← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

Ch-58

“မင်းပြောတော့ အစားတစ်လုတ်ခိုးစားလို့ ငါက မင်းကို သွေးအန်တဲ့အထိရိုက်တယ်ဆို၊ အဲဒီတုန်းက မင်းကအရူးတစ်ယောက်လို ဒိုင်ကလိုဗို(ပိုးသတ်ဆေး) ကို သွားသောက်တာလေ၊ အဲဒါကိုပြန်အန်ထွက်လာအောင် ငါကရိုက်ပြီးတော့ ဆေးရုံကိုအမြန်ပို့ပေးရတာ၊ မင်း သွေးအန်တာ ငါရိုက်လို့မဟုတ်ဘူး၊ အဆိပ်မိလို့ သွေးအန်တာ၊ မင်းပြောတော့ ညကြီးအချိန်မတော်လာနှိုးလို့ ငါက သတိလစ်တဲ့အထိရိုက်တယ်ဆို၊ အဲဒီတုန်းက မင်း နေ့ဘက်မှာခြံထဲက ကလေးတွေနဲ့ရန်ဖြစ်ပြီး ရှုံးလာလို့ ညဘက်ကျတော့ ငါ့အခန်းထဲကို မီးဖိုချောင်သုံးဓားကြီးကိုင်ပြီး ဝင်လာတာ၊ အဲဒီကလေးကို သွားခုတ်သတ်မယ်ဆိုပြီးတော့လေ၊ အဲဒါကြောင့် ငါက မင်းကို ရိုက်တာ၊ မင်းပြောတော့ စက်ဘီးစီးသင်ခါစမှာ ငါကလမ်းနှစ်လမ်းကျော်တဲ့အထိလိုက်ပြီး ဝမ်းလျှောတဲ့အထိ ရိုက်တယ်ဆို၊ မင်း တကယ်ပဲမေ့သွားတာလား၊ ချင်းမန်လမ်းမှာ ပေါက်စီဝယ်နေတဲ့ လမ်းသွားလမ်းလာ တစ်ယောက်ဆီကနေ မင်း စက်ဘီးသွားခိုးတာလေ၊ အခုထိတောင် မင်းကို ငါ သေအောင် ရိုက်သတ်ချင်နေတုန်းပဲ၊ မင်းပြောတော့ ငါ့ကိုယန်ကိုအက ကပြလို့ သွားနှစ်ချောင်းကျွတ်ထွက်သွားတဲ့အထိ ငါက ထိုးတယ်ဆို၊ အဲဒီအချိန်တုန်းက အဖြစ်အပျက်ကို မိသားစုတစ်ခုလုံး မှတ်မိနေလောက်တယ်၊ ငါ့ကို ယန်ကိုးအက ကပြဖို့ မင်းကဘွားဘွားကြီးရဲ့သင်္ချိုင်းကနေ ဝိညာဉ်ခေါ်အလံကြီးကို သွားဆွဲယူလာတာလေ၊ ပြီးတော့ အဲဒီသွားနှစ်ချောင်းက ငါထိုးလို့ ကျွတ်သွားတာမဟုတ်ဘူး အဖေထိုးလိုက်တာ”

ရှန်ဟွိုင်နျန်သည် တစ်လုံးချင်းစီ အလွန်တည်ငြိမ်လေးနက်စွာ ပြောဆိုလိုက်လေ၏။

“ဖူး”

ရှဲ့လီ အမှန်တကယ်ပင်ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ သူမသည် ရှန်ဟွိုင်နျန်အား အကြိမ်အနည်းငယ်ခန့် ထပ်မံကြည့်လိုက်မိ၏။

ပညာတတ်တစ်ဦး၏ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသော်လည်း အကြမ်းဖက်တတ်သော ယမမင်းတစ်ပါးဖြစ်နေလေသည်။ မဆိုးဘူးပဲ ဒီလိုပုံစံမျိုးကို ငါကြိုက်တယ်။

လင်ကျိယွင်သည် အနေခက်စွာဖြင့် ထထိုင်လိုက်ပြီး ရှန်ဟွိုင်ချွမ်အား လှမ်းကြည့်လိုက်လေသည်။

“ရှင် ကျွန်မကိုလိမ်ထားတာပေါ့”

ရှန်ဟွိုင်ချွမ် ချောင်းနှစ်ချက်ဟန့်လိုက်လေသည်။

“အဲဒီလိုလည်း မဟုတ်ပါဘူး၊ လိမ်တာမဟုတ်ပါဘူး၊ ကိုယ်က တစ်စိတ်တစ်ပိုင်းပဲ ပြောပြထားတာပါ”

