← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

Ch-60

သုံးရက်အကြာတွင် ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့၏မင်္ဂလာပွဲကို ကျင်းပခဲ့လေသည်။

“ဒီလိုပုံစံလေးက တော်တော်လှတယ်၊ ပန်းအနီလေးနှစ်ပွင့်လောက် ထိုးလိုက်ကြရအောင်”

အမေရှန်သည် အရာအားလုံးကိုစီမံခန့်ခွဲရင်း အလွန်ပင်အလုပ်များနေခဲ့၏။ သူမ၏ဒုတိယမြောက်အဒေါ်သည် ဆံပင်ပုံသွင်းရာတွင် အလွန်ကျွမ်းကျင်သူဖြစ်ပြီး ယခုအခါ ရှဲ့လီ၏ဆံပင်ကို ပုံသွင်းပေးနေလေသည်။

“ချိုးကျင်းရေ၊ နင့်ရဲ့အကြီးဆုံးချွေးမကို ကြည့်ပါဦး အရမ်းလှတာပဲ၊ ဟွိုင်နျန်နဲ့ တကယ့်ကို လိုက်ဖက်တဲ့စုံတွဲပဲ”

ဒုတိယမြောက်အဒေါ်သည် ဆံပင်ကို သေချာပုံသွင်းပေးရင်း ရှဲ့လီ၏အလှကို ချီးကျူးကာ လက်များရော ပါးစပ်ပါ မအားလပ်အောင် ဖြစ်နေခဲ့လေသည်။

“ဟားဟား ကျွန်မရဲ့ဟွိုင်နျန်လေး ကံကောင်းတာကိုး”

အမေရှန်မှာ အလွန်ပျော်ရွှင်နေပြီး အပြုံးများကို မထိန်းချုပ်နိုင်အောင် ဖြစ်နေခဲ့၏။ ရှဲ့လီသည် မှန်တင်ခုံရှေ့တွင်ထိုင်ကာ မှန်ထဲရှိ မိမိကိုယ်ကို ကြည့်နေခဲ့သည်။

ဘဲဥပုံ မျက်နှာသွယ်သွယ်နှင့် မက်မွန်ပွင့် မျက်ဝန်းတစ်စုံ၊ မြင့်မားဖြောင့်စင်းပြီး လှပသော နှာတံလေးနှင့် မိတ်ကပ်မပါဘဲ သဘာဝအတိုင်း နီရဲကာ အနည်းငယ် ပင့်တက်နေသော နှုတ်ခမ်းအစုံ

ယနေ့တွင် သူမသည် ထူးထူးခြားခြား လှပနေခဲ့လေသည်။ လက်ရှိအခြေအနေမှာ အလွန်တင်းမာနေခဲ့၏။ ရှန်မိသားစုသည် ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲတစ်ခုကို ကျင်းပလိုသော်လည်း အလွန်အမင်း ထင်ပေါ်ကျော်ကြားလွန်းအောင်မလုပ်ရဲကြပေ။

ရင်းနှီးသော မိတ်ဆွေများနှင့် ဆွေမျိုးများကိုသာဖိတ်ကြားခဲ့ပြီး ဆံပင်ပုံစံကိုပင် နိုင်ငံရေးဆိုင်ရာတံဆိပ်ကပ်ခံရမည်ကို စိုးရိမ်သဖြင့် ရိုးရှင်းစွာပြင်ဆင်ခဲ့ရသည်။

ဒုတိယမြောက်အဒေါ်သည် ရှဲ့လီ၏ဆံပင်ကို အနောက်ဘက်တွင် ရိုးရှင်းစွာ ထုံးဖွဲ့ပေးပြီး ပန်းအနီရောင်လေးနှစ်ပွင့်ကိုသာ ထိုးပေးခဲ့လေသည်။

“အမေ ဦးလေးတို့ရောက်နေပြီ၊ သွားကြည့်လိုက်ဦးနော်”

