အခန်း ၆၅
Vol. 7 Ch. 65
Ch-65
နှလုံးသားတစ်ခုတည်းရှိသော ဇနီးမောင်နှံသည် ပေါင်လေးရာ အလေးချိန်ရှိကြသည်ဟု ရှေးဆိုရိုးစကားရှိသည်။ သူတို့နှစ်ဦးသည် ပေါင်နှစ်ရာအလေးချိန်ရှိသော လူဝကြီးနှစ်ဦးအလား အတူတကွရယ်မောလိုက်ကြလေ၏။
အဘိုးရှန်သည် ခွေးတစ်ကောင်အလား ရယ်မောနေသော ရှန်ဟွိုင်နျန်အား လှည့်ကြည့်လိုက်လေသည်။
“ခွေးကောင်လေး မင်းကအိမ်ထောင်စုစာရင်းကိုတောင် ခိုးရဲတယ်ပေါ့လေ၊ မင်း လူရမ်းကားလေး ငါ့မှာတော့ ပျောက်သွားပြီထင်ပြီး ဘိုးဘေးတွေရဲ့ ကျောက်စာတိုင်ရှေ့မှာ ညတစ်ဝက်လောက် ဒူးထောက်နေခဲ့ရတာ မင်းသိလား ဟမ် မင်းသိလား”
သူသည် ရှန်ဟွိုင်နျန်အား ရိုက်နှက်ရန် လက်ကို မြှောက်လိုက်လေသည်။
ရှဲ့လီသည် လျင်မြန်စွာလှုပ်ရှားလိုက်ပြီး ရှန်ဟွိုင်နျန်အား သူမရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေ၏။
လက်တစ်ဖက်က ရှန်ဟွိုင်နျန်၏ပခုံးကို ကိုင်ကာ အခြားလက်တစ်ဖက်က ခါးကိုကိုင်လျက် မင်းသမီးလေးတစ်ပါးအလား ပွေ့ချီလိုက်လေသည်။
ရှန်ဟွိုင်နျန်မျက်နှာပေါ်တွင် ရှက်သွေးများဖြာတက်လာပြီး နားရွက်ဖျားများအထိ ပြန့်နှံ့သွားခဲ့လေသည်။
သူ၏မြေခွေးမျက်ဝန်းများမှာ ရှဲ့လီမှလွဲ၍ အခြားနေရာများအားလုံးကို လိုက်လံကြည့်ရှုနေခဲ့၏။
အဘိုးရှန်၏မြှောက်ထားသောလက်မှာ လေထဲတွင် ရပ်တန့်သွားခဲ့လေသည်။
‘ငါ့မိန်းမသေသွားလို့ သေချင်းဆိုးလေးတွေက ငါ့ကိုအနိုင်ကျင့်နေကြတာလား၊ လူတိုင်းက ဒီမုဆိုးဖိုအဘိုးအိုကိုပဲ အနိုင်ကျင့်နေကြတယ်'
အဘိုးရှန်သည် သူ့လက်ကို အသာပြန်ချလိုက်ပြီး လွမ်းဆွတ်တမ်းတစွာဖြင့် ဆိုလေသည်။
“ငါ အသက်ကြီးပြီး မိန်းမ မရှိလို့ ငါ့မျိုးဆက်တွေက ငါ့ကိုအနိုင်ကျင့်နေကြတယ်၊ ရှောင်ဟော်ရေ မင်းကို ကိုယ်လွမ်းလိုက်တာ”
ရှန်ဟွိုင်နျန်သည် ရှဲ့လီရင်ခွင်ထဲမှ မချင့်မရဲဖြင့်ထွက်လာကာ မတ်တတ်ရပ်လိုက်ပြီး သူ့အဝတ်အစားများကို သပ်ရပ်အောင်ပြင်ဆင်လိုက်လေ၏။
ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့၏ချစ်ခင်ယုယနေမှုများကိုမြင်သောအခါ ရှန်ဟွိုင်ချွမ်မှာ ရုတ်တရက် စိတ်လွတ်သွားပြီး လင်ယွင်အား လည်ပင်းညှစ်ရန် လျှောက်သွားလေတော့သည်။
“ဒီဖာသည်မ မင်း ငါ့ကိုဒီနှစ်တွေတစ်လျှောက်လုံး လိမ်ထားခဲ့တာပေါ့လေ”
