← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

Ch-56

ထိုညနေခင်းတွင် အမေရှန်သည် ဟင်းလျာများကို စားပွဲအပြည့် ချက်ပြုတ်ပြင်ဆင်ထားခဲ့သည်။

မှိုနှင့် ကြက်သားဟင်း၊ ဝက်သားနီနှပ်၊ ဝက်ခွာနှပ်နှင့် ဝက်ပေါင်သားကြီးပင် ပါဝင်လေသည်။ ဤခေတ်ကာလတွင် ဤဟင်းလျာများထဲမှ မည်သည့်ဟင်းလျာတစ်မျိုးမဆို အလွန် ကြီးကျယ်ခမ်းနားသော ဟင်းလျာတစ်ခုအဖြစ် သတ်မှတ်ခံရပြီး သာမန်မိသားစုများအနေဖြင့် တစ်နှစ်လျှင် တစ်ကြိမ်ပင် စားသုံးခွင့်ရမည်မဟုတ်ပေ။

ရှန်ဟွိုင်နျန်သည် ဝက်သားနီနှပ် ပန်းကန်လုံးတစ်လုံးကို ရှဲ့လီအတွက်ယူကာ သူမရှေ့သို့တွန်းပို့ပေးလိုက်လေသည်။

“ဖြည်းဖြည်းစား၊ ကုန်သွားရင်ထပ်ယူပေးမယ်”

လင်ကျိယွင်မှာ မကျေမနပ်ဖြစ်နေသော်လည်း စကားမပြောရဲဘဲ ခေါင်းငုံ့ကာ တိတ်ဆိတ်စွာသာ စားသောက်နေခဲ့ရ၏။

“ဟွိုင်နျန်နဲ့ ရှောင်လီပြန်လာတုန်း မင်းတို့အမေနဲ့ ငါတိုင်ပင်ပြီးပြီ၊ ဒီနေ့ မိသားစုပိုင်ဆိုင်မှုတွေကို ခွဲဝေကြမယ်၊ အခုကစပြီး မင်းတို့ညီအစ်ကိုတွေ ကိုယ့်ဘဝနဲ့ကိုယ်သီးသန့်ခွဲနေကြတော့”

အဖေရှန်က ရုတ်တရက်ပြောဆိုလိုက်ရာ ရှန်ဟွိုင်ချွမ်နှင့် လင်ကျိယွင်တို့မှာ လုံးဝမျှော်လင့်မထားသောကြောင့် အံ့အားသင့်သွားကြလေသည်။

အဖေရှန်နှင့် အမေရှန်တို့မှာ အသက် ငါးဆယ်ကျော်ခန့်သာရှိသေးပြီး အလွန်အမင်းအသက်မကြီးသေးရာ မိသားစုပိုင်ဆိုင်မှုများကို ခွဲဝေရန် ပြောဆိုဖို့က အမှန်တကယ်မလိုအပ်သေးပေ။

လင်ကျိယွင်သည် ရှန်ဟွိုင်ချွမ်အား ခိုးဆိတ်လိုက်ကာ အကြည့်ဖြင့်အချက်ပြလိုက်သော်လည်း ရှန်ဟွိုင်ချွမ်မှာမူ သတ္တိကြောင်သော ငုံးလေးတစ်ကောင်အလား ခေါင်းကိုသာငုံ့ထားခဲ့လေသည်။

“ဟွိုင်နျန်က အသက်ဆယ့်ရှစ်နှစ်မှာ စစ်တပ်ထဲဝင်ခဲ့တာ၊ အခုဆို ခုနစ်နှစ်တောင်ရှိသွားပြီ”

အဖေရှန်သည် ရှန်ဟွိုင်နျန်၏လက်ကို ပုတ်လိုက်ကာ ဆက်ပြောလေသည်။

“ရှောင်ယွင်က ငါတို့မိသားစုထဲဝင်လာတာ ငါးနှစ်ရှိပြီ၊ ဒီနှစ်တွေအတွင်း မင်းတို့ဟွိုင်နျန်ကို သိပ်မတွေ့ရဘူးဆိုတာ မင်းတို့အမေနဲ့ ငါသိပါတယ်၊ ဒါပေမဲ့ ဟွိုင်ချွမ် မင်းငယ်ငယ်တုန်းက မင်းအစ်ကိုကြီး မင်းကိုပြုစုပျိုးထောင်ပေးခဲ့ရတာကိုတော့ မမေ့နဲ့နော်”