ရှန်ဟွိုင်နျန်သည် စိတ်လှုပ်ရှားစွာဖြင့် အခန်းတွင်းသို့ ဝင်လာခဲ့လေသည်။

အမေရှန်မှာ ပြုံးလိုက်မိ၏။ သူမသားအကြီးဆုံးသည် အမြဲတမ်း တည်ငြိမ်သူဖြစ်ပြီး ဤကဲ့သို့ ကပျာကယာဖြစ်နေသည်ကို သူမ မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။

အမေရှန် အပြင်သို့ထွက်သွားပြီးနောက် ရှန်ဟွိုင်နျန်ကျန်ရစ်ခဲ့လေသည်။ သူသည် မှန်ထဲရှိ ရှဲ့လီ၏မျက်နှာလေးကို ငေးကြည့်နေမိ၏။ ရှဲ့လီသည် နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးလိုက်ပြီး စတင်၍ ဆွဲဆောင်တော့သည်။

“ကျွန်မ လှရဲ့လား”

“လှ... လှတယ်... မင်း လှပါတယ်”

ရှန်ဟွိုင်နျန်သည် အကြည့်များကို အောက်ချလိုက်ပြီး နှုတ်ခမ်းတင်းတင်းစေ့ကာ ဖြေကြားပြီးသည်နှင့် အလျင်အမြန်ပင် လှည့်ထွက်သွားလေတော့သည်။

ရှဲ့လီသည် ကြိတ်ရယ်လိုက်လေ၏။

‘ဟီးဟီး ပျော်စရာကြီးပဲ၊ သူ့ကို စနောက်ရတာကို ငါသဘောကျတယ်၊ ဒီလိုမျိုး ခဏခဏလုပ်ဦးမှ'

အစားအသောက်များမတည်ခင်းမီ ရှန်ဟွိုင်နျန်သည် ရှဲ့လီအား စားပွဲဝိုင်းတိုင်းသို့ ခေါ်ဆောင်သွားပြီး အရက်ခွက်များဖြင့် ဂုဏ်ပြုကာမိတ်ဆက်ပေးခဲ့လေသည်။

“ဦးလေးကြီး”

“ဦးလေးလတ်”

“တတိယအဒေါ်”

ရှဲ့လီသည် အလွန်ဝမ်းသာအားရဖြင့် သူတို့အား နှုတ်ဆက်ခေါ်ဆိုလိုက်လေသည်။ လူတိုင်းသည် အရက်ခွက်များကို ကိုင်ဆောင်ကာ မင်္ဂလာမောင်နှံအား ပြုံးရွှင်စွာဖြင့် ဆုမွန်ကောင်းများ တောင်းပေးကြလေသည်။

အဘိုးရှန်သည်လည်း ရောက်ရှိလာပြီး ပင်မစားပွဲဝိုင်း၏ထိပ်ဆုံးတွင် ဝင်ထိုင်လေသည်။

“ရှောင်လီ မင်းအဘိုးနဲ့ ငါက မိတ်ဆွေဟောင်းတွေပါကွယ်၊ မင်းအဘိုးက ဟွိုင်နျန်ရဲ့အသက်ကိုတောင် ကယ်တင်ခဲ့ဖူးတယ်၊ အခုကစပြီး ရှန်မိသားစုမှာ ဘယ်သူကမှ မင်းကိုအခက်တွေ့အောင် လုပ်ရဲမှာမဟုတ်ဘူး၊ ဟွိုင်နျန်တောင် မလုပ်ရဲဘူး၊ သူ မင်းကိုအနိုင်ကျင့်ရဲရင် ငါ့ဆီလာခဲ့၊ သူ့ကိုရိုက်ပြီး မင်းဘက်ကရပ်တည်ပေးမယ်”

အဘိုးရှန်သည် ဆံပင်များဖြူဖွေးနေပြီး ကြင်နာတတ်သော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထား၏။ သူ့စကားပြောဆိုပုံမှာ အလွန်ပင် ဖော်ရွေပြီး နူးညံ့သိမ်မွေ့လှသည်။ သူသည် အလွန်သဘောကောင်းသူ ဖြစ်လေသည်။

