အခန်း ၆၄
Vol. 7 Ch. 64
Ch-64
“ဟွိုင်နျန်ပြောတာ မှန်တယ်”
အဘိုးရှန်သည် တံခါးတွန်းဖွင့်ကာဝင်ရောက်လာပြီး ဩဇာအပြည့်ရှိသော အသံကြီးဖြင့် ပြောဆိုလိုက်လေသည်။
ရှန်သဲ့ရှန့်သည် အလျင်အမြန်ရှေ့ထွက်လာကာ မေးမြန်းလိုက်၏။
“အဖေ၊ အဖေ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ”
အဘိုးရှန်သည် ဤနေရာသို့လာခဲလှသည်။ သူသည် ပုံမှန်အားဖြင့် ပေကျင်းဆင်ခြေဖုံးရှိ ရှန်မိသားစုနေအိမ်ဟောင်းတွင်သာ နေထိုင်လေ့ရှိပြီး အေးချမ်းမှုကိုနှစ်သက်ကာ မိသားစုရေးရာများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိပေ။
အဘိုးရှန်သည် လက်မြှောက်ကာ ရှန်သဲ့ရှန့်၏ပခုံးကို ပုတ်လိုက်လေသည်။
“ငါသာမလာရင် ရှန်မိသားစုရဲ့ပိုင်ဆိုင်မှုတစ်ဝက်က တခြားလူဆီရောက်သွားတော့မှာပေါ့”
ထို့နောက် သူသည်ရွံရှာဟန်ဖြင့် သူ့လက်ကိုပြန်လည်ရုပ်သိမ်းကာ သုတ်ပစ်လိုက်ပြီး ရှန်သဲ့ရှန့်အား တစ်ချက်ကြည့်လိုက်လေသည်။
“ဦးနှောက်က ဖနောင့်မှာရှိနေတဲ့ မင်းလို သစ်တုံးကြီးက ဘယ်လိုလုပ်ပြီး တပ်မှူးဖြစ်လာတာလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး၊ ငါတို့မိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းက အစွမ်းတွေကများ မင်းကိုတပ်မှူးနေရာရအောင် လုပ်ပေးလိုက်သလား”
*ဘိုင်း*
အဘိုးရှန်သည် စာရွက်စာတမ်းအထပ်လိုက်ကိုပစ်ချလိုက်ပြီး လက်ညှိုးထိုးပြလိုက်လေ၏။
“မင်းဘာသာမင်း ကြည့်လိုက်စမ်း”
ရှန်သဲ့ရှန့် ကောက်ယူလိုက်လေသည်။ ဖတ်ရှုနေစဉ်အတွင်း သူ့မျက်နှာမှာ မည်းမှောင်သွားပြီးနောက် ဖြူလျော့သွားခဲ့၏။ ထိုစာရွက်စာတမ်းများထဲတွင် လင်ယွင်နှင့် အခြားအမျိုးသားတစ်ဦးတို့ တိတ်တဆိတ်တွေ့ဆုံနေသော ဓာတ်ပုံများပါဝင်ပြီး သူ့အဖိုးတန်မြေးလေး ရှန်ရိအန်းမှာ ထိုအမျိုးသား၏ ပုံစံငယ်လေးတစ်ခုသာ ဖြစ်နေခဲ့သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းတို့သည် သွေးသားတော်စပ်သော သားအဖများဖြစ်ကြောင်း ထင်ရှားနေလေသည်။ ယခင်ကလူတိုင်းနီပါး ရှန်ရိအန်းသည် သူ့ဖခင်နှင့်လည်းမတူသလို မိခင်နှင့်လည်းမတူကြောင်း အမြဲတမ်း ပြောဆိုခဲ့ကြသည်မဟုတ်လော။
ယခုတော့ ရှင်းသွားလေပြီ။