အဖေရှန်သည် သက်ပြင်းတစ်ချက်ချလိုက်လေသည်။

“အဲဒီတုန်းက မင်းတို့အမေနဲ့ ငါက အရမ်းအလုပ်များကြတယ်၊ ဟွိုင်ချွမ်က ငယ်ငယ်ကတည်းက ဟွိုင်နျန်နောက်ကိုလိုက်ပြီး ကြီးပြင်းလာခဲ့ရတာ၊ မင်းအစ်ကိုအရွယ် တခြားကလေးတွေ အပြင်မှာကစားနေချိန်မှာ မင်းအကိုက မင်းကိုထိန်းပေးဖို့ အိမ်မှာနေပြီး မင်းကို သေးခံလဲပေးတယ်၊ ထမင်းခွံ့ကျွေးတယ်၊ မင်း နည်းနည်းကြီးလာတော့လည်း ထိခိုက်ရှနာမဖြစ်အောင် သူက သေချာစောင့်ကြည့်ပေးရလို့ မင်းအစ်ကိုမှာ ရွယ်တူသူငယ်ချင်းတောင်မရှိခဲ့ဘူး”

ရှဲ့လီသည်လည်း သူမတူကိုချထားလိုက်သည်။ သူမပါးစပ်ထဲရှိ ဝက်သားနီနှပ်မှာ ယခင်ကလောက် မချိုမြိန်တော့သလိုခံစားလိုက်ရပြီး ရှန်ဟွိုင်နျန်အား မော့ကြည့်လိုက်မိ၏။

သူမအမျိုးသား၏မျက်နှာမှာ တည်ငြိမ်နေပြီး မည်သည့်စိတ်လှုပ်ရှားမှုမျိုးကိုမျှ မပြသပေ။

“နောက်တော့ မင်းအသက်ကြီးလာတယ်၊ မင်းအစ်ကိုက စစ်တပ်ထဲဝင်သွားတယ်၊ ဒါပေမဲ့ မင်းက အိမ်ထောင်ကျပြီး ကိုယ့်မိသားစုနဲ့ ကိုယ်ဖြစ်သွားလို့ သူ့ကိုဖယ်ကြဉ်ထားလို့တော့ မရဘူးလေ”

အဖေရှန်၏လေသံမှာ လေးနက်သွားပြီး လင်ကျိယွင်အား စိုက်ကြည့်လိုက်လေသည်။

“ရှောင်ယွင် မင်းကလည်း ချွေးမတစ်ယောက်ပဲ၊ ရှောင်လီကလည်း ချွေးမတစ်ယောက်ပဲ၊ မင်းမှာရှိတဲ့အရာတွေအားလုံး သူလည်းရသင့်တာပဲ၊ ငါတို့က မင်းကိုလည်း မျက်နှာမလိုက်သလို ရှောင်လီကိုလည်း မျက်နှာမလိုက်ဘူး”

လင်ကျိယွင်သည် နှုတ်ခမ်းကိုကိုက်ထားလိုက်၏။ သတ္တိကြောင်သောရှန်ဟွိုင်ချွမ်အား နာကြည်းစွာစိုက်ကြည့်လိုက်ပြီးနောက် စိတ်တင်းကာပြောလိုက်လေသည်။

“အဖေနဲ့ အမေ ကိုယ့်အသိနဲ့ကိုယ်ပဲ ပြောကြပါစို့၊ ဒီနှစ်တွေတစ်လျှောက်လုံး အစ်ကိုကြီး အိမ်မှာမရှိတော့ ကျွန်မနဲ့ ဟွိုင်ချွမ်ကပဲ အဖေနဲ့ အမေကို အဖော်ပြုပေးနေခဲ့တာ မဟုတ်ဘူးလား၊ ကျွန်မက ရှန်မိသားစုအတွက် မြေးယောကျ်ားလေးတစ်ယောက် မွေးပေးခဲ့တယ်လေ၊ ကျွန်မမှာ ဘာကျေးဇူးမှမရှိရင်တောင် ကြိုးကြိုးစားစားတော့လုပ်ပေးခဲ့တာပဲ မဟုတ်ဘူးလား၊ ဒါ့အပြင် ကျွန်မက မိသားစုရဲ့တစ်ဦးတည်းသောသမီးပါ၊ ကျွန်မမိဘတွေရဲ့ ပိုင်ဆိုင်မှုတွေအားလုံးက အနာဂတ်မှာ ကျွန်မအတွက်ချည်းပါပဲ၊ ရှဲ့လီမှာရော ဘာရှိလို့လဲ၊ သူက ဒုက္ခရောက်နေတဲ့ အရင်းရှင်သခင်မလေး တစ်ယောက် သူ့မှာ ဘာမှမရှိဘူးလေ၊ အခု သူရောက်လာပြီဆိုတော့ ကျွန်မနဲ့ သူက ဘာလို့အတူတူ ရ,ရမှာလဲ”

‘ဘာလို့လဲ’

‘ရှဲ့လီမှာ ဘာရှိလို့လဲ'

‘ပိုင်ဆိုင်မှုတွေကို ခွဲဝေချင်တယ်ဆိုရင်လည်း ရပါတယ်၊ ဒါပေမဲ့ ရှဲ့လီကိုတော့ ငါနဲ့တန်းတူရအောင် လုံးဝခွင့်မပြုနိုင်ဘူး၊ ရှန်ဟွိုင်နျန်နဲ့ ရှဲ့လီကို တစ်ပြားတစ်ချပ်တောင် သူမ မပေးချင်ဘူး'