လင်ယွင်သည်လည်း ဆက်လက်၍ ဟန်ဆောင်မနေတော့ပေ။ သူမက ရှန်ဟွိုင်ချွမ်အား တွန်းထုတ်လိုက်ရာ ရှန်ဟွိုင်ချွမ်မှာ အနောက်သို့လဲကျသွားလေသည်။
သူမမိခင်ပြောသည်မှာ မှန်ပေသည်။ ဤမျှအားနည်းသော အမျိုးသားတစ်ဦးနှင့် ရန်ဖြစ်ရာတွင် အိမ်တွင်းအကြမ်းဖက်မှုကို စိုးရိမ်စရာမလိုပေ။
“ရှန်ဟွိုင်ချွမ် နင်က ငါ့ကိုအပြစ်တင်ရဲသေးတယ်ပေါ့လေ၊ နင်က သုတ်ကောင်ရေအားနည်းတဲ့ အသုံးမကျတဲ့ကောင်ပဲ”
ရှန်ဟွိုင်ချွမ်သည် ပစ်ချလိုက်တိုင်းပြန်မတ်လာသော အရုပ်တစ်ခုအလား ပြန်လည်မတ်တတ်ရပ်လာပြီး မေးလိုက်လေသည်။
“မင်း ဘာပြောလိုက်တယ်”
လင်ယွင်သည် လှောင်ပြုံးပြုံးလိုက်လေသည်။
“အသုံးမကျတဲ့ကောင်၊ သုတ်ကောင်ရေအားနည်းတဲ့ကောင်လို့ ပြောတာ၊ နင့်မှာ သုတ်ရည်အားနည်းတဲ့ရောဂါရှိတယ်ဆိုတာ နင် မသိဘူးလား၊ နင့်မိသားစုက နင့်ရဲ့မာနကို ထိခိုက်မှာစိုးလို့ နင့်ကိုမပြောရဲခဲ့တာနေမှာပေါ့”
ရှန်ဟွိုင်ချွမ်တွင် သုတ်ရည်အားနည်းသည့်ရောဂါရှိကြောင်းကို အဖေရှန်နှင့် အမေရှန်တို့ နှစ်ဦးလုံးသိရှိထားကြသည်။
သို့သော် လင်ယွင်ကလေးရလာသောအခါ အစပိုင်းတွင် သူတို့သံသယရှိခဲ့ကြ၏။ သို့သော်ငြား မည်သို့ပင်ဆိုစေ သုတ်ကောင်အားနည်းခြင်းဆိုသည်မှာ အခွင့်အရေးသုညဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
ထို့အပြင် သူတို့တွင် ဤကလေးတစ်ဦးတည်းသာရှိပြီး နှစ်ပေါင်းများစွာကြာသည်အထိ ဒုတိယမြောက်ကလေးမရရှိတော့သဖြင့် အဖေရှန်နှင့် အမေရှန်တို့သည် ထိုအချက်ကိုယုံကြည်သွားခဲ့ကြလေသည်။
သူတို့သည် ရှန်ရိအန်းကို အဖိုးတန်ရတနာတစ်ပါးအလား ပြုစုစောင့်ရှောက်ခဲ့ကြသော်ငြား သူတစ်ပါးကလေးကို နှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ပေးနေခဲ့ရကြောင်းကို နောက်ဆုံးမှသာ သိရှိလိုက်ကြရလေသည်။
“ဟွိုင်ချွမ် ဝမ်းနည်းမနေပါနဲ့၊ အမေ ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်”
ဖုန်းချိုးကျင်းသည် ရှေ့သို့ထွက်လာကာ ပြိုလဲလုမတတ်ဖြစ်နေသော သားဖြစ်သူအား နှစ်သိမ့်ပေးလိုသော်လည်း ရှန်ဟွိုင်ချွမ်က သူမအား ခေါင်းဖြင့် ရုတ်တရက် ဝင်ဆောင့်လိုက်လေ၏။
“အကုန်လုံး အမေ့အမှားတွေချည်းပဲ၊ သားငယ်ငယ်ကတည်းက ဦးထုပ်စိမ်းဆောင်းရတာကို သဘောကျတယ်ဆိုရင် ဘာလို့ သားကိုပေးဆောင်းရတာလဲ၊ အမေက သားကိုမတားနိုင်ခဲ့ဘူးလား၊ အကုန်လုံး အမေ့အမှားတွေချည်းပဲ၊
*ဘုန်း*
