အခန်း ၆၁
Vol. 7 Ch. 61
Ch-61
ဤကဲ့သို့ အင်အားပြမှု
ဤကဲ့သို့ လေသံမျိုး
သာမန်လူများဆိုလျှင် ကြောက်လန့်လွန်းသဖြင့် သတိလစ်သွားလောက်ပြီ ဖြစ်သည်။ ရှောင်ချီမျက်နှာမှာမူ အေးစက်သွားလေ၏။ တော်လှန်ရေးကော်မတီက အရာရှိတစ်ယောက်ကို မဆိုထားနှင့် သူသည် တပ်မှူးနှင့်လိုက်ပါသွားစဉ် ခေါင်းဆောင်ကြီးများကိုပင် မြင်တွေ့ဖူးခဲ့သည်။
ယခင်က သူ့တပ်မှူးဦးဆောင်ခဲ့သော ဝါဟာဆိုင်းပင်လယ်ပြင်တိုက်ပွဲမှာ ပြည်တွင်းတွင်သာမက ပြည်ပမှာပါ နာမည်ကြီးလှသည်။ ထိပ်တန်း ခေါင်းဆောင်ကြီးများပင် ကိုယ်တိုင်ဆင်းလာကာ သူ့တပ်မှူးအား ဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြသေး၏။
တပ်မှူးသည် အသက်ငယ်ရွယ်လွန်းသောကြောင့်သာ တပ်မှူးရာထူးဖြင့်ရှိနေခြင်းဖြစ်ပြီး မဟုတ်ပါက သူ့ရာထူးမှာ ယခုထက် များစွာမြင့်မားနေမည်ဖြစ်သည်။
“ခဏလောက် စောင့်ပါဦး”
ရှောင်ချီ၏သြဇာအာဏာအပြည့်ပါသောအသံမှာ သုံးမီတာခန့်အထိ ပြန့်နှံ့သွားကာ လက်ပတ်နီပတ်ထားသူများကို တားဆီးရန် လက်ကိုမြှောက်လိုက်လေသည်။
အရာရှိဝတ်စုံဝတ် လက်ပတ်နီဝတ်ထားသူများ၏ ခေါင်းဆောင်မှာ ရှောင်ချီ၏ သြဇာအာဏာကြောင့် လန့်သွားခဲ့ရ၏။
သူသည် အံ့အားသင့်သွားပြီး သူ့ရှေ့ရှိ ချောမောသော လူငယ်လေးကိုကြည့်ကာ ရှောင်ချီ၏အဆင့်အတန်းကို တစ်ခဏမျှ အကဲမဖြတ်နိုင်အောင်ဖြစ်သွားခဲ့ရသည်။
ရှောင်ချီသည် ရှန်ဟွိုင်နျန်ကြိုတင်ပေးထားသော ရှဲ့လီ၏မိသားစုနှင့် အဆက်အသွယ်ဖြတ်ထားကြောင်း သတင်းစာဖြတ်ပိုင်းနှင့် သူတို့လက်ထပ်ခွင့်လျှောက်လွှာတို့ကို ထုတ်ပြလိုက်လေသည်။
ထိုစာရွက်ပေါ်တွင် စစ်တပ်၏ တရားဝင်တံဆိပ်တုံးကို ရှင်းရှင်းလင်းလင်း ရိုက်နှိပ်ထားပြီး ရှန်ဟွိုင်နျန်၏ရာထူးကိုလည်း အတိအကျ ရေးသားထားလေသည်။ လက်ပတ်နီအဖွဲ့ခေါင်းဆောင်မှာ မှင်သက်သွားခဲ့၏။
‘အဆက်အသွယ်ဖြတ်ပြီးသားလား’
‘စစ်တပ်အိမ်ထောင်ရေးတဲ့လား’
ထိုအမျိုးသားသည် လက်သီးများကို တင်းကြပ်စွာဆုပ်ထားလိုက်ပြီး သူ့သွားများမှာ အံကြိတ်လွန်းသဖြင့် ကြေမွလုမတတ် ဖြစ်သွားခဲ့ရလေသည်။
‘သောက်ချီးပဲ သောက်ကောင်’
‘ပိုက်ကွန်ထဲကနေ လွတ်မြောက်လာတဲ့ အရင်းရှင်သခင်မတစ်ယောက်ရှိနေပြီး သူ့ကိုဖမ်းမိရင် အဖွဲ့အစည်းက ငါ့ကို သေချာပေါက် ချီးကျူးလိမ့်မယ်လို့ မင်း ငါ့ကိုပြောခဲ့တာလေ'
