← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

Ch-62

“ဒီနေ့ တော်လှန်ရေးကော်မတီက လူတွေကို မင်းခေါ်လိုက်တာလား”

ရှန်ဟွိုင်နျန် နောက်လှည့်ကာ အေးစက်စွာပြောလိုက်လေသည်။

“လင်ကျိယွင်”

အဖေရှန်၊ အမေရှန်နှင့် ရှန်ဟွိုင်ချွမ်တို့ အားလုံးမှာ အံ့အားသင့်သွားကြသော်လည်း ဆိုဖာပေါ်တွင်ထိုင်ကာ ပြဇာတ်ကိုကြည့်ရှုရန် အသင့်ဖြစ်နေသော ရှဲ့လီမှာမူ မည်သည့်ခံစားချက်ကိုမျှမပြသခဲ့ပေ။

ရှန်ဟွိုင်နျန်၏ စူးရှသောအကြည့်အောက်တွင် လင်ကျိယွင်သည် လည်ချောင်းများခြောက်သွေ့လာပြီး နှလုံးခုန်မြန်လာသော်ငြား မိမိကိုယ်ကို တည်ငြိမ်အောင် ဟန်ဆောင်ကာ ပြန်လည်ဖြေကြားလိုက်လေသည်။

“အစ်ကိုကြီး ဘာတွေပြောနေတာလဲ”

ရှန်ဟွိုင်နျန် အပေါ်ထပ်သို့တက်သွားလေ၏။ လင်ကျိယွင်မှာ သက်ပြင်းချလိုက်နိုင်ရုံသာရှိသေးချိန်တွင် ရှောင်ချီက အထုပ်အပိုးများသယ်ဆောင်ကာ အောက်ထပ်ဆင်းလာသည်ကို မြင်တွေ့လိုက်ရပြီး သူ့အနောက်တွင်လည်း ရှန်ဟွိုင်နျန်က ပစ္စည်းများကိုကိုယ်တိုင် သယ်ဆောင်ကာလိုက်ပါလာခဲ့လေသည်။

‘သူတို့က ထွက်သွားချင်နေတာလား'

‘ဟွန့်’

လင်ကျိယွင် စိတ်ထဲမှလှောင်ပြုံးပြုံးလိုက်လေသည်။

‘ဒီရှန်ဟွိုင်နျန်က ထင်ထားသလောက် ကြောက်စရာမကောင်းဘူးပဲ၊ လက်သီးပြင်းတာကလွဲရင် အိမ်မှာနည်းနည်းပါးပါး စိတ်ဆိုးတာနဲ့ ထွက်ပြေးချင်နေတာပဲလား'

‘သွားလေ ထွက်သွားလိုက်'

သူ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမသည် သားကောင်အဖြစ် ဟန်ဆောင်ကာ ရှန်ဟွိုင်နျန်က သူမအားအသရေဖျက်သွားသည်ဟု ပြောဆိုလိုက်မည်သာ။

*ခွမ်း ဝုန်း ဒိုင်း*

ရှောင်ချီနှင့် ရှန်ဟွိုင်နျန်တို့သည် သူတို့လက်ထဲရှိအထုပ်အပိုးများအားလုံးကို တံခါးအပြင်ဘက်သို့ ပစ်ထုတ်လိုက်ကြလေသည်။

ရှန်ဟွိုင်နျန်သည် အိမ်ထဲသို့ပြန်လှည့်လာပြီးနောက် မှင်သက်နေသော မိသားစုဝင်များ၏အကြည့်များအောက်တွင် မေးပင့်ကာ လင်ကျိယွင်အား လက်ညှိုးထိုးပြလိုက်လေသည်။

“မင်း အခုချက်ချင်းထွက်သွားတော့”

လင်ကျိယွင် ဆွံ့အသွားရလေသည်။ သူမ လှည့်ကြည့်လိုက်သောအခါ အပြင်သို့ပစ်ထုတ်ခံလိုက်ရသော ခရီးဆောင်အိတ်များအားလုံးမှာ သူမပစ္စည်းများသာဖြစ်နေသည်ကို သတိပြုမိသွားလေသည်။

“အစ်ကိုကြီး ဘာလုပ်နေတာလဲ”

ရှန်ဟွိုင်ချွမ်သည် လင်ကျိယွင်အား ကာကွယ်ရန် ရှေ့ထွက်လာသော်လည်း နောက်ထပ်စကားတစ်ခွန်းမျှ မပြောနိုင်မီမှာပင် ရှန်ဟွိုင်နျန်က ဖြတ်ပြောလိုက်လေ၏။

“မလောပါနဲ့၊ အဲဒီအထဲမှာ မင်းရဲ့ပစ္စည်းတွေလည်း ပါတယ်၊ မင်းလည်းထွက်သွား”

ရှန်ဟွိုင်ချွမ်မှာ ကြောင်တောင်တောင် ဖြစ်သွားရ၏။ အဖေရှန်နှင့် အမေရှန်တို့မှာလည်း နားမလည်နိုင်စွာဖြင့် ကြားဝင်ဖြန်ဖြေရန် ရှေ့ထွက်လာကြလေသည်။

“ဟွိုင်နျန် အမေတို့က မိသားစုတွေလေ၊ ဒီလိုလုပ်တာက...”

