← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

Ch-59

ရှဲ့လီ ဆွံ့အသွားရလေသည်။ သူမရှေ့ရှိ အမျိုးသား၏အကြည့်များမှာ မီးတောက်တစ်ခုအလား ပူပြင်းနေပြီး သူ့မျက်ဝန်းနက်များထဲတွင် အတင်းအကြပ် ဖိနှိပ်ထားသောပြင်းပြသည့်ဆန္ဒများ လှိုင်းတံပိုးအလား ရိုက်ခတ်နေခဲ့၏။ ညသန်းခေါင်ယံ အချိန်တွင် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးတည်းရှိနေသည်။

ရှဲ့လီက ကိုယ်ကိုလှိမ့်ကာ ကုတင်ပေါ်သို့ ပြန်တက်သွားလေသည်။ သူမသည် ရှန်ဟွိုင်နျန်အား စနောက်လိုရုံနှင့် သူ့ဝမ်းဗိုက်ကြွက်သားများကို ကိုင်တွယ်ကြည့်ချင်ရုံသာပင်။

သူမသည် စောင်ဖြင့်ခေါင်းမြီးခြုံထားလိုက်လေသည်။

‘ရေရှည်တည်တံ့ပြီး သဘာဝကျတဲ့ တိုးတက်မှုလား'

ရှဲ့လီ၏မက်မွန်ပွင့်ပုံစံမျက်ဝန်းများထဲတွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့၏။ ဤအမျိုးသားမှာ အတော်လေး ရိုမန့်တစ်ဆန်လှသည်။

တစ်ဖက်တွင် ပျော်ရွှင်မှုများပြည့်နှက်နေသော်လည်း အခြားတစ်ဖက်တွင်မူ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့မှာ အလွန်ချိုမြိန်နေကြသော်ငြား ရှန်ဟွိုင်ချွမ်နှင့် လင်ကျိယွင်တို့ဘက်တွင်မူ အန္တာတိကတိုက်အလား အေးစက်နေခဲ့လေသည်။

“ရှန်ဟွိုင်ချွမ် ရှင်က တကယ့်ယောကျ်ားရော ဟုတ်ရဲ့လား၊ ဒီနေ့ ကျွန်မ ရှင့်မရီးဆီက အရိုက်ခံရတာကို ဘာလို့ဝင်မကူညီတာလဲ”

လင်ကျိယွင်သည် ငယ်စဉ်ကတည်းက တစ်ကြိမ်တစ်ခါမျှ အရိုက်မခံခဲ့ဖူးပေ။ ဤစော်ကားမှုကို သူမသည်းမခံနိုင်ပေ။

ရှန်ဟွိုင်ချွမ်သည် ညိုမည်းနေသော သူ့ပေါင်တွင်းသားကို ပွတ်သပ်ရင်း မကျေမနပ်ဖြင့် ပြန်လည်ပြောဆိုလိုက်လေသည်။

“ကိုယ်က ဘယ်လိုလုပ်ကူညီရမှာလဲ၊ အစ်ကိုကြီးကို သွားရိုက်ရမှာလား၊ သူ့ခန္ဓာကိုယ်ကြီးကို မင်းမမြင်ဘူးလား၊ သူ့လက်မောင်းကြွက်သားတွေက ကိုယ့်ခေါင်းကိုတောင် ခွဲပစ်နိုင်တယ်”

“အသုံးမကျတဲ့အမှိုက်ကောင်”

လင်ကျိယွင်က နာကြည်းစွာဖြင့်ဆိုလာသည်။

သူမသည် ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့ကို လုံးဝအလွတ်ပေးမည်မဟုတ်သလို ရှန်မိသားစု၏ ပိုင်ဆိုင်မှုများအားတစ်ဝက်စီခွဲဝေမည့် အစီအစဉ်ကိုလည်း လုံးဝ လက်ခံမည်မဟုတ်ပေ။

သူမက ကိုးဆယ်ရာခိုင်နှုန်းကိုလိုချင်ပြီး ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့အတွက် အများဆုံး ဆယ်ရာခိုင်နှုန်းသာပေးမည်ဖြစ်သည်။

