အခန်း ၅၇
Vol. 6 Ch. 57
Ch-57
အဖေရှန် မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့၏။ သူ ဒေါသပေါက်ကွဲတော့မည့်အချိန်မတိုင်မီ တစ်စက္ကန့်အလိုတွင် ရှဲ့လီက စားပွဲကိုမှောက်ချပစ်လိုက်လေသည်။
သူမသည် လင်ကျိယွင်အရှေ့သို့ ခုန်တက်သွားကာ သူမအား လက်သီးဖြင့်ထိုးချလိုက်ပြီး သူမအပေါ်မှ ခွထိုင်ကာ လက်နှစ်ဖက်ဖြင့် ဘယ်ညာလွှဲရိုက်လေတော့သည်။ ပါးရိုက်နေရင်းနှင့် သူမက အော်ဟစ်ပြောဆိုနေသေး၏။
“နင်တစ်ယောက်တည်း ယောကျ်ားလေး မွေးနိုင်တာလား၊ နင့်မှာ ကလေးတစ်ယောက်ရှိတာကို နေ့တိုင်းကြီးကျယ်နေတာပဲ၊ အားနျန်က အိမ်ထောင်ကျတာနဲ့ ကလေးရတာ နည်းနည်းနောက်ကျသွားလို့လေ၊ နင်က အဲဒါကို အကြောင်းပြပြီး လေပေါနေတာလား၊ နင့်ကိုငါပြောလိုက်မယ်၊ ရှန်ဟွိုင်နျန်က ငါ့ယောကျ်ားပဲ၊ သူ့မကောင်းကြောင်း တစ်ခွန်းထပ်ပြောရဲ ပြောကြည့်စမ်း၊ နင့်ကို ငါသတ်ပစ်မယ်”
ပါးစပ်သရမ်းသောသူက အရိုက်ခံသင့်ပေသည်။ လင်ကျိယွင်အပေါ်မှ ခွထိုင်နေသော ရှဲ့လီအား ရှန်ဟွိုင်နျန်ကြည့်လိုက်သောအခါ သူ၏အေးစက်စက် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအနည်းငယ် ပေါ်လာခဲ့၏။
သူ အိမ်ပြန်မလာချင်ခဲ့ပေ။ အိမ်ရောက်လျှင် သူသည် လူပိုတစ်ဦးကဲ့သို့ခံစားရသည်။ သူ့မိဘများက တရားမျှတသည်ဟုဆိုနိုင်သော်လည်း သူပြန်လာတိုင်း ညီဖြစ်သူနှင့် ခယ်မတို့မှာ သူ့အားသိပ်ပြီးကြိုဆိုပုံမရကြဘဲ မိဘများကလည်း ညီဖြစ်သူ၏ခံစားချက်များကို ထည့်သွင်းစဉ်းစားပေးရသည်။ လူတစ်ယောက်တွင် နှလုံးသားတစ်ခုတည်းသာရှိပြီး တစ်ဖက်ကိုကြည့်လျှင် အခြားတစ်ဖက်ကို မကြည့်နိုင်ပေ။
သူ မည်သည့်နွေးထွေးမှု သို့မဟုတ် သဟဇာတဖြစ်မှုကိုမျှ မခံစားခဲ့ရဘဲ ဖယ်ကြဉ်ခံရမှုနှင့် ရွံရှာမှုများကိုသာ ခံစားခဲ့ရသည်။ သူသည် အိမ်တွင် ဧည့်သည်တစ်ယောက်ကဲ့သို့ ခံစားနေရ၏။
မိဘများက သူ့အပေါ်ယဉ်ကျေးပျူငှာကြပြီး ညီဖြစ်သူနှင့် ခယ်မတို့ကမူ မထီမဲ့မြင်ပြုကြသည်။ လူတိုင်းတွင် ဖြေရှင်းရန်ခက်ခဲသော မိသားစုနှင့်ပတ်သက်သည့် ပြဿနာတစ်ခုစီရှိတတ်ကြသည်။ ၎င်းမှာ ကိုယ်ရည်ကိုယ်သွေးနှင့် မသက်ဆိုင်ပေ။
