← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

Ch-55

ငယ်စဉ်က သူသည် အစ်ကိုကြီး၏ရိုက်နှက်ခြင်းကို မကြာခဏခံခဲ့ရသော်လည်း အကယ်၍ အခြားသူများက သူ့အားလာရောက်ထိပါးပါက အစ်ကိုကြီးက ထိုသူကို သူတို့အမေတောင် မမှတ်မိနိုင်လောက်အောင်ရိုက်နှက်တတ်သည်။

သူ့အစ်ကိုကြီးမှာ အသားဖြူဖြူနှင့် ယဉ်ကျေးသိမ်မွေ့ပုံပေါ်သော်လည်း သူ့လက်သီးများမှာမူ အမှန်တကယ်ပင် မာကျောလှ၏။ ထိုအချိန်က စစ်တပ်ဝင်းအတွင်းရှိ ကလေးများအားလုံးက သူ့ကို ‘တစ်ချက်တည်းနဲ့ အပြတ်ရှင်းတဲ့ စစ်နတ်ဘုရား’ ဟုပင် ခေါ်ဆိုခဲ့ကြသေးသည်။

သူက လက်ဝှေ့ယမ်းပြီး လက်သီးတစ်ချက်တည်းသာ ထိုးပေလိမ့်မည်။

‘တကယ်လို့ မင်းရဲ့ချေးတွေ ထွက်မကျလာဘူးဆိုရင် မင်းထမင်းအများကြီးမစားထားလို့ပဲ ဖြစ်ရမယ်’ ဟုပင် ပြောစမှတ်ပြုကြရလေသည်။

ထို့နောက် ရှန်ဟွိုင်နျန်သည် သူ့အကြည့်များကို ရှန်ဟွိုင်ချွမ်ထံသို့ ပြောင်းရွှေ့လိုက်လေသည်။

“ငါ အမျိုးသမီးတွေကို တစ်ခါမှမရိုက်ဖူးဘူး”

ရှန်ဟွိုင်ချွမ်မှာ ပို၍ပင်တုန်ရီလာပြီး သူ့သွားများမှာလည်း အချင်းချင်း ရိုက်ခတ်လာခဲ့လေသည်။ သူထင်ထားသည့်အတိုင်း နောက်ဆုံးတွင်ရောက်ရှိလာခဲ့လေပြီ။

“ဒါပေမဲ့ ငါ့ညီကိုတော့ ရိုက်တယ်”

“အား အား အစ်ကိုကြီး အစ်ကိုကြီး အား ကယ်ကြပါဦး”

ရှန်ဟွိုင်ချွမ်သည် ရှန်ဟွိုင်နျန်၏ခြေကျင်းဝတ်မှဆွဲကာ အပြင်သို့ ဆွဲထုတ်ခြင်းကို ခံလိုက်ရလေသည်။ ရှန်ဟွိုင်ချွမ်သည် နောက်ဆုံးကြိုးစားမှုအဖြစ် တံခါးဘောင်ကို လက်နှစ်ဖက်ဖြင့် အတင်းအကြပ် ဆုပ်ကိုင်ထားခဲ့၏။

ရှဲ့လီသည် သဘောကောင်းစွာဖြင့် သွားရောက်ကာ သူ့လက်ချောင်းများကို ဖြည်ပေးလိုက်ပြီးနောက် ရှန်ဟွိုင်နျန်အား ချိုသာသောအပြုံးလေးဖြင့်ပြုံးပြလိုက်လေသည်။

ရှန်ဟွိုင်နျန်သည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး သူ့လက်သီးဆုပ်ကို အနည်းငယ် လျှော့ချလိုက်ရာ ရှန်ဟွိုင်ချွမ်၏ခြေထောက်မှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ရလေ၏။

ရှဲ့လီသည် အကူအညီပေးပြီးနောက် သူမထိုင်ခုံသို့ ပြန်သွားကာ လိမ္မာရေးခြားရှိစွာ ထိုင်နေလိုက်လေသည်။ အပြင်ဘက်မှ ဗျောက်အိုးများ ပေါက်ကွဲနေသကဲ့သို့ အဆက်မပြတ် မြည်သံများ ထွက်ပေါ်လာလေသည်။

