အခန်း ၅၄
Vol. 6 Ch. 54
Ch-54
အသံမြှင့်ကာ အော်ဟစ်လိုက်သောကြောင့် သူတို့ဦးရေပြားများပင် ကျိန်းစက်သွားခဲ့ရသည်။
လင်ကျိယွင်သည် တံတွေးမြိုချလိုက်မိပြီး မသိမသာနောက်သို့ တစ်လှမ်းဆုတ်လိုက်မိ၏။
*ဝှစ်*
ရှန်ဟွိုင်ချွမ်သည် ပိန်လှီသောခွေးတစ်ကောင်အလား အလျင်အမြန်ပြေးဝင်လာပြီး လင်ကျိယွင်နှင့် အခြားသူများကြားတွင် ဝင်ရောက်ရပ်တန့်လိုက်လေသည်။
ပိန်ပိန်ပါးပါး ရှန်ဟွိုင်ချွမ်က သူမကို ဤမျှလောက် လုံခြုံမှုပေးနိုင်လိမ့်မည်ဟု လင်ကျိယွင် တစ်ခါမျှမထင်ထားခဲ့ဖူးပေ။ သူမ၏စိတ်တိုလွယ်သော အကျင့်စရိုက်ကြောင့် ဒေါသထွက်ပြီး သူမကို မရိုက်နှက်နိုင်မည့် အားနည်းသော အမျိုးသားတစ်ဦးကိုသာ ရှာဖွေသင့်ကြောင်း မိခင်ဖြစ်သူက မကြာခဏ ပြောဆိုခဲ့သည်ကို သူမသတိရသွားလေသည်။
ရှန်ဟွိုင်ချွမ်နှင့် ချိန်းတွေ့စဉ်က ဤအမျိုးသားသည် သူမအားလုံးဝရိုက်နှက်မည်မဟုတ်ဟု သူမတွေးထင်ခဲ့မိသည်။ အားနည်းသည်ကို မဆိုထားနှင့် ရှန်ဟွိုင်ချွမ်သည် အသက်ရှည်ရှည်နေရပါ့မလားဟုပင် သူမတွေးမိခဲ့သေး၏။
နောက်ပိုင်းတွင် သူတို့နှစ်ဦးအဆင်ပြေလာခဲ့ကြ၏။ သူမက သူ့ကို သူမအိမ်သို့ ခေါ်လာသောအခါ မိခင်ဖြစ်သူက ‘ပိန်လွန်းတဲ့ယောကျ်ားက လုံခြုံမှုမပေးနိုင်ဘူးလို့ ဘယ်သူပြောလဲ၊ သူ့ကိုဖက်ထားရတာ တုတ်တစ်ချောင်းကို ဖက်ထားရသလိုပဲ၊ ဘယ်လောက်တောင် လုံခြုံလိုက်သလဲ’ ဟုပင် ပြောဆိုခဲ့သေးသည်။
သို့သော် ယနေ့တွင်မူ ဤတုတ်ချောင်းလေးသည် သူမအတွက် ငယ်စဉ်ကတည်းက ကြောက်ရွံ့ခဲ့ရသော ကြောက်မက်ဖွယ်ကောင်းသည့် သူ့အစ်ကိုကြီးအား ရင်ဆိုင်ရန်ဆန္ဒရှိနေခဲ့သည်။ လင်ကျိယွင်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရ၏။
“အစ်ကို... ကို... အစ်ကိုကြီး...”