အချို့သောအရာများကို မကြာခဏ ပြောဆိုနေပါက ကိုယ်တိုင်ပင်အမှန်ဟု ထင်လာတတ်ကြသည်ပင်။ လင်ကျိယွင်သည် ရုတ်တရက်ရှေ့တိုးလာကာ ရှန်ဟွိုင်ချွမ်၏ပေါင်တွင်းသားကို လိမ်ဆွဲလိုက်ရာ ရှန်ဟွိုင်ချွမ်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရလေတော့သည်။

အဖေရှန်နှင့် အမေရှန်တို့သည်လည်း သက်ပြင်းတစ်ချက်ချလိုက်ကြလေသည်။ သူတို့သည် သားအကြီးဆုံးအပေါ် အလွန်အကြွေးတင်ခဲ့သည်။ ဤနှစ်များတစ်လျှောက်လုံး သူသည် မိသားစုထံမှ မည်သည့်အရာကိုမျှမတောင်းဆိုခဲ့ပေ။ မိသားစုက ဤကဲ့သို့ အဓိပ္ပာယ်မရှိသော အိမ်ထောင်ရေးကို စီစဉ်ပေးခဲ့ချိန်တွင်ပင် သူမငြင်းဆန်ခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် ရှဲ့လီမှာ ခင်ပွန်းဖြစ်သူကို ဂရုစိုက်တတ်သူတစ်ဦး ဖြစ်နေခဲ့သည်။

“‌ဖေဖေနဲ့ မေမေ တောင်းပန်ပါတယ်၊ ခုနက သမီးစားပွဲကို မှောက်ချလိုက်မိတယ်”

ရှဲ့လီသည် တောင်းပန်ရန်မတ်တတ်ရပ်လိုက်သော်လည်း သူမလေသံထဲတွင် အမှန်တကယ် နောင်တရနေသည့် အရိပ်အယောင်မျိုးမရှိပေ။

“ဒါပေမဲ့ နောက်တစ်ကြိမ် အစကနေ ပြန်လုပ်ခွင့်ရရင်လည်း သမီးမှောက်ချပစ်မှာပဲ”

အဖေရှန်နှင့် အမေရှန်တို့ပြုံးလိုက်မိကြလေသည်။ ဤကလေးမလေးမှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။ နောက်ဆုံးတွင် သူတို့စိတ်သက်သာရာ ရသွားခဲ့လေပြီ။

သူတို့ဟွိုင်နျန်လေးသည် သူ့အား တန်ဖိုးထားချစ်ခင်မည့် ဇနီးတစ်ဦးကို ရှာတွေ့သွားခဲ့ပြီပင်။ ထိုညတွင် အမေရှန်သည် မြေးဖြစ်သူရှန်ရိအန်းအား သူ့အခန်းမှဖယ်ခိုင်းလိုက်ပြီး ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့အတွက် အိပ်ခန်းအဖြစ် ပြင်ဆင်ပေးခဲ့လေသည်။ ရှန်ဟွိုင်နျန် အိမ်တွင်မရှိသည့်တိုင်အောင် ဤအခန်းကို အခြားသူများ ဝင်ရောက်နေထိုင်ခွင့်မပြုကြောင်းနှင့် ၎င်းမှာ ရှန်ဟွိုင်နျန်၏အခန်းဖြစ်ကြောင်းကိုပါ သူမ ကြေညာခဲ့လေသည်။

ယခင်က သားအကြီးဆုံးမှာ အိမ်ထောင်မရှိသေးသဖြင့် ချွေးမအငယ်ဖြစ်သူက ထိုအခန်းတွင်နေထိုင်ခြင်းကို အဆင်ပြေသည်ဟု သူတို့တွေးထင်ခဲ့မိ၏။ ယခုအခါ သားအကြီးဆုံးတွင် ဇနီးရှိလာပြီဖြစ်ရာ သဘာဝကျစွာပင် ထိုအခန်းကို သူ့ထံသို့ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သည်။

ညဘက်ရေမိုးချိုးပြီးနောက် ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့အခန်းတွင်းသို့ ၀င်ရောက်လာခဲ့ကြသည်။ သူတို့နှစ်ဦးသည် လက်ထပ်စာချုပ်ပြုလုပ်ပြီးဖြစ်ရာ တရားဝင်ဇနီးမောင်နှံဖြစ်နေကြချေပြီ။ ထို့ကြောင့် သူတို့နှစ်ဦးကို အခန်းတစ်ခန်းတည်းတွင် အတူတကွနေရာချထားခြင်းမှာ မည်သည့်အမှားအယွင်းမျှမရှိပေ။

“အဟွတ် အဟွတ်”