“နောက်တစ်ခွန်းထပ်ပြောရင် အဖေတို့လည်း ထွက်သွားရမယ်”

အဖေရှန်နှင့် အမေရှန်တို့ ဆွံ့အသွားကြလေသည်။ ဘေးတွင် ရပ်နေသော ရှောင်ချီက ခေါင်းကုတ်လိုက်လေသည်။

သူ့တပ်မှူးအိမ်နှင့် ကင်းကွာနေသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ရာ မိသားစုဝင်များက သူ့အားကောင်းကောင်းမဆက်ဆံကြတော့ဘဲ ‌ပြောရလွယ်လွန်းသည် တွေးထင်နေကြသလားဟု သူ တွေးတောနေမိ၏။

‘ဟူး...’

ရှောင်ချီ သက်ပြင်းတစ်ချက်ချလိုက်လေသည်။ ရှန်ဟွိုင်နျန် ရေတပ်ဝန်ကြီးဌာနတွင် နာမည်ကြီးရခြင်း၏ အကြောင်းရင်းမှာ တိုက်ခိုက်ရေးကျွမ်းကျင်ရုံသာမက အရူးတစ်ယောက်ဖြစ်သောကြောင့်လည်း ဖြစ်လေသည်။

သူ့တပ်မှူး၏တွေးခေါ်ပုံမှာ သာမန်လူများနှင့် လုံးဝကွဲပြားခြားနားလေသည်။ သူ မည်သည့်အရာများ တွေးနေသည်ကို မည်သူကမျှအကဲမဖြတ်နိုင်ကြပေ။

ထို့အပြင် သူသည် သူ့လူများကို အလွန်အမင်း ကာကွယ်တတ်သူလည်း ဖြစ်သည်။ ယခင်က လက်အောက်ငယ်သားတစ်ဦး အကောက်ကြံခံရစဉ်က လူတိုင်းမှာ သူ၏ကာကွယ်တတ်သော အကျင့်ကြောင့် ထိုသူ့ရုံးခန်းကိုသွားရောက်ဖျက်ဆီးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း သူ့တပ်မှူးသည် ဘာမျှမလုပ်ခဲ့ပေ။

ဤကိစ္စပြီးဆုံးသွားပြီဟု လူတိုင်းက ထင်မှတ်နေချိန်တွင် ထိုသူ့ရုံးခန်းတစ်ခုလုံး ရုတ်တရက်ပေါက်ကွဲသွားခဲ့လေသည်။ ရှန်ဟွိုင်နျန်သည် ကိုယ်တိုင်ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုသူသည် ယမ်းမှုန့်များကို တရားမဝင်သိုလှောင်ထားကြောင်း ဖော်ထုတ်နိုင်ခဲ့ကာ ချက်ချင်းပင် ဖမ်းဆီးနိုင်ခဲ့လေ၏။

ဤဖြစ်ရပ်ကြောင့် သူ့လက်အောက်ငယ်သားမှာ အပြစ်ကင်းရှင်းကြောင်း သက်သေပြနိုင်ရုံသာမက အကောက်ကြံခဲ့သူကိုပါ လုံးဝဖယ်ရှားနိုင်ခဲ့လေသည်။ သို့သော် ရေတပ်ဝန်ကြီးဌာနရှိလူတိုင်းက ထိုရုံးခန်းကို ဖောက်ခွဲခဲ့သူမှာ ရှန်ဟွိုင်နျန်ဖြစ်ကြောင်း သိရှိထားကြလေသည်။

သူသည် စုံစမ်းစစ်ဆေးဖို့ရာ အခွင့်အရေးတစ်ခု ဖန်တီးရန်အတွက်သာ ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ တပ်မှူး၏ရုံးခန်းကို ဖောက်ခွဲရန်မှာ သူတစ်ဦးတည်းသာ ရဲရဲတင်းတင်း လုပ်ဆောင်ဝံ့မည့် ကိစ္စရပ်ပင်ဖြစ်ပေသည်။