အမေရှန်သည် ဘေးမှနေ၍ ဝင်မပြောဘဲ မနေနိုင်တော့ပေ။

“ဒီနှစ်တွေတစ်လျှောက်လုံး ဟွိုင်နျန်က အများကြီး မထောက်ပံ့ခဲ့ဘူးလား၊ သူက အိမ်မပြန်ချင်လို့ မပြန်ခဲ့တာလား၊ မင်း ဒီအိမ်ထဲမဝင်လာခင်က သူ အနည်းဆုံး တရုတ်နှစ်သစ်ကူးတိုင်း အိမ်ပြန်လာခဲ့တယ်လေ၊ မင်း အိမ်ထောင်ကျလာကတည်းက ဟွိုင်နျန်ရဲ့အခန်းကိုယူလိုက်တာ၊ ပထမတော့ မင်းရဲ့စာကြည့်ခန်းအနေနဲ့ နောက်တော့ ကလေးရဲ့အိပ်ခန်းအနေနဲ့ သူက ဘယ်လိုလုပ်ပြီးပြန်လာရမှာလဲ၊ ပြန်လာတိုင်း ဧည့်ခန်းမှာပဲအိပ်ရမှာလား၊ အခုတစ်ခေါက်တောင် ဟွိုင်နျန်နဲ့ ရှောင်လီက ဧည့်ခန်းမှာ အိပ်နေရတာပဲလေ၊ အခုကျမှ သူကအိမ်ပြန်မလာချင်ဘူးဆိုပြီး မင်းက ပြောင်းပြန်ပြောနေတယ်”

ရှဲ့လီသည် သူမလက်ထဲရှိတူကို ကစားနေခဲ့၏။ ရှန်ဟွိုင်နျန်သည် စကားပြောပြတ်သားပြီး လက်သီးကြီးသော်လည်း အများဆုံး ပေးဆပ်ခဲ့သူဖြစ်သည်။ သို့သော် အကျိုးခံစားခွင့်ရသူ ရှန်ဟွိုင်ချွမ်မှာမူ ဇနီးဖြစ်သူအား ရှန်ဟွိုင်နျန်ကို ဝေဖန်ပြောဆိုခွင့်ပေးကာ လုံးဝ ပုန်းကွယ်နေခဲ့လေသည်။

“အဲဒါ ကျွန်မအမှားလား၊ ဒါကိုလည်း ကျွန်မအပြစ်လို့ ပြောဦးမလို့လား၊ ကျွန်မက ကလေးကို ကောင်းကောင်းမွန်မွန် အိပ်စေချင်လို့ပါ၊ အဲဒါ ဘာမှားနေလို့လဲ၊ သူပြန်လာတိုင်း ဘာလို့ အရာအားလုံးက သူ့ကိုပဲဗဟိုပြုနေရတာလဲ၊ သူက ကျွန်မနဲ့ ဘာဆိုင်လို့လဲ၊ ဒီနှစ်တွေတစ်လျှောက်လုံး အိမ်မပြန်လာတာ သူကကျေးဇူးကန်းတဲ့ သားမိုက်ပဲလေ”

ပိုင်ဆိုင်မှုများခွဲဝေခြင်းနှင့် ပတ်သက်လာသောအခါ လင်ကျိယွင်သည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။

သူမ ရှန်မိသားစုသို့ လက်ထပ်ဝင်ရောက်လာသည်မှာ ငါးနှစ်ရှိပြီဖြစ်ပြီး ရှန်ဟွိုင်နျန်မရှိသော မိသားစုကို နေသားကျနေပြီဖြစ်သည်။ ယခု ရုတ်တရက် ပိုင်ဆိုင်မှုများကို ခွဲဝေကာ သူ့အားတစ်ဝက်ပေးရမည်ဆိုသောအခါ သူမသည် လုံးဝမတရားဟု ခံစားလိုက်ရလေသည်။

မည်သို့ပင်ဆိုစေကာမူ ရှန်ဟွိုင်နျန်သည် အမျိုးသမီးများကို မရိုက်နှက်ပေ။ အဆိုးဆုံးအခြေအနေတွင် ရှန်ဟွိုင်ချွမ် နောက်တစ်ကြိမ် အရိုက်ခံရရုံသာ။

သူမသည် ရှန်မိသားစုကိုပြတ်ပြတ်သားသား ဆန့်ကျင်ရဲသည်မှာ သူမတွင် နောက်ခံရှိသောကြောင့်ဖြစ်သည်။ သူမမိသားစုက သူမအားယုံကြည်မှုအပြည့်ပေးထားပြီး သူမလက်ထဲတွင်လည်း သားတစ်ယောက်ရှိနေသည်။ ရှန်မိသားစုက သူမကို ဘာမှလုပ်ရဲမည် မဟုတ်ဟု သူမတွက်ဆထားလေ၏။

All Chapters