ရှန်ဟွိုင်ချွမ်အား ရိုက်နှက်ပြီးနောက်တွင်ပင် သူသည် ဤအိမ်နှင့် ပတ်သက်မှုရှိသည်ဟု မခံစားရသေးပေ။ သူသည် သန်မာလွန်းသူဖြစ်သော်လည်း သူအလွန်တန်ဖိုးထားသော သူ့မိသားစုနှင့် ညီအကိုဆက်ဆံရေးကို ရင်ဆိုင်ရသောအခါတွင်မူ သူလည်း ဝမ်းနည်းမှုကို ခံစားရသည်သာ။
သို့သော် ရှဲ့လီသည် အရာအားလုံးကို လျစ်လျူရှုကာ စားပွဲကိုမှောက်ချပစ်ပြီး လင်ကျိယွင်အား ရိုက်နှက်ခဲ့လေသည်။ သူမသည် သူ့ကို ကာကွယ်ပေးနေခဲ့၏။
သူ ဤမျှလောက်ပြတ်ပြတ်သားသား ရွေးချယ်ခံရခြင်းမှာ ပထမဆုံးအကြိမ်ပင်။ သူမက သူသည် သူမအမျိုးသားဟုပင် ပြောခဲ့သေးသည်။ အမေရှန် ဆွံ့အနေရာမှ သတိဝင်လာရန် အချိန်အတန်ကြာသွားခဲ့၏။
သူမ ရန်ပွဲကိုဝင်ဆွဲရန် ပြင်လိုက်စဉ်မှာပင် အဖေရှန်က နောက်သို့ဆွဲထားလိုက်လေသည်။ မိဘများအနေဖြင့် မည်သည့်ကလေးကို မျက်နှာပိုသာပေးမိပြီး မည်သည့်ကလေးက ပိုနစ်နာခဲ့ရသည်ကို သေချာသိထားကြလေသည်။ သူတို့လည်းမပြောခဲ့သလို နစ်နာခဲ့ရသော ကလေးကလည်း မပြောခဲ့ပေ။
ထို့ကြောင့် လူတိုင်းက ဤကဲ့သို့ မှုန်ဝါးဝါးအခြေအနေမျိုးတွင် နေထိုင်ခဲ့ကြရခြင်းဖြစ်သည်။ သို့သော် နစ်နာခဲ့ရသော ကလေးက ဆက်မခံစားလိုတော့သောအခါ မိသားစု၏မျှချေညီမှုမှာ ပျက်စီးသွားမည်သာ။
ယခု နစ်နာခဲ့ရသောကလေးက ဆက်လက်မခံစားလိုတော့သည်မဟုတ်ဘဲ ထိုကလေးအတွက် ခံစားပေးပြီး သူ့ဘက်မှ ရပ်တည်ပေးမည့်သူရှိလာခဲ့ခြင်းဖြစ်သည်။
အဖေရှန်သည် အလွန်ပင်ကျေနပ်ပီတိ ဖြစ်နေခဲ့၏။ မိသားစုတိုင်းတွင် ပြဿနာများရှိတတ်ကြသည်။ သူသည် ရှန်ဟွိုင်နျန်ကို မချစ်၍မဟုတ်ဘဲ တစ်ခါတစ်ရံတွင် သူသည် တိတ်ဆိတ်ပြီး စကားနည်းကာ မတရားခံရသည့်တိုင်အောင် ထုတ်ဖော်မပြောတတ်သောကြောင့် သူတို့သည် ရိုးရှင်းစွာပင် အသားကျသွားခဲ့ကြခြင်းဖြစ်သည်။
“အား ကယ်ကြပါဦး”
လင်ကျိယွင်တစ်ခေါင်းလုံး ပါးရိုက်ခံရလွန်းသဖြင့် အူထွက်နေလေပြီ။
“အရူးနှစ်ယောက် နင်တို့နှစ်ယောက်က အရူးနှစ်ယောက်ပဲ”
သူမက မစဉ်းစားဘဲအော်ဟစ်လိုက်လေ၏။
“ပြဿနာမရှိပါဘူး၊ ငါတို့ နှစ်ယောက်လုံးက အရူးတွေလေ၊ တကယ့်ကို ပြီးပြည့်စုံတဲ့အတွဲလေ”
ရှဲ့လီသည် လုံးဝဂရုမစိုက်ဘဲ ဆက်လက်၍ အားပါးတရပါးရိုက်နေခဲ့လေသည်။ လင်ကျိယွင်အား မှိုပွင့်လေးတစ်ပွင့်အလား ဖြစ်သွားသည်အထိ ရိုက်နှက်နေခဲ့၏။
“တော်တော့ မင်း..... မင်း အခုချက်ချင်း ရပ်လိုက်စမ်း”
ရှန်ဟွိုင်ချွမ်မှာ ဆက်မကြည့်ရက်တော့သော်လည်း ရန်ပွဲကိုဝင်ဆွဲရန် သတ္တိမရှိဘဲ ပါးစပ်ဖြင့်သာ ဆရာကြီးလုပ်ရဲလေသည်။
