော ပစ္စည်းဟောင်းတစ်ခုသာဖြစ်၏။ ထို့အပြင် အရင်းရှင်သခင်မလေး တစ်ဦးလည်းဖြစ်နေသေးသည်။

‘ရွံစရာကောင်းလိုက်တာ'

သူမကဲ့သို့သောသူတစ်ဦးနှင့် ယောင်းမတော်ရမည်ကို တွေးကြည့်ရုံဖြင့်ပင် ရွံရှာဖွယ်ကောင်းလှသည်။ သူမမှာ သန့်ရှင်းဖြောင့်မတ်သော နောက်ခံရှိပြီး အထက်တန်းလူတန်းစားမှ ဆင်းသက်လာသူ ဖြစ်သည်။

သူတို့ကဲ့သို့သော အရင်းရှင်များနှင့် မည်သူကများ ဆွေမျိုးတော်စပ်လိုမည်နည်း။ အကယ်၍ ဤဆက်ဆံရေးက စက်ရုံတွင် သူမအနာဂတ်ရာထူးတိုးမြှင့်ရေးအပေါ် သက်ရောက်မှုရှိလာမည်ဆိုပါက သူမအနေဖြင့် ရှန်မိသားစုကို အမှန်တကယ်ပင် မုန်းတီးသွားပေလိမ့်မည်။

“ရှဲ့လီ နင် ဘယ်လိုကောက်ကျစ်တဲ့ နည်းလမ်းတွေသုံးပြီး အစ်ကိုကြီးကို လက်ထပ်ခဲ့တယ်ဆိုတာ ငါမသိပေမဲ့ နင့်ကိုယ်နင် ထိုက်တန်တယ်လို့ထင်နေတာလား”

လင်ကျိယွင်သည် ငယ်စဉ်ကတည်းက မိသားစု၏အလိုလိုက်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ ရှန်ဟွိုင်ချွမ်မှာလည်း သဘောကောင်းသူဖြစ်ပြီး သူမအား အမြဲတမ်း အလျှော့ပေးလေ့ရှိ၏။

အဖေရှန်နှင့် အမေရှန်တို့မှာလည်း ဤကဲ့သို့သောကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိကြပေ။ ထို့ကြောင့် သူမသည် လူမှုပေါင်းသင်းဆက်ဆံရေးများကို နားမလည်သေးဘဲ အလိုလိုက်ခံထားရသော ခေါင်းမာသည့် သခင်မလေးတစ်ဦးအဖြစ်သာ ရှိနေသေးသည်။

ရှဲ့လီသည် နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးလိုက်ပြီး ရက်ပ်သီချင်းဆိုသကဲ့သို့ မြန်မြန်ဆန်ဆန်တုံ့ပြန်လိုက်လေသည်။

“ဟုတ်တယ် နင်ပြောတာ မှန်တယ်၊ ရှန်မိသားစုကိုလက်ထပ်ဖို့ ငါမထိုက်တန်ဘူးလေ အဲ့တော့ဘာဖြစ်လဲ၊ ဘာပဲဖြစ်ဖြစ်လေ ငါ့အတွက် မျက်ရည်တွေထပ်ကျပေးစရာမလိုဘူး”

လင်ကျိယွင်တစ်ယောက် ဆွံ့အသွားရလေသည်။

“……”

‘သူမ ရူးနေတာလား'

ရှဲ့လီ စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကျက်ကို မော့ကြည့်လိုက်လေသည်။

‘ဘာလို့များ စစချင်းကတည်းက ဓားတွေ လှံတွေနဲ့ ဝင်တိုက်နေရတာလဲ၊ ငြိမ်းငြိမ်းချမ်းချမ်း နေလို့မရဘူးလား'

“နင် ရူးနေတာလား၊ နင့်ဆီမှာ ဆေးရှိလား၊ အရှက်မရှိတဲ့ကောင်မ အဲဒါနင့်မျက်နှာအတိုင်း အတိအကျပဲနော်၊ မျက်နှာပြောင်တိုက်တဲ့ကောင်မ”

လင်ကျိယွင်မှာ အလွန်တရာဒေါသထွက်သွားခဲ့လေသည်။ ဤမျှအရှက်မရှိသော အမျိုးသမီးမျိုးကို သူမတစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

“ရှန်မိသားစုထဲကိုဝင်နိုင်ဖို့ နင် ဘယ်လိုလှည့်ကွက်တွေ သုံးခဲ့လဲဆိုတာ ငါဂရုမစိုက်ဘူး၊ ဒါပေမဲ့ နင့်ကို ငါပြောလိုက်မယ်၊ ရှန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ပြားတစ်စိတောင် နင် ရမှာမဟုတ်ဘူး”

“သြော် အဲဒါက အဓိကအချက်ပေါ့လေ”

ရှဲ့လီ လင်ကျိယွင်အား စိုက်ကြည့်လိုက်လေသည်။ လင်ကျိယွင်၏မျက်နှာမှာ ဒေါသကြောင့် နီရဲလာခဲ့၏။