ရုတ်တရက် ပြေးထွက်လာမှုက ရှန်ဟွိုင်ချွမ်၏ရဲစွမ်းသတ္တိအားလုံးကို အသုံးချလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ ယခုအခါတွင်မူ သူသည် အလွန်အမင်းကြောက်ရွံ့နေသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။
လင်ကျိယွင်မှာ ဆွံ့အသွားရလေသည်။
ရှန်ဟွိုင်နျန်သည် သစ်ရွက်တစ်ရွက်အလားတုန်ရီနေသော ရှန်ဟွိုင်ချွမ်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ရှဲ့လီအား ထိုင်ခုံတွင်ထိုင်စေရန် ကူညီပေးလိုက်ကာ သူမကျောပြင်ကို လက်တစ်ဖက်ဖြင့် ညင်သာစွာ ပွတ်သတ်ပေးလိုက်လေသည်။
“ရှဲ့လီရဲ့ နောက်ခံစစ်ဆေးရေးဖိုင်ကို ဘယ်မှာမြင်ခဲ့တာလဲ”
သူ့လေသံမှာ ရာဇဝတ်ကောင်တစ်ဦးအား စစ်ဆေးမေးမြန်းနေသကဲ့သို့ဖြစ်နေဆဲပင်။ လင်ကျိယွင်မှာ အလိုအလျောက်ပင် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်လည်ဖြေကြားလိုက်ရလေသည်။
“အဖေနဲ့ အမေ့ရဲ့အခန်းထဲမှာ မတော်တဆတွေ့ခဲ့တာပါ"
ရှန်ဟွိုင်နျန် မျက်မှောင်ကြုတ်လိုက်လေသည်။
“အခုကစပြီး ဒီအကြောင်းကို ဒုတိယအကြိမ် ထပ်မကြားချင်တော့ဘူး”
လင်ကျိယွင်သည် သူမလည်ပင်းကို တောင့်ထားပြီး ပြန်လည်ပြောဆိုရန် ပြင်လိုက်သော်လည်း ရှန်ဟွိုင်နျန်၏အေးစက်စူးရှသော မြေခွေးမျက်ဝန်းများဖြင့် ဆုံတွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် သူမရဲစွမ်းသတ္တိများ ချက်ချင်းပင် လွင့်ပါးသွားခဲ့လေသည်။
“ဟုတ်ကဲ့ပါ အစ်ကိုကြီး”
“ဟီးဟီး”
ဘေးတွင်ထိုင်နေသော ရှဲ့လီမှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ သွားများပေါ်သည်အထိ အသံထွက်၍ ရယ်မောလိုက်မိလေ၏။
အားလုံးက သူမအားလှည့်ကြည့်လာကြသည်ကို မြင်သောအခါ သူမသည် အလျင်အမြန်ပင် အပြုံးကိုပြန်လည်ရုပ်သိမ်းလိုက်ပြီး ယဉ်ကျေးသိမ်မွေ့ကာ အားနွဲ့သောပုံစံအတိုင်း ပြန်လည်ဟန်ဆောင်နေခဲ့လေသည်။ လင်ကျိယွင်နှင့် ရှန်ဟွိုင်ချွမ်တို့မှာ အံ့အားသင့်သွားကြ၏။
‘ဒီကောက်ကျစ်တဲ့မိန်းမက ဟန်ဆောင်နေတာလား'
ရှန်ဟွိုင်နျန်၏နှုတ်ခမ်းထောင့်စွန်းလေး တွန့်ကွေးသွားခဲ့လေသည်။
စစ်တပ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ ရှဲ့လီ၏အရည်အချင်းများကို သူ ကောင်းကောင်းသိရှိထားပြီးဖြစ်သည်။ ယခင်အကြိမ်က သူခိုးအား ဖမ်းဆီးစဉ် သူမ၏ခုန်ပျံမှုလေးတစ်ခုကပင် သာမန်လူတစ်ယောက် လုပ်နိုင်သောအရာမဟုတ်ပေ။ လင်ကျိယွင်အနေဖြင့် သူမအား လုံးဝအနိုင်ကျင့်နိုင်မည်မဟုတ်ပေ။
သို့သော် သူမကိုယ်တိုင် မဖြေရှင်းလိုဘဲ သူ့အကူအညီကိုယူလိုပါကလည်း သူမ၏လက်နက်တစ်ခုအဖြစ် အသုံးတော်ခံရန် သူဆန္ဒရှိပေသည်။ မည်သို့ပင်ဆိုစေကာမူ သူမက သူ့ဇနီးပင်ဖြစ်၏။
“အစ်ကိုကြီး မျက်နှာက ဘာလို့နီနေတာလဲ”
ရှန်ဟွိုင်ချွမ် မနေနိုင်တော့ဘဲ မေးလိုက်မိလေသည်။ ဤမျှလေးနက်သော အခြေအနေတွင် အဘယ်ကြောင့် သူ့အစ်ကိုကြီးက ရုတ်တရက် ခေါင်းငုံ့ကာ ရှက်သွေးဖြာနေရသနည်း။
‘သူ ရူးသွားပြီလား'
နောက်တစ်စက္ကန့်တွင် အေးစက်စူးရှသော အကြည့်တစ်ချက်က ရှန်ဟွိုင်ချွမ်ထံသို့ ရောက်ရှိလာလေသည်။