ရှဲ့လီ ချောင်းခြောက်ဆိုးလိုက်လေသည်။ ဇနီးမောင်နှံဖြစ်နေပြီဆိုသော်လည်း အဝတ်အစားများချွတ်ကာ ကုတင်တစ်လုံးတည်းတွင် အတူတူအိပ်စက်ရမည့် အဆင့်အထိတော့ မရောက်သေးဟု သူမခံစားနေရ၏။

ရှဲ့လီ ရှက်ရွံ့နေသည်ကိုမြင်သောအခါ ရှန်ဟွိုင်နျန်က အိပ်ရာခင်းတစ်စုံကို ကြမ်းပြင်ပေါ်သို့ ရွှေ့လိုက်လေသည်။

“ကိုယ် ဒီမှာပဲအိပ်လိုက်မယ်၊ မင်း အဆင်မပြေရင် မနက်ဖြန် ဧည့်ခန်းမှာသွားအိပ်ပေးပါ့မယ်”

ရှောင်ချီသည် အခြေအနေကို သဘောပေါက်စွာဖြင့် ဟိုတယ်သို့ သွားရောက်တည်းခိုခဲ့သောကြောင့် ဧည့်ခန်းတွင် နေရာလွတ်ရှိနေသေးသည်။

ရှဲ့လီ ခေါင်းခါပြလိုက်လေ၏။ သူမမျက်လုံးများမှာ ဝေ့ဝဲသွားပြီးနောက် ရှန်ဟွိုင်နျန်ဘေးတွင် ဆွဲဆောင်မှုရှိစွာ ဝင်လှဲလိုက်လေသည်။ တစ်စက္ကန့်အတွင်းမှာပင် သူမအမျိုးသား၏ မျက်နှာမှာ အဖြူရောင်မှ နီရဲသွားသည်ကို သူမမြင်တွေ့လိုက်ရ၏။

“ကြမ်း... ကြမ်းပြင်က အေးတယ်၊ ကုတင်ပေါ် သွားအိပ်ပါ”

ရှဲ့လီက မကျေမနပ်ဖြစ်ဟန်ဖြင့်တုံ့ပြန်လိုက်သည်။

“ဘာလို့လဲ ရှင်ကမအိပ်ချင်လို့လား”

ထိုသို့ပြောပြီးနောက် သူမသည် ရှန်ဟွိုင်နျန်၏အင်္ကျီကို လှန်တင်ကာ ဝမ်းဗိုက်ကြွက်သားများကို စတင်ပွတ်သပ်လိုက်လေသည်။ ဤဝမ်းဗိုက်ကြွက်သားများမှာ အချိုးအစားကျနပြီး ဆွဲဆောင်မှုရှိကာ ပြီးပြည့်စုံသော အချိုးအကွေ့များနှင့်အတူ ထိတွေ့ရသည်မှာလည်း အလွန်ကောင်းမွန်၏။ လုံး၀ပထမတန်းစားပင် ဖြစ်သည်။

ရှဲ့လီ၏မျက်ဝန်းများထဲတွင် မည်သည့်ရမက်ဆန္ဒများမျှမရှိဘဲ ရှန်ဟွိုင်နျန်၏ ဝမ်းဗိုက်ကြွက်သားများကို နှစ်သက်သဘောကျမှုသာရှိနေခဲ့သည်။

“မလုပ်နဲ့... ရှောင်လီ...”

ရှန်ဟွိုင်နျန်၏မျက်နှာမှာမူ ပို၍ပင်နီရဲလာခဲ့လေသည်။ သူ့လက်နှစ်ဖက်ဖြင့် အောက်ရှိ အိပ်ရာခင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့၏။ သူမျက်လွှာချထားကာမလုပ်ရန် ပြောဆိုနေသော်လည်း သူ့လက်များကမူ သူမအားတွန်းဖယ်ခြင်းမရှိခဲ့ပေ။

“ဘာကို မလုပ်နဲ့လဲ”

ရှဲ့လီ၏မျက်ဝန်းများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။ ရှန်ဟွိုင်နျန်သည် ရုတ်တရက်ခေါင်းမော့ကာ သူမအား စိုက်ကြည့်လိုက်လေ၏။

“ဘာလို့လဲဆိုတော့ ကိုယ်ကဖြည်းဖြည်းချင်းသွားချင်လို့၊ ကိုယ်တို့ဆက်ဆံရေးကို ရေရှည်တည်တံ့ပြီး သဘာဝကျကျ ဖြစ်ပေါ်လာစေချင်တယ်၊ မင်းကလုံခြုံတဲ့ ခိုလှုံရာတစ်ခုလိုအပ်နေလို့ မဟုတ်သလို ရုပ်ရည်အပေါ် ခဏတာစွဲလမ်းမှုကြောင့်လည်း မဖြစ်စေချင်ဘူး”

All Chapters