‘ဒါပေမဲ့ သူက မိသားစုနဲ့ အဆက်အသွယ်ဖြတ်ပြီးသားဆိုတာရော၊ ဒါက စစ်တပ်အိမ်ထောင်ရေးဆိုတာကိုရောကျ မပြောခဲ့ဘူး၊ ပြီးတော့ သူက တပ်မှူးတစ်ယောက်ကိုတောင် လက်ထပ်ထားတာတဲ့လား'
‘စစ်တပ်အိမ်ထောင်ရေးကို ဖျက်ဆီးရမှာလား ငါ မသေချင်သေးဘူး’
အရာရှိဝတ်စုံဝတ် လက်ပတ်နီအဖွဲ့ခေါင်းဆောင်သည် ဒေါသများကို မျိုသိပ်လိုက်ပြီး ရှောင်ချီအား ယဉ်ကျေးစွာဖြင့်ပြောလိုက်လေသည်။
“တကယ် တောင်းပန်ပါတယ်ဗျာ၊ တကယ်ကို တောင်းပန်ပါတယ်”
သူသည် သူ့လူများကိုခေါ်ကာ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။ တံခါးဝရှိ ဤရဲဘော်လေးကြောင့်သာ တော်သေး၏။
သို့မဟုတ်ပါက သူ အကြီးအကျယ် ဒုက္ခရောက်တော့မည်ဖြစ်သည်။
အရက်ခွက်များဖြင့် ဂုဏ်ပြုပြီးနောက် ရှဲ့လီသည် အားပါးတရစတင်စားသောက်လေတော့၏။ ပုံမှန်အားဖြင့် သူမသည် အခြားသူများ၏မင်္ဂလာပွဲများတွင်သာ စားသောက်ရလေ့ရှိပြီး ယနေ့တွင်မူ သူမမင်္ဂလာပွဲတွင် စားသောက်နေရခြင်းဖြစ်သည်။ သူမသည် လုံးဝ အားမနာတော့ပေ။
တံခါးဝတွင် မည်သည့်အရာများဖြစ်ပျက်သွားသည်ကို သူမလုံးဝမသိရှိခဲ့ပေ။ ကြက်ပေါင်တစ်ချောင်းကို ပျော်ရွှင်စွာ ကိုက်စားနေခဲ့၏။
“ဒါလေးလည်း မင်းအတွက်ပဲ”
ရှန်ဟွိုင်နျန်သည် အခြားကြက်ပေါင်တစ်ချောင်းကိုဆွဲဖြဲလိုက်ပြီး ရှဲ့လီ၏ အခြားလက်တစ်ဖက်ထဲသို့ အတင်းထည့်ပေးလိုက်လေသည်။
“အင်း ဒီလိုလေ၊ ကျွန်မက ငယ်ငယ်ကတည်းက ကိုယ်ခံပညာနည်းနည်းပါးပါးသင်ထားတော့ အစားအသောက်က သာမန်မိန်းကလေးတွေထက် နည်းနည်းလေးပိုများတယ်”
ရှဲ့လီသည် သူမအများကြီးစားမိသွားပြီဟု ခံစားလိုက်ရပြီး အနည်းငယ် ယဉ်ကျေးသိမ်မွေ့ဟန် ဟန်ဆောင်သင့်မဆောင်သင့် စဉ်းစားနေမိ၏။
“သိပ်မများပါဘူး၊ နည်းနည်းလေးစားတာက ကံမကောင်းတတ်ဘူး၊ မင်းက ဒီလိုပုံစံလေးနဲ့မှ ပိုပြီးကံကောင်းမယ့်ပုံ ပေါက်တာ”
သူ့ပြောဆိုပုံမှာ အလွန်ပင်ရိုးသားဖြူစင်လှသဖြင့် ရှဲ့လီအနေဖြင့် ယုံကြည်သွားကာ ကြက်ပေါင်ကိုသာ ဆက်ကိုက်နေလိုက်လေသည်။
ရှောင်ချီသည် လူအုပ်ကြားထဲမှတိုးထွက်လာပြီး ရှန်ဟွိုင်နျန်၏နားနားကပ်ကာ စကားအချို့တီးတိုးပြောဆိုလိုက်လေ၏။
လင်ကျိယွင်သည် ရှန်ဟွိုင်နျန်က သူမအားစိုက်ကြည့်နေသည်ကို ရုတ်တရက်ခံစားလိုက်ရသဖြင့် ကြက်သီးများပင် ထသွားခဲ့ရ၏။