“အဖေနဲ့ အမေကို ကျွန်တော်မုန်းတယ်၊ ဘာလို့ အစ်ကိုကြီးကိုပဲ မျက်နှာသာပေးနေကြတာလဲ”
ရှန်ဟွိုင်ချွမ်သည် အံတင်းတင်းကြိတ်လိုက်လေသည်။
“ဟုတ်တယ် အစ်ကိုကြီးက ကျွန်တော့်ကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့တာမှန်ပေမဲ့ ငယ်ငယ်ကတည်းက ကျွန်တော့်ကိုရိုက်ခဲ့တာပဲလေ၊ အခု သူ့ကိုကြည့်လိုက်တာနဲ့ ကျွန်တော်ကြောက်နေပြီ၊ ဒါက ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ဘယ်လောက်တောင် ထိခိုက်စေလဲဆိုတာ အဖေတို့တွေးဖူးလား”
လင်ကျိယွင်သည်လည်း ငိုကြွေးနေခဲ့၏။ သူမလည်း သူမအမျိုးသားအတွက်ဝမ်းနည်းနေခဲ့သည်။ ရှန်ဟွိုင်ချွမ်သည် နှာခေါင်းရှုံ့ကာ ဆက်လက်၍ စွပ်စွဲပြောဆိုနေလေ၏။
“အစ်ကိုကြီး ခင်ဗျားက အစ်ကိုကြီးဖြစ်နေရုံနဲ့ ကျွန်တော့်ကို ရိုက်လို့ရတယ်ပေါ့လေ ရိုက်လို့ရတယ်ပေါ့ဟုတ်လား၊ ငယ်ငယ်တုန်းက ကျွန်တော်တစ်လုတ်ခိုးစားမိလို့ ခင်ဗျားကျွန်တော့်ကို သွေးအန်တဲ့အထိ ရိုက်ခဲ့တယ်၊ ငယ်ငယ်တုန်းက ဘာမှနားမလည်သေးဘဲ ညလယ်ခေါင်ကြီး ခင်ဗျားကိုသွားနှိုးမိလို့ ခင်ဗျား ကျွန်တော့်ကို သတိလစ်တဲ့အထိရိုက်ခဲ့တယ်၊ ငယ်ငယ်တုန်းက စက်ဘီးစီးသင်ခါစမှာ ခင်ဗျား ကျွန်တော့်ကို လမ်းနှစ်လမ်းကျော်တဲ့အထိလိုက်ပြီး စက်ဘီးပေါ်ကနေဆွဲချ ဝမ်းလျှောတဲ့အထိရိုက်ခဲ့တယ်၊ ငယ်ငယ်တုန်းက ခင်ဗျားကို ယန်ကိုအက ကပြချင်လို့ စိတ်လှုပ်ရှားပြီး လုပ်ပြမိတာကို ခင်ဗျား ကျွန်တော့်ရဲ့ သွားတစ်ချောင်းကျွတ်ထွက်သွားတဲ့အထိ ထိုးခဲ့တယ်”
ထိုစွပ်စွဲချက်များအားလုံးကို ရင်ဆိုင်နေရသော်လည်း ရှန်ဟွိုင်နျန်မှာ မည်သို့မျှ တုံ့ပြန်ခြင်းမရှိခဲ့ပေ။ ထိုအစား သူသည် ရှဲ့လီအား မြေပြင်ပေါ်မှ ဆွဲထူလိုက်ပြီး သူမလက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။
“နာနေပြီလား”
ရှဲ့လီက ခေါင်းခါပြလိုက်၏။
လင်ကျိယွင်မှာ ဒေါသကြောင့် မျက်လုံးများပင် ပြူးကျယ်သွားခဲ့ရလေသည်။ သူ့ဇနီးက သူမအားသေလုမတတ်ရိုက်နှက်ခဲ့သည်မှာ ထင်ရှားနေပါလျက်နှင့် သူက သူ့ဇနီးလက်ကိုကိုင်ကာ နာနေပြီလားဟု မေးနေသည်လော။
သူသည် ရှန်ဟွိုင်ချွမ်ဘက်သို့လှည့်ကြည့်ကာ အေးစက်စက်လေသံဖြင့် မေးလိုက်လေ၏။
“မင်းက အရိုက်မခံသင့်ဘူးလား”