*ဒိုင်း ဝုန်း ဒုတ် ဘိုင်း*

လင်ကျိယွင်မှာ ထိုနေရာတွင်ပင်အေးခဲသွားခဲ့လေ၏။ ရှန်ဟွိုင်နျန်သည် အရူးတစ်ယောက်ပင်။ ကိုယ့်ညီကို အနည်းငယ်မျှပင် တုံ့ဆိုင်းမှုမရှိဘဲ ရိုက်နှက်လိမ့်မည်ဟု သူမ အမှန်တကယ်မမျှော်လင့်ထားခဲ့ပေ။ ရှဲ့လီ စုပ်သပ်လိုက်မိသည်။

‘အသံကို နားထောင်ကြည့်ရသလောက် သူ တကယ်ကို ပြင်းပြင်းထန်ထန်ရိုက်နေတာပဲ'

“ငယ်ငယ်ကတည်းက ငါ မင်းကို အမြဲတမ်း ချစ်ပေးခဲ့ရတာမဟုတ်ဘူးလား”

အပြင်ဘက်မှ ရှန်ဟွိုင်နျန်၏အသံ ထွက်ပေါ်လာပြီးနောက် ရှန်ဟွိုင်ချွမ်၏ ငိုယိုသံများဖြင့် ပြန်လည်ဖြေကြားသံကို ကြားလိုက်ရလေသည်။

“နာတယ် အစ်ကိုကြီး နာတယ်ဗျ နာတယ် နာတယ် ဝူးဝူးဝူး”

ရှန်ဟွိုင်နျန်က သူ့ကိုချစ်ခင်မြတ်နိုးသည်ဟု ပြောနေခြင်းလား သို့မဟုတ် သူ ယခုအချိန်တွင် အလွန်နာကျင်နေကြောင်း ပြောနေခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

အစ်ကိုကြီးက ညီလေးအား ရိုက်နှက်သောအခါ မည်သည့်အခါမျှ ညှာတာလေ့မရှိပေ။ ရှန်ညီအစ်ကိုနှစ်ဦးသည်လည်း ချွင်းချက်မဟုတ်ပေ။

ရှန်ဟွိုင်ချွမ်ခံရသော ရိုက်နှက်မှုမှာ အသားထုတ်လုပ်ရေးစက်ရုံတွင် ဝက်တစ်ကောင်ကို ခုတ်ထစ်နေခြင်း သို့မဟုတ် ချောင်ကျိုးစတိုင်လက်ထောင်းအမဲသားလုံးများ ပြုလုပ်နေခြင်းနှင့်ပင် တူနေလေသည်။

နောက်ဆုံးတွင် သူ့မျက်နှာကရုပ်ဆိုးအကျည်းတန်သော လီဂိုတုံးများစုပုံထားသည့်အလား အရိုက်ခံလိုက်ရပြီး သူ့ဖိနပ်တစ်ဖက်မှာလည်း လွင့်စင်သွားခဲ့လေသည်။

“ဟွိုင်... ဟွိုင်ချွမ်”

လင်ကျိယွင်သည် ရင်ကွဲမတတ်အော်ဟစ်ကာ ရှေ့သို့ပြေးထွက်သွားရာ သူမခေါင်းမှာ ရှန်ဟွိုင်ချွမ်၏ရင်ဝတည့်တည့်သို့ ဝင်ဆောင့်မိသွားလေသည်။

“အာဝူးဝူးဝူး”

ရှန်ဟွိုင်ချွမ်မှာ ဒဏ်ရာရနေသော တိရစ္ဆာန်တစ်ကောင်အလား အော်ဟစ်လိုက်လေတော့သည်။

လွန်ခဲ့သော အခိုက်အတန့်လေးကတင် သူ့အစ်ကိုကြီးသည် ‘ငါ မင်းကို မချစ်ဘူးလား’ ဟု မေးကာ သူ့ရင်ဝကို သံတူများကဲ့သို့သော လက်သီးများဖြင့်ထုနှက်နေခဲ့လေ၏။

‘နာလိုက်တာ’