‘ဘာတွေများ ဖြစ်နေတာလဲ'
လွန်ခဲ့သော ရက်အနည်းငယ်က သူမအရိုက်ခံရပြီးနောက် မိဘများအိမ်သို့ ပြန်သွားကာ တိုင်တန်းခဲ့လေသည်။ အမေလင်မှာ အလွန်ဒေါသထွက်သွားပြီး ရှန်မိသားစုနေအိမ်သို့ သွားရောက်ကာ ချက်ချင်းပြဿနာရှာရန် ပြင်ဆင်နေသော်လည်း အဖေလင်ကတားဆီးလိုက်လေသည်။
“ရှောင်ယွင်က အခုရှန်မိသားစုရဲ့ ချွေးမဖြစ်နေပြီ၊ ဆက်ဆံရေးပျက်စီးသွားအောင် လုပ်လို့မကောင်းဘူးလေ၊ နောင်တစ်ချိန် ပြန်တွေ့တဲ့အခါ မျက်နှာပူစရာမဖြစ်အောင် နေသင့်တယ်၊ ပြီးတော့ ရှောင်ယွင်က အရင်သွားပြီး ရန်စတာ မဟုတ်ဘူးလား”
ထို့နောက် အဖေလင်သည် လင်ကျိယွင်ဘက်သို့လှည့်ကာ ပြောဆိုလိုက်လေ၏။
“ရှောင်ယွင် စိတ်မပူပါနဲ့၊ အဖေ အဲဒီရှဲ့လီကိုနှိမ်နင်းဖို့ နည်းလမ်းရှာပေးပါ့မယ်၊ အနည်းဆုံးတော့ သူမ မင်္ဂလာပွဲ သာသာယာယာမဖြစ်အောင်တော့ လုပ်ပေးပါ့မယ်”
သူသည် တော်လှန်ရေးကော်မတီ၏ နိုင်ငံရေးအလုပ်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကျောင်းနေဖက်သူငယ်ချင်းဟောင်း ကျန်းချန်ထံသို့ သွားရောက်တွေ့ဆုံခဲ့သည်။
အဖေလင်သည် ကျန်းချန်အား အမှန်တစ်ဝက် အမှားတစ်ဝက်ဖြင့် ရှဲ့လီသည် အရင်းရှင်သခင်မလေးဖြစ်ပြီး ယခင်က အရင်းရှင်တစ်ဦး၏သားနှင့် လက်ထပ်ခဲ့ဖူးကြောင်း ပြောပြခဲ့လေသည်။
ကျန်းချန်မှာ အောင်မြင်မှုများရရှိလိုသူဖြစ်ရာ ရှဲ့လီအား စစ်ဆေးမေးမြန်းရန်အတွက် သေချာပေါက် သွားရောက်ဖမ်းဆီးပေလိမ့်မည်။
အချိန်ကျလာပါက မင်္ဂလာပွဲကျင်းပနေစဉ်အတွင်း ရှဲ့လီဖမ်းဆီးခေါ်ဆောင်ခံရမည်ဖြစ်ပြီး ထိုအခါ သူတို့သည် ရှဲ့လီမှာ အသုံးပြုပြီးသားပစ္စည်းဟောင်းတစ်ခုဖြစ်ကြောင်းနှင့် အရင်းရှင်တစ်ဦးဖြစ်ကြောင်း ကောလာဟလများဖြန့်ဝေကြမည်ဖြစ်သည်။
ရှန်မိသားစုမှာ မျက်နှာပျက်ရမည်ဖြစ်ပြီး သူမလည်း အေးဆေးနေရမည် မဟုတ်ချေ။ ဤနည်းအားဖြင့် သူတို့သည် သူတို့သမီးကို ပြဿနာထဲမှ ကင်းဝေးစေပြီး ဘေးမှနေ၍သာစောင့်ကြည့်နေနိုင်ပေလိမ့်မည်။
‘မင်္ဂလာပွဲ ပြီးဆုံးသွားလေပြီ'
တစ်မိသားစုလုံး အိမ်သို့ပြန်ရောက်လာကြ၏။ တံခါးကို ဖြတ်ကျော်ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ရှန်ဟွိုင်နျန် မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့လေတော့သည်။