“အစ်ကိုကြီး ကျွန်မ ဘာလုပ်လို့လဲ၊ အဖေနဲ့ အမေက အစ်ကိုကြီးကို မျက်နှာသာပေးတိုင်း အစ်ကိုကြီးက ဒီလောက်တောင် အာဏာရှင်ဆန်လို့မရဘူးလေ”

လင်ကျိယွင်၏မျက်ဝန်းများ နီရဲလာခဲ့၏။ တစ်ဖက်တွင် သူမသည် အမှန်တကယ်ပင်ကြောက်လန့်လွန်းသဖြင့် မျက်ရည်များကျလာခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင်မူ အဖေရှန်နှင့် အမေရှန်တို့မြင်စေရန် တမင်သက်သက် ငိုကြွေးပြနေခြင်းဖြစ်သည်။

“ဟွိုင်နျန် ရှောင်ယွင်က...”

“ပါးစပ်ပိတ်ထားလိုက်”

ရှန်ဟွိုင်နျန်သည် အဖေရှန်နှင့် အမေရှန်တို့အား တစ်ချက်ကြည့်လိုက်ရာ သူတို့နှစ်ဦးလုံး ပါးစပ်ပိတ်သွားခဲ့ကြလေသည်။ သူတို့ပင် သားဖြစ်သူကို အနည်းငယ်ကြောက်လန့်လာကြလေသည်။ ရှန်ဟွိုင်နျန် ဆက်ပြောလိုက်လေသည်။

“ဒီနေ့ တော်လှန်ရေးကော်မတီက လူတွေကို မင်းခေါ်လိုက်တာက ရှောင်လီရဲ့ ဂုဏ်သိက္ခာကိုရော ငါတို့ရဲ့မင်္ဂလာပွဲကိုပါ ဖျက်ဆီးချင်လို့လေ”

ရှောင်ချီသည် အဖေရှန်နှင့် အမေရှန်တို့အား ဘေးခေါ်ထုတ်သွားကာ ယနေ့ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်လေသည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ သူတို့မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများပြည့်နှက်လာခဲ့၏။

ရှန်ဟွိုင်ချွမ်သည် ရင်ဘတ်ကိုထုကာ ခြေဆောင့်ရင်း လင်ကျိယွင်အားတီးတိုးပြောဆိုလိုက်လေသည်။

“မင်း ရူးနေတာလား၊ မင်း မုဆိုးမဖြစ်ချင်နေတာလား၊ ငါ့အစ်ကိုကြီးက ငါ့ကို သေအောင်ရိုက်တော့မှာပဲ၊ ဒီလိုမလုပ်ခင် ငါ့ကိုရော နည်းနည်းလောက်မစဉ်းစားပေးဘူးလား၊ မင်းက ငါ့ကို သေတွင်းထဲပို့နေတာပဲ”

ဤကိစ္စကို ရှန်ဟွိုင်ချွမ်မသိရှိခဲ့ပေ။ လင်ကျိယွင်က သူ့အားမပြောပြခဲ့ပေ။

ဆက်လက်ဖုံးကွယ်ထား၍မရတော့ကြောင်းကိုမြင်သောအခါ လင်ကျိယွင်သည် အပေါ်ထပ်သို့ အမြန်ပြေးတက်သွားပြီး ရှန်ရိအန်းကို ချီကာပြန်ဆင်းလာခဲ့လေသည်။

ဤကလေးသည် ယခုမျိုးဆက်ရှန်မိသားစု၏ တစ်ဦးတည်းသောဆက်ခံသူ ယောကျ်ားလေးဖြစ်ရာ ရှန်ဟွိုင်နျန်က သူမအားထိရဲမည်မဟုတ်ဟု သူမ ယုံကြည်ထားလေသည်။

“အဖေနဲ့ အမေ ဒီကိစ္စမှာ ကျွန်မမှားသွားပါတယ်၊ ဒါပေမဲ့ ကျွန်မက အစ်ကိုကြီးလှည့်စားခံရမှာကို စိုးရိမ်လို့ပါ၊ အဲဒီ ရှဲ့လီက အရင်းရှင်သခင်မလေးတစ်ယောက်ဖြစ်တဲ့အပြင် အရင်က အရင်းရှင်သူဌေးသားတစ်ယောက်နဲ့တောင် လက်ထပ်ခဲ့ဖူးတာ်လေ၊ ကျွန်မက မိသားစုကောင်းကျိုးအတွက်လုပ်ခဲ့တာပါ၊ စုံစမ်းစစ်ဆေးတာက ဘာများမှားနေလို့လဲ၊ သူသာ အပြစ်ကင်းတယ်ဆိုရင် သူ့ရဲ့ဂုဏ်သိက္ခာကို ဘယ်လိုလုပ် ထိခိုက်စေနိုင်မှာလဲ”

All Chapters