သူ့နှလုံးသားများပင် နာကျင်သွားခဲ့ရသည်။ သူ သေမတတ်နာကျင်နေခဲ့ရ၏။ လင်ကျိယွင်သည် ရှန်ဟွိုင်နျန်၏ ရက်စက်ကြမ်းကြုတ်သော ရိုက်နှက်မှုကြောင့် လုံးဝထိတ်လန့်သွားခဲ့လေပြီ။ သူတို့နှစ်ဦးသည် ငုံးလေးများအလား ခေါင်းငိုက်စိုက်ကျနေကြပြီး ရှန်ဟွိုင်နျန်ကို ကြောင်တစ်ကောင်ကိုမြင်သော ကြွက်များအလား ကြည့်နေခဲ့ကြလေသည်။

နောက်ဆုံးတွင် သူတို့သဘောပေါက်သွားခဲ့ကြလေပြီ။ ဤသူနှစ်ဦးမှာ အရူးများဖြစ်ပြီး အရူးစုံတွဲပင်ဖြစ်လေသည်။

‘လိုက်ဖက်ညီလိုက်တာ၊ တကယ့်ကို ပြီးပြည့်စုံတဲ့ အတွဲပဲ’

ရှဲ့လီစားရန် ပန်းသီးအခွံနွှာပေးနေသော ရှန်ဟွိုင်နျန်အား လင်ကျိယွင်ကခိုးကြည့်လိုက်လေသည်။ ထို့နောက် သူမသည် အလျင်အမြန်ပင်အကြည့်လွှဲလိုက်၏။

‘ငါ ဘာလုပ်ရမလဲ'

သူမ တကယ်ကို ငိုချင်နေလေပြီ။

‘အိမ်ပြန်ချင်တယ်၊ ငါ့မေမေ့ကို လိုချင်တယ်'

ရှဲ့လီသည် ရှန်ဟွိုင်နျန်အား လက်ဖြင့် တွတ်လိုက်လေသည်။ သူတို့နှစ်ဦးသည် မျက်ရည်များ ပြည့်လုမတတ်ဖြစ်နေသော ရှန်ဟွိုင်ချွမ်နှင့် လင်ကျိယွင်တို့ကို ကြည့်လိုက်ကြလေ၏။

ထို့‌နောက် သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးဖက်ကာ ဟားတိုက်ရယ်မောလိုက်ကြလေသည်။

“အားနျန် ရှင်က အရမ်းရဲရင့်ပြီး အရမ်းတော်တာပဲနော်”

ရှဲ့လီသည် အသံမြှင့်ကာ ချွဲပစ်ပစ်လေသံဖြင့် ဆိုလိုက်လေသည်။

“မင်း သဘောကျသရွေ့ပေါ့”

ရှန်ဟွိုင်နျန်၏မျက်နှာမှာ သူ့ဆန္ဒမပါဘဲ ရဲတက်သွားခဲ့ရလေ၏။ သူသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ပန်းသီးအခွံနွှာခြင်းကိုသာ အရှိန်တင်လိုက်လေသည်။

ရွှစ် ရွှစ် ရွှစ် ရွှစ် ရွှစ်......

ကော်ဖီစားပွဲပေါ်ရှိ ပန်းသီးဆယ်လုံးကျော်ခန့်ကို သူကတခဏအတွင်းမှာတင် အခွံနွှာပေးလိုက်လေသည်။

“အဲဒီလောက် အများကြီးမစားနိုင်ဘူးလေ အရူးလေး အားနျန်ကလဲ”

ရှဲ့လီသည် ပန်းသီးကြီးတစ်လုံးကို အသံမြည်အောင် ကိုက်စားလိုက်၏။ သူမသည် ချစ်စရာကောင်းဟန် ဟန်ဆောင်ဖို့ကို‌လည်း မမေ့လျော့နေခဲ့ပေ။

ရှန်ဟွိုင်နျန်၏ မြေခွေးမျက်ဝန်းများမှာ တောက်ပသွားပြီး ပြုံးရိပ်များပေါ်လာခဲ့လေသည်။ သူသည် ပန်းသီးတစ်လုံးကို ရှန်ဟွိုင်ချွမ်ထံသို့ ပေါ့ပေါ့ပါးပါးပစ်ပေးလိုက်လေ၏။

“အဆင်ပြေပါတယ်၊ မစားနိုင်ရင် ခွေးကျွေးလိုက်ရုံပေါ့”

ရှန်ဟွိုင်ချွမ် : “……”

All Chapters