“အစ်ကိုကြီး ကျွန်တော် မှားသွားပါတယ်”
“မင်း ခုနကရှောင်လီကို ခွက်နဲ့ပေါက်ဖို့ ကြိုးစားခဲ့တယ်”
ရှန်ဟွိုင်နျန်သည် လင်ကျိယွင်အား စိုက်ကြည့်လိုက်လေရာ သူမမှာ အလန့်တကြား နောက်ဆုတ်သွားပြီး ကုတင်ပေါ်သို့ လဲကျသွားလေသည်။
‘သူ ဘာလုပ်မလို့လဲ၊ အဲဒီ လူသတ်ချင်နေတဲ့ မျက်လုံးတွေက ဘာလဲ'
“အစ်ကို...အစ်ကိုကြီး ကျွန်မမှားသွားပါတယ်၊ ယောင်းမကို နောက်ဘယ်တော့မှ မကောင်းမပြောတော့ပါဘူး၊ ပြီးတော့ ခွက်ကလွဲသွားပါတယ် သူ့ကိုမထိလိုက်ပါဘူး”
သူမ ဆက်လက်၍ခေါင်းမာမနေတော့ပေ။ သူမသည်လည်း ရှန်ဟွိုင်နျန်ကို အနည်းငယ် ကြောက်လန့်နေခဲ့ပြီဖြစ်သည်။
“ခုနက ဘယ်သူ့ကို အသုံးပြုပြီးသား ပစ္စည်းဟောင်း၊ အရှက်မရှိတဲ့ကောင်မလို့ ခေါ်လိုက်တာလဲ”
ရှန်ဟွိုင်နျန်သည် မဆုတ်မနစ် ဆက်လက်၍ ဖိအားပေးနေခဲ့လေသည်။ သူသည် အမျိုးသမီးများနှင့် အငြင်းပွားလေ့မရှိသော်လည်း ယနေ့တွင်မူ ခြွင်းချက်ဖြစ်သွားခဲ့လေပြီ။
တံခါးဝတွင်ရပ်နေသော အဖေရှန်နှင့် အမေရှန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။ သူတို့သားကြီးသည် အချစ်စစ်ကိုရှာတွေ့သွားပြီဖြစ်ကြောင်း သူတို့သိရှိလိုက်ကြသည်။ သူတို့နှစ်ဦးသား အောက်ထပ်သို့ တိတ်တဆိတ် ဆင်းသွားကြလေ၏။
‘ကလေးတွေရဲ့ပြဿနာကို ကလေးတွေဘာသာ ဖြေရှင်းကြပါစေလေ'
“ကျွန်မ.....ကျွန်မကိုယ်ကျွန်မ အရှက်မရှိဘူးလို့ပြောတာပါ ဝူးဝူးဝူး ကျွန်မကိုယ်ကျွန်မ ပြောနေတာပါ အစ်ကိုကြီးရယ်၊ ယောင်းမကိုပြောတာ မဟုတ်ပါဘူး”
ယောက္ခမများထွက်သွားသည်ကို မြင်သောအခါ လင်ကျိယွင်မှာ လုံးဝပြိုလဲသွားခဲ့တော့သည်။ ယခင်က ရှန်ဟွိုင်ချွမ်သည် ရှန်ဟွိုင်နျန်ကို ကြောက်လန့်ခဲ့သည်။ ညဘက်တွင် သူမသည် ရှန်ဟွိုင်ချွမ်ကို ခြောက်လှန့်ရန်အတွက် ရှန်ဟွိုင်နျန်အား မကြာခဏအသုံးပြုလေ့ရှိသည်။ အခြားသူများက ‘မျောက်အိုကြီး’ လာနေပြီဟု ပြောဆိုလေ့ရှိသော်လည်း သူမကမူ ရှန်ဟွိုင်နျန်လာနေပြီဟု ပြောဆိုလေ့ရှိ၏။
ရှန်ဟွိုင်ချွမ်၏စိတ်ထဲတွင် ရှန်ဟွိုင်နျန်သည် မျောက်အိုကြီးထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းလေသည်။
ယခုအခါ သူမလည်း ရှန်ဟွိုင်ချွမ်ကို နားလည်သွားခဲ့လေပြီ။ ဤအစ်ကိုကြီးက ရုတ်တရက်ပေါက်ကွဲပြီး သူမအား အပြင်းအထန် ရိုက်နှက်လာမည်ကို သူမ အလွန်အမင်းစိုးရိမ်နေခဲ့သည်။ သူသည် ပြောရဆိုရလွယ်သူတစ်ဦး သို့မဟုတ် အကြောင်းပြချက်ပေးနိုင်သူတစ်ဦးနှင့် မတူပေ။
လင်ကျိယွင်သည် နှပ်ချေးများထွက်လာသည်အထိ အပြင်းအထန် ငိုကြွေးနေခဲ့လေသည်။ ရှန်ဟွိုင်ချွမ်သည်လည်း တုန်ရီနေရင်း ဘေးသို့ပုန်းရှောင်နေခဲ့၏။ သူ အစွမ်းကုန်ကြိုးစားခဲ့ပြီးဖြစ်သည်။ သူလည်း အစ်ကိုကြီးကိုမယှဉ်နိုင်သလို သူ့အားပြဿနာသွားရှာရန်လည်း မတတ်နိုင်ပေ။
‘သူတို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းမှာတင် လင်ကျိယွိက ရှဲ့လီကို အနိုင်ကျင့်ဖို့ ကြိုးစားခဲ့တယ်တဲ့လား၊ အစ်ကိုကြီးက သူ့လူတွေကို ကာကွယ်ပေးတတ်တဲ့နေရာမှာ နာမည်ကြီးလေ'