သူ ဖုန်းချိုးကျင်းအား ဝင်ဆောင့်လိုက်ရာ သူမသည် မြေပြင်ပေါ်သို့ နောက်စေ့ဖြင့်လဲကျသွားပြီး သေလုမတတ်ဖြစ်သွားခဲ့ရလေ၏။
“မင်း ရူးသွားပြီထင်တယ်၊ အစ်ကိုကြီးက မင်းကို ဆေးကုပေးမယ်”
ရှန်ဟွိုင်နျန်သည် ရှန်ဟွိုင်ချွမ်အား ဖမ်းဆွဲကာ ဘေးခန်းသို့ခေါ်ဆောင်သွားလေသည်။
အချိန်အတန်ကြာပြီးနောက် အခန်းတွင်းမှ အော်ဟစ်ငိုယိုသံများထွက်ပေါ်လာလေ၏။
“အစ်ကိုကြီး အစ်ကိုကြီး အစ်ကိုကြီး အစ်ကိုကြီး ကျွန်တော် သက်သာသွားပါပြီ၊ ကျွန်တော် ကောင်းသွားပါပြီ အား”
ရှန်ဟွိုင်နျန်သည် ရှန်ဟွိုင်ချွမ်အား အပြင်သို့ ပြန်လည်ဆွဲထုတ်လာခဲ့လေသည်။
“ပျောက်သွားပြီ”
ရှဲ့လီပြုံးကာ လက်မထောင်ပြလိုက်လေ၏။
“တကယ့် ဆရာဝန်ကြီးပဲ”
ရှန်ဟွိုင်နျန်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး နှိမ့်ချစွာဖြင့် ပြန်လည်ပြောဆိုလိုက်လေသည်။
“မြှောက်နေပြန်ပါပြီ”
ရှန်ဟွိုင်ချွမ် : “...…”
‘ခင်ဗျားတို့ နှစ်ယောက်လုံး သွားသေလိုက်ကြ'
ရှန်ဟွိုင်ချွမ်သည် လင်ယွင်နှင့် ကွာရှင်းလိုပြီး သူမနှင့် ကလေးနှစ်ဦးလုံးကို အိမ်ပေါ်မှ နှင်ချလိုက်လေသည်။
ဤကိစ္စမှာ ကြီးကျယ်သွားပြီး လင်မိသားစုထံသို့ ရောက်ရှိသွားလေသည်။
လျှို့ဝှက်ချက်ပေါက်ကြားသွားပြီဖြစ်ကြောင်းကို သိရှိသောအခါ လင်မိသားစုသည် လက်မခံနိုင်ဘဲ ရှန်မိသားစုထံသို့ လာရောက်ကာ ရှင်းလင်းချက်တောင်းဆိုကြလေသည်။
အမေလင်သည် တံခါး၀တွင် ပိတ်ဆို့ကာ ခုန်ပေါက်ပြီး ကျိန်ဆဲနေလေတော့သည်။
“နင်တို့မိသားစုတစ်ခုလုံးက ငါ့သမီးကို အနိုင်ကျင့်နေကြတာပဲ၊ ငါ့လင်မိသားစုမှာ လူမရှိဘူးလို့ နင်တို့တကယ်ထင်နေကြတာလား၊ ငါ့သမီးကို ဒီလိုရိုက်နှက်ထားတာ၊ လျော်ကြေးပေး အိမ်နီးနားချင်းတွေ လာကြည့်ကြပါဦး၊ ငါ့သမီးရှန်မိသားစုထဲဝင်လာတာ ဒီလောက်နှစ်တွေကြာနေပြီကို၊ သူတို့က အိမ်တွင်းအကြမ်းဖက်မှုတွေ လုပ်နေကြတယ်”
ခွင့်ပြုချက်မရှိသူများကို စစ်တပ်ဝင်းအတွင်းသို့ ဝင်ရောက်ခွင့်မပြုပေ။
သို့သော် လင်မိသားစုနှင့် ရှန်မိသားစုမှာ နှစ်ပေါင်းများစွာ ဆွေမျိုးများဖြစ်ခဲ့ကြပြီး မကြာခဏ အသွားအလာရှိသောကြောင့် တံခါးဝရှိအစောင့်များက လင်မိသားစုကို ဝင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
အမေလင်၏ အော်ဟစ်သံကြောင့် အိမ်နီးနားချင်းများအားလုံး ရန်ပွဲကြည့်ရှုရန် ရောက်ရှိလာကြလေတော့သည်။