“ဒီနှစ်တွေတစ်လျှောက်လုံး အစ်ကိုကြီးက အိမ်ကိုပြန်လာခဲတယ်၊ ငါနဲ့ ဟွိုင်ချွမ်ကပဲ အိမ်မှာအဖေနဲ့ အမေ့ကိုပြုစုစောင့်ရှောက်ပေးနေခဲ့တာ၊ အစ်ကိုကြီးက အိမ်ထောင်မပြုသလို ကလေးလည်းမရှိဘူး၊ ရှန်မိသားစုရဲ့မျိုးဆက်ကို ဆက်ခံဖို့ သားတစ်ယောက်မွေးပေးခဲ့တာက ငါပဲ”

ရှဲ့လီသည် လှောင်ပြုံးပြုံးလိုက်ကာ တိုးတိုးလေးပြောလိုက်လေသည်။

“ဖေဖေနဲ့ မေမေက တော်တော်လေး ကျန်းမာ‌နေကြသေးပါတယ်၊ နင်က ဘာတွေများ ပြုစုစောင့်ရှောက်ပေးနေရလို့လဲ၊ သူတို့ကပဲ နင့်ကို ထမင်းချက်ကျွေးနေရတာ ပိုဖြစ်နိုင်ခြေမရှိဘူးလား၊ နင်က ရှန်မိသားစုအတွက် သားလေးတစ်ယောက် မွေးပေးတယ်ဆိုတော့ရော ဘာဖြစ်လဲ၊ အဲဒီကလေးက နင့်ကိုမေမေလို့ခေါ်တာ မဟုတ်ဘူးလား၊ နင် အသက်ကြီးလာတဲ့အခါ အဲဒီကလေးက ရှန်မိသားစုကိုပဲထောက်ပံ့ပြီး နင့်ကိုမထောက်ပံ့ဘဲနေမှာတဲ့လား”

လင်ကျိယွင်မှာ ဒေါသထွက်လွန်းသဖြင့် မိမိကိုယ်ကိုပင် မထိန်းချုပ်နိုင်တော့ပေ။ မည်သူကမျှ သူမအား ဤကဲ့သို့ မဆွပေးခဲ့ဖူးပေ။

အိမ်ရှိမိဘများကလည်း ထိုသို့မလုပ်ခဲ့သလို ရှန်ဟွိုင်ချွမ်ကလည်း ထိုသို့မလုပ်ခဲ့ပေ။ ယောက္ခမများကလည်း ထိုသို့မလုပ်ခဲ့ကြပေ။ သူမသည် ကုတင်ဘေးရှိ ရေခွက်ကိုဆွဲယူကာ ပစ်ပေါက်လိုက်လေသည်။

“အသုံးပြုပြီးသား ပစ္စည်းဟောင်းမ၊ အရင်းရှင်စုတ် ငါနဲ့လာယှဉ်ဖို့ နင့်မှာ ဘာအရည်အချင်းရှိလို့လဲ”

တံခါးဝမှ လှုပ်ရှားသံကိုကြားလိုက်ရသောအခါ ရှဲ့လီသည် နှုတ်ခမ်းတွန့်လိုက်ကာ ပျံသန်းလာသော ရေခွက်အား ရှောင်တိမ်းလိုက်၏။ ထို့နောက် မျက်ရည်နှစ်စက်ကို အတင်းညှစ်ထုတ်ရင်း ပြတင်းပေါက်ဆီသို့ ပြေးသွားကာ အော်ဟစ်လိုက်လေတော့သည်။

“ဝါး ငါ အသက်မရှင်ချင်တော့ဘူး”

*ဝုန်း*

တံခါးမှာ အကြမ်းပတမ်းကန်ဖွင့်ခံလိုက်ရလေသည်။ အဖေရှန်၊ အမေရှန်နှင့် ရှန်ဟွိုင်ချွမ်တို့အားလုံး အပြင်ဘက်တွင် ရပ်နေကြလေသည်။

ရှန်ဟွိုင်နျန်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပြေးဝင်လာပြီး ပြတင်းပေါက်မှ ခုန်ချရန်ဟန်ပြင်နေသော ရှဲ့လီအား ဆွဲဖမ်းလိုက်လေသည်။

“ရှောင်လီ”

သူ့အသံမှာ ရေခဲတမျှအေးစက်နေသော်လည်း လှုပ်ရှားမှုများမှာမူ နူးညံ့သိမ်မွေ့နေခဲ့သည်။

“အားနျန် ကျွန်မကို သေခွင့်ပေးပါ၊ ကျွန်မက ရှင့်အတွက် မထိုက်တန်ပါဘူး”

ရှဲ့လီသည် တစ်သက်တာလုံး စုဆောင်းထားခဲ့သော သရုပ်ဆောင်စွမ်းရည်များကို အစွမ်းကုန် အသုံးချလိုက်ပြီး ရှန်ဟွိုင်နျန်၏ရင်ခွင်ထဲသို့ ပစ်လှဲလိုက်လေတော့သည်။

အချိန်များ ရပ်တန့်သွားသကဲ့သို့ဖြစ်သွားခဲ့၏။ အဖေရှန်၊ အမေရှန်နှင့် ရှန်ဟွိုင်ချွမ်တို့အားလုံး တိတ်ဆိတ်သွားကြလေသည်။

အချိန်အတန်ကြာပြီးနောက် ရေခဲဓားတစ်လက်အလား အေးစက်နေသော ရှန်ဟွိုင်နျန်၏အသံကို ရှဲ့လီကြားလိုက်ရလေသည်။

“လင်ကျိယွင်”

All Chapters