ရှဲ့လီသည် အဘိုးရှဲ့ကိုသတိရသွားသောကြောင့် မျက်ဝန်းများနီရဲလာခဲ့၏။ သူတို့နှစ်ဦးမှာ မိတ်ဆွေဟောင်းများဖြစ်ကြသော်လည်း စရိုက်လက္ခဏာများမှာမူ လုံးဝကွဲပြားခြားနားကြလေသည်။

တစ်ဦးမှာ ခက်ထန်ပြီး ခန့်ညားသော်လည်း အခြားတစ်ဦးမှာမူ ကြင်နာပြီး နူးညံ့သိမ်မွေ့လေသည်။

“ဟုတ်ကဲ့ပါ အဘိုး”

ရှဲ့လီက ကျယ်လောင်စွာပြန်လည်ဖြေကြားလိုက်လေ၏။

အဘိုးရှန်သည် ရှဲ့လီထံမှ မျက်လုံးမခွာနိုင်သော မြေးဖြစ်သူကိုကြည့်ကာ ဤအိမ်ထောင်ရေးသည် မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း သိရှိလိုက်လေသည်။

အဘိုးကြီးရှဲ့ သူ့ထံသို့ဖုန်းဆက်ကာ ရှန်ဟွိုင်နျန်၏အသက်ကို ကယ်တင်ခဲ့မှုနှင့် သူတို့ ပေါ့ပေါ့ပါးပါးပြုလုပ်ခဲ့သော စေ့စပ်ထားမှုအကြောင်းကို ပြောပြလာစဉ်ကတည်းက ရှဲ့မိသားစုတွင် တစ်စုံတစ်ခုဖြစ်ပျက်နေပြီဖြစ်ကြောင်းကို သူ သိရှိခဲ့သည်။

ရှဲ့မိသားစုမှာ အရင်းရှင်ကြီးများဖြစ်ပြီး ဤလှုပ်ရှားမှုတွင် သေချာပေါက် ဖယ်ရှားခံရပေမည်။ အဘိုးကြီးရှဲ့သည် သူ့မြေးမလေးကို ကာကွယ်ရန်အတွက် လွန်ခဲ့သောနှစ်များစွာက အသက်ကယ်ခဲ့သော ကျေးဇူးတရားကို အသုံးချခဲ့ခြင်းဖြစ်သည်။

ကျေးဇူးတရားဆိုသည်မှာ ပြန်လည်ပေးဆပ်ရမည်သာဖြစ်သည်။ အဘိုးရှန်သည် ဤအရာက ရှန်ဟွိုင်နျန်အတွက် မတရားဟု ခံစားမိသော်လည်း သူ့အသက်ကို ကယ်တင်ခဲ့ခြင်းဖြစ်ရာ သူသာလျှင် ပြန်လည်ပေးဆပ်သင့်သည်ဟု ယူဆခဲ့၏။ သို့သော် ယခုအခါ ဤအိမ်ထောင်ရေးမှာ အလွန်ကောင်းမွန်ပုံရပြီး သူ့မြေးဖြစ်သူကလည်း သူမအား အလွန်သဘောကျနေသည်ကို တွေ့ရလေသည်။

လင်ကျိယွင်နှင့် ရှန်ဟွိုင်ချွမ်တို့သည် အနီးအနားတွင် ထိုင်နေကြ၏။ ရှန်ဟွိုင်ချွမ်သည် ခေါင်းငုံ့ကာ အားပါးတရစားသောက်နေပြီး သူစားနေစဉ် သားဖြစ်သူအတွက်လည်း ဟင်းများခပ်ထည့်ပေးနေခဲ့သည်။ သို့သော် လင်ကျိယွင်မှာမူ ဘာမျှမစားနိုင်ခဲ့ပေ။