နောက်နေ့ နံနက်စောစောတွင် လင်ကျိယွင်သည် ရှန်ရိအန်းအား ခေါ်ဆောင်ကာ သူမမိဘအိမ်သို့ပြန်သွားခဲ့လေသည်။ ရှန်မိသားစုမှာ ထိုကိစ္စကိုသိပ်ပြီးဂရုမစိုက်ကြပေ။ အဖေရှန်နှင့် အမေရှန်တို့သည် နေ့ရက်သတ်မှတ်ခြင်း၊ ဖိတ်စာများ ပေးပို့ခြင်းနှင့် ရှန်ဟွိုင်နျန်၏ မင်္ဂလာပွဲအတွက် ပြင်ဆင်ခြင်းတို့ဖြင့် အလုပ်များနေကြလေသည်။

သူတို့သည် ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲကြီးတစ်ခုကို ကျင်းပပေးမည်ဖြစ်သည်။ ထိုရက်ပိုင်းအတွင်း အမေရှန်သည် ရှဲ့လီအားခေါ်ဆောင်ကာ ဝမ်ဖူကျင်းကုန်တိုက်သို့ သွားရောက်ပြီး မင်္ဂလာပွဲအတွက် လိုအပ်သည်များကို ဝယ်ယူခဲ့လေ၏။ သူမသည် ဤချွေးမလေးကို အတော်သဘောကျနေသည်။

သူမသားဖြစ်သူသည် တိုက်ပွဲတွင် တပ်များကို ဦးဆောင်ရာ၌ ကြမ်းတမ်းရဲရင့်သော်လည်း ဆွေမျိုးများနှင့် ဆက်ဆံရာတွင်မူ အလွန်ယဉ်ကျေးသိမ်မွေ့ပြီး နားလည်မှုရှိလွန်းလှရာ မကြာခဏဆိုသလို သူသာလျှင် နစ်နာသူဖြစ်ခဲ့ရသည်။ ယခုအခါ သူ့ဘေးတွင် ရှဲ့လီရှိနေပြီဖြစ်ရာ ထိုကိစ္စအတွက် သားဖြစ်သူနစ်နာမည်ကို သူမ စိုးရိမ်စရာမလိုတော့ပေ။

“ရှောင်လီ ဒါလေးကို ကြည့်ပါဦး၊ လှတယ်မဟုတ်လား၊ သမီးနဲ့ လိုက်မယ်ထင်တယ်၊း ဝတ်ကြည့်ပါလား”

အမေရှန်သည် မှန်ခန်းအတွင်းရှိ ကော်လံပါသော အနီရောင်အင်္ကျီလေးကို လက်ညှိုးထိုးပြလိုက်လေသည်။ မင်္ဂလာဆောင်နေ့တွင် ဝတ်ဆင်ရန် အလွန်ပင် လိုက်ဖက်လှ၏။ ကျက်သရေရှိပြီး လှပလှသည်။

ရှဲ့လီ ခေါင်းညိတ်ပြလိုက်လေသည်။

“လှတယ် မေမေ ဒါဆို သမီးသွားဝတ်ကြည့်လိုက်ဦးမယ်”

အရောင်းစာရေးမလေးက အဝတ်အစားကိုယူပေးလိုက်ပြီး ရှဲ့လီက အဝတ်လဲခန်းတွင်းသို့ ဝင်ရောက်သွားလေသည်။

သူမသည် ဒူးခေါင်းအထိရှည်သော အနက်ရောင် အထပ်တွန့်စကတ်တစ်ထည်နှင့် အစက်အပြောက်များပါသော သားရေခါးပတ်ပြားကြီးတစ်ခုကိုလည်း ရွေးချယ်လိုက်သေး၏။ အင်္ကျီအောက်နားစကို စကတ်ထဲသို့ထည့်သွင်း၍ ခါးပတ် ပတ်လိုက်သောအခါ သူမ၏ခါးသိမ်သိမ်လေးမှာ ပို၍ပင် သေးသွယ်လှပသွားသည်။

“အိုကွယ် အဲဒီခါးသိမ်သိမ်လေးက တကယ်ကိုလှတာပဲ”

ရှဲ့လီ ထွက်လာသည်နှင့်တစ်ပြိုင်နက် အဝတ်အစားလာဝယ်သော အမျိုးသမီးတစ်ဦး၏ချီးကျူးစကားကို ကြားလိုက်ရလေသည်။ အရောင်းစာရေးမလေး၏မျက်လုံးများပင် တောက်ပသွားခဲ့၏။