သူသည် ထိုယောကျ်ားနှင့်တူနေခြင်းဖြစ်သည်။ ရှန်ဟွိုင်ချွမ်သည် ဖခင်ဖြစ်သူမှာ ဖြူလျော့ကာဒေါသကြောင့် တုန်ရီနေသည်ကို မြင်သောအခါ အလျင်အမြန်ပင် သွားရောက်ထိန်းကိုင်ပေးလိုက်ရင်း လင်ယွင်နှင့် အခြားအမျိုးသားတစ်ဦးတို့ တွေ့ဆုံနေသော ဓာတ်ပုံများကို မြင်တွေ့လိုက်ရလေ၏။
“အား”
ရှန်ဟွိုင်ချွမ်သည် မြေကြွက်တစ်ကောင်အလား အော်ဟစ်လိုက်လေသည်။ သူသည် ရှန်သဲ့ရှန့်အား ဘေးသို့ တွန်းဖယ်လိုက်လေသည်။
*ဒုန်း*
ရှန်သဲ့ရှန့်သည် ကြမ်းပြင်ပေါ် တင်ပါးဖြင့် ကျဆင်းသွားခဲ့၏။ နာကျင်လွန်းသဖြင့် ကျိန်ဆဲလိုက်မိလေသည်။
“ဒီခွေးကောင်လေး”
ရှန်ဟွိုင်ချွမ်က သူ့ကိုဂရုမစိုက်အားပေ။ သူသည် ဓာတ်ပုံများကို တစ်ပုံချင်းစီ သေချာကြည့်ရှုလိုက်၏။ ဓာတ်ပုံထဲရှိ အမျိုးသားမှာ ရှန်ရိအန်းနှင့် တစ်ပုံစံတည်းတူနေလေသည်။
သူ လင်ယွင်ထံသို့ပြေးသွားကာ ဘယ်ဘက်လက်ကို မြှောက်လိုက်လေသည်။
“ငါ့ရဲ့ ဘယ်ဘက်လက်ကိုမြင်လား”
လင်ယွင်သည် ဘာတွေဖြစ်ပျက်နေမှန်း မသိသေးသော်လည်း ရှန်ဟွိုင်ချွမ်၏မျက်နှာထား မူမမှန်သည်ကိုမြင်သောအခါ သတိထားကာ ခေါင်းညိတ်ပြလိုက်လေ၏။
“မြင်တယ်”
“ငါ့ရဲ့ ညာဘက်လက်က ပိုပြီးပြင်းတယ်ကွ”
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရှန်ဟွိုင်ချွမ်က လင်ယွင်ပါးကို ညာဘက်လက်ဖြင့် ဖြတ်ရိုက်လိုက်လေသည်။
လင်ယွင်မှာ ယိမ်းထိုးသွားပြီး သူမ၏ဆုပ်ကိုင်ထားရာမှ လျော့ရဲသွားကာ ရှန်ရိအန်းမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး ကျယ်လောင်စွာငိုကြွေးလေတော့သည်။
“ဝါး မေမေ၊ ဦးလေးလျူဆီကို သွားမယ်၊ ဦးလေးလျူဆီကို သွားမယ်”
လင်ယွင်သည် ကပျာကယာတွားသွားကာ ရှန်ရိအန်းပါးစပ်ကို ဖုံးအုပ်လိုက်လေ၏။
ရှန်ဟွိုင်ချွမ် နားမလည်စရာဘာကျန်သေးသနည်း။ သူသည် လင်ယွင်အား လက်ညှိုးထိုးကာ ရင်ကွဲနာကျင်ဟန်ဖြင့်ပြောလိုက်လေသည်။
“ငါ မင်းအပေါ် မကောင်းခဲ့ဘူးလား ဟမ် ငါ မင်းအပေါ် မကောင်းခဲ့ဘူးလား၊ မင်း ဘာလို့ ငါ့ကိုသစ္စာဖောက်ရတာလဲ”
ဤနှစ်များတစ်လျှောက်လုံး သူသည် လင်ယွင်အပေါ် သူ့နှလုံးသား၊ သူ့စိတ်ဝိညာဉ် အားလုံးကို ပေးအပ်ခဲ့သော်လည်း ဤအမျိုးသမီးကမူ....