‘ငါခေါ်ထားတဲ့လူတွေက ဘယ်ရောက်နေတာလဲ၊ ဘာလို့ အခုထိမရောက်လာသေးတာလဲ၊ မင်္ဂလာပွဲကတောင် ပြီးတော့မယ်'

မင်္ဂလာပွဲကျင်းပရာနေရာ၏ အပြင်ဘက်တွင် ရှောင်ချီသည် သနားစရာကောင်းစွာဖြင့် တံခါးစောင့်လုပ်နေရလေသည်။

သူ့တပ်မှူးက ယနေ့တွင်ဖိတ်ကြားမထားသော ဧည့်သည်များရောက်လာလိမ့်မည်ဖြစ်ပြီး သူတို့မင်္ဂလာပွဲကို အနှောင့်အယှက်မဖြစ်စေရန်အတွက် သူတို့ကို တားဆီးကာပြန်လွှတ်ရန် သူ့အား မှာကြားထားခဲ့ခြင်းဖြစ်သည်။

ရှောင်ချီ၏မျက်လုံးများမှာ ကြေးခေါင်းလောင်းများအလား ပြူးကျယ်နေခဲ့၏။ သူ့တပ်မှူးလက်ထပ်သည်ဆိုသည်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။

လုံးဝပျက်စီးခံ၍ မဖြစ်ပေ။ သို့မဟုတ်ပါက သူသည် ကိုယ်ရေးအရာရှိအဖြစ်မှ နုတ်ထွက်လိုက်ရုံသာရှိတော့မည်။ သူ့တပ်မှူးမှာ အငြိုးကြီးလွန်းလှရာ သူ့ကို သေချာပေါက် သတ်ပစ်မည့်နည်းလမ်းကိုပင် ရှာဖွေလောက်ပေသည်။

သူ့တပ်မှူး ထင်ထားသည့်အတိုင်းပင်။

ပွဲစပြီး တစ်ဝက်ခန့်အကြာတွင် လက်မောင်းတွင် အနီရောင်ကြိုးများပတ်ထားသော လူတစ်စုသည် တင်းမာသော မျက်နှာများဖြင့် လျှောက်လာကြလေသည်။

ခေါင်းဆောင်ဖြစ်သူသည် အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး လေသံမာမာဖြင့် မေးမြန်းလိုက်လေသည်။

“ရှဲ့လီ အထဲမှာရှိလား၊ ကျွန်တော်တို့ဆီကို တိုင်ကြားစာရောက်လာတယ်၊ ရှဲ့လီက ရှန်ဟိုင်းမြို့က အရင်းရှင်ရှဲ့မိသားစုနဲ့ ပတ်သက်ပြီး ရှုပ်ထွေးတဲ့နိုင်ငံရေးနောက်ခံရှိနေတယ်၊ အဖွဲ့အစည်းရဲ့ ပညာပေးမှုကိုခံယူရမယ့်အစား ဒီကိုလာပြီး ခမ်းနားတဲ့မင်္ဂလာပွဲကို ကျင်းပနေတယ်လို့သိရတယ်”

ထိုအမျိုးသားသည် သူ့ရင်ဘတ်အိတ်ကပ်ထဲမှ တိုင်ကြားစာတစ်စောင်ကို ဆွဲထုတ်လိုက်လေ၏။

“ဒီစာထဲမှာ ရှဲ့လီကရှန်ဟိုင်းမြို့က အရင်းရှင်ကြီး ရှဲ့မိသားစုကဖြစ်ပြီး အရင် ရှန်ဟိုင်းမြို့ကအရင်းရှင်ကြီးဖြစ်တဲ့ ဖေ့မိသားစုထဲကို လက်ထပ်ဝင်ရောက်ခဲ့ဖူးတယ်လို့ပါတယ်၊ အခုကျတော့ မြို့တော်ကိုလာပြီး လက်ထပ်နေပြန်ပြီတဲ့လား၊ စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့နဲ့ သူလိုက်ခဲ့ရမယ်”

All Chapters