ရှဲ့လီသည် သူမခန္ဓာကိုယ် အချိုးအစားနှင့် ပတ်သက်၍ အလွန်ပင်ယုံကြည်မှုရှိလေသည်။ သူမသည် သွယ်လျသင့်သည့်နေရာတွင် သွယ်လျပြီး ကွေးညွတ်သင့်သည့်နေရာတွင် ကွေးညွတ်နေလေသည်။

အမေရှန်သည်လည်း ထိုဝတ်စုံကို အလွန်သဘောကျသွားပြီး ချက်ချင်းငွေရှင်းလိုက်လေ၏။

“နောက်ထပ် အစုံနည်းနည်းလောက် ထပ်ဝယ်ရအောင်၊ သမီး သဘောကျတာမှန်သမျှ အကုန်ဝယ်မယ်”

သူတို့နှစ်ဦးသည် တစ်နေ့လုံးဈေးဝယ်ထွက်ခဲ့ကြပြီး ပစ္စည်းများဝယ်ယူခဲ့ကာ ရှောင်ချီအား အိမ်သို့သယ်ဆောင်ပေးရန် အကူအညီတောင်းခဲ့ကြလေသည်။

“မေမေ ထပ်မဝယ်ပါနဲ့တော့၊ ဟွိုင်နျန်နဲ့ သမီးက ဒီမှာမင်္ဂလာပွဲလေးလုပ်ရုံပဲလေ၊ မကြာခင် လျောင်းနင်ပြည်နယ်ကို ပြန်သွားရတော့မှာ၊ ပစ္စည်းနည်းနည်းပါးပါးလောက်ဆို လုံလောက်နေပါပြီ”

သို့သော် အမေရှန်ကလက်မခံခဲ့ပေ။

“အိမ်ထောင်ပြုတယ်ဆိုတာ ဘဝရဲ့ အရေးကြီးတဲ့ ကိစ္စကြီးတစ်ခုပဲ၊ ဖြစ်သလိုလုပ်လို့မရဘူးလေ၊ ယူမသွားနိုင်ရင် သမီးတို့အခန်းထဲမှာပဲ ထားခဲ့လိုက်၊ နောက်ပြန်လာတိုင်း သုံးလို့ရတာပဲ၊ ဘာလိုအပ်ချက်မှမရှိစေရဘူး”

သူတို့အိမ်ပြန်ရောက်ချိန်တွင် မှောင်နေပြီဖြစ်သည်။ အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် လင်ကျိယွင်ပြန်ရောက်နေသည်ကို တွေ့လိုက်ရလေသည်။ အမေရှန်မှာ အံ့အားသင့်သွားခဲ့၏။

ယခင်က လင်ကျိယွင်နှင့် ရှန်ဟွိုင်ချွမ်တို့ရန်ဖြစ်ပြီး မိဘများအိမ်သို့ပြန်သွားတိုင်း သူတို့ကအကြိမ်ကြိမ် သွားရောက်ချော့မော့မှသာ သူမပြန်လာရန် သဘောတူလေ့ရှိသည်။ ယခုတစ်ကြိမ်တွင်မူ သူမအရိုက်ခံထားရပါလျက်နှင့် မည်သို့လုပ်၍ သူမဘာသာပြန်လာခဲ့သနည်း။

လင်ကျိယွင်၏မျက်နှာပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများမှာ မပျောက်ကင်းသေးသော်လည်း ဘာမျှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်နေခဲ့လေသည်။ သူမသည် ရှေ့ထွက်လာကာ အမေရှန်၏လက်ထဲမှ ပစ္စည်းများကိုယူလိုက်ပြီး ပြုံးရွှင်စွာ ပြောဆိုလိုက်လေသည်။

“အမေနဲ့ယောင်းမတို့ ပြန်ရောက်ကြပြီလား၊ လာ ထမင်းစားကြရအောင်၊ အစားအသောက်တွေအကုန် အဆင်သင့်ဖြစ်နေပြီ”

သူမ ပစ္စည်းယူကာလှည့်ထွက်သွားစဉ် မျက်ဝန်းများထဲတွင် မကောင်းဆိုးဝါးဆန်သော အငွေ့အသက်တစ်ခုဖြတ်ပြေးသွားခဲ့လေသည်။

‘ရှဲ့လီ နင် စောင့်ကြည့်နေလိုက်၊ သုံးရက်နေရင် နင့်မျက်နှာပျက်သွားအောင် ငါလုပ်ပြမယ်'

All Chapters