ရှန်ဟွိုင်ချွမ်သည် ပိတ်လှောင်ခံထားရကာ မျှော်လင့်ချက်မဲ့နေသည့် ဖားပြုတ်တစ်ကောင်အလား ကြမ်းပြင်ပေါ်တွင် စိတ်ပျက်လက်ပျက်ဖြင့်လှဲလျောင်းနေခဲ့လေသည်။
အဘိုးရှန်သည် ရှေ့ထွက်လာကာ ရှန်ဟွိုင်ချွမ်၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး သူ့ခေါင်းကို ခေါက်ကာ ဆူပူလိုက်လေသည်။
“မင်း ငယ်ငယ်ကတည်းက ဦးထုပ်စိမ်းဆောင်းရတာကို သဘောကျခဲ့တာကိုး၊ မင်းအမေကမဆောင်းဖို့ ပြောခဲ့တယ်လေ၊ နောက်ကျရင် ဆောင်းစရာအခွင့်အရေးတွေ အများကြီးရလာလိမ့်မယ်လို့ ပြောသားပဲ တွေ့လား၊ အခုတော့ မင်းဆောင်းနေရပြီ”
သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်ကိုပြန်ရုပ်သိမ်းကာ ဆက်လက်၍ ပြောဆိုလေသည်။
“ဟွိုင်နျန်က ဒီကိစ္စ ငါ့ကိုပြောပြပြီး ဓာတ်ပုံတွေပေးခဲ့တာ၊ ဟွိုင်နျန်သာ မသိခဲ့ရင် ငါတို့အားလုံး အခုချိန်ထိအမှောင်ထဲမှာပဲ ရှိနေဦးမှာ”
ရှန်ဟွိုင်နျန်သည် နှိမ့်ချစွာဖြင့် လက်ဝှေ့ယမ်းပြလိုက်လေ၏။
“ကျွန်တော် နာမည်ကောင်းမယူနိုင်ဘူး၊ ရှောင်လီက ကျွန်တော့်ကိုဓာတ်ပုံတွေပေးခဲ့တာပါ”
သူ့ဘေးရှိ ရှဲ့လီ၏မျက်ဝန်းများမှာ ပြုံးရိပ်များပေါ်လာပြီး သူမသည်လည်း နှိမ့်ချစွာဖြင့် ခေါင်းခါပြလိုက်လေသည်။
“ကျွန်မလည်း နာမည်မယူရဲပါဘုး၊ ကျွန်မရဲ့ယောင်းမလေးက အရမ်းကို စွမ်းဆောင်နိုင်လွန်းလို့ပါ”
လင်ယွင် : “...…”
ကူးပြောင်းမလာမီက သူမ၏အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပင်ကိုအသိစိတ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လင်ယွင်ထံတွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို သူမ သတိပြုမိခဲ့သည်။ ရှန်ရိအန်း၏ ရုပ်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ ဤကလေးသည် ရှန်ဟွိုင်ချွမ်ကလေး မဖြစ်နိုင်ကြောင်း သူမသေချာသွားခဲ့၏။
ကူးပြောင်းမလာမီက သူမသည် နိုင်ငံများစွာမှ လုယူလိုကြသော အကောင်းဆုံးဦးနှောက်တစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အပြင် နိုင်ငံတော်လုံခြုံရေးနှင့် မှုခင်းစုံစမ်းစစ်ဆေးရေးဌာနတို့မှ လုယူလိုကြသော ပုံတူရေးဆွဲသူတစ်ဦးလည်းဖြစ်ခဲ့သည်။
သူမသည် လင်ယွင်နောက်သို့လိုက်ကာ ဤဓာတ်ပုံများကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ သို့သော် သူမတစ်ဦးတည်း လှုပ်ရှားခဲ့ခြင်းမဟုတ်ဘဲ ထိုဓာတ်ပုံများကို ရှန်ဟွိုင်နျန်ထံသို့ ပေးအပ်ခဲ့လေ၏။
ရှန်မိသားစုအတွင်းတွင် ရှန်ဟွိုင်နျန်၏ အစီအစဉ်များက ပို၍စေ့စပ်သေချာလိမ့်မည်ဟု သူမယုံကြည်ခဲ့သည်။ ရှန်ဟွိုင်နျန်သည်လည်း လင်ယွင်၏ သံသယဖြစ်ဖွယ် အပြုအမူများကို သတိပြုမိခဲ့ပြီးဖြစ်သည်။
စုံစမ်းစစ်ဆေးမှုတွင် ရှဲ့လီက သူ့ထံသို့ ဓာတ်ပုံများကိုသာ ပေးအပ်ခဲ့ခြင်းပင်။
ရှန်ဟွိုင်နျန်သည် ရှောင်ချီအား လင်မိသားစုကို ဆက်လက်စောင့်ကြည့်ခိုင်းထားစဉ် သူကိုယ်တိုင် အဘိုးရှန်ထံသို့ သွားရောက်ကာ အိမ်ထောင်စုစာရင်းကိုပါ ခိုးယူခဲ့ခြင်းဖြစ်သည်။