← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

Ch-67

ဤမျှကြီးမားသော အလှည့်အပြောင်းကို မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

ဟယ်ကျင်းဖုန်းသည် လင်ကျိယွင်အား မြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး သူမအပေါ်မှခွထိုင်ကာ အားပါးတရစတင်ရိုက်နှက်လေတော့သည်။ ရှဲ့လီသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ခုန်ပေါက်လိုက်လေ၏။

သူမသည် အမေလင်၏လုပ်ရပ်များကို အတုခိုးကာ ပေါင်ကိုရိုက်ပြီး လက်ခုပ်တီးရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

“ဟေး အိမ်နီးချင်းတို့ လာကြည့်ကြပါဦး၊ လင်မိသားစုမှာ အရှက်မရှိတဲ့ ဖာသည်မတစ်ယောက်ရှိတယ်တဲ့၊ သူက ကျွန်မမတ်လေးနဲ့ လက်ထပ်ထားတာ ငါးနှစ်ရှိပြီ၊ အပြင်မှာ ဖောက်ပြန်နေတာလည်း ငါးနှစ်ရှိပြီ၊ ပြီးတော့ ကလေးကလည်း ကျွန်မမတ်လေးရဲ့သွေးသားအရင်းမဟုတ်ဘူးတဲ့လေ၊ ငါ့မတ်လေးက ကွာရှင်းချင်နေတာတော့ သူ့မိသားစုက ဒီကိုလူတွေခေါ်လာပြီး ရှင်းလင်းချက် လာတောင်းနေကြတယ်တဲ့၊ ကျွန်မကို ပြောစမ်းပါဦး၊ သူ အရိုက်ခံသင့်လား မခံသင့်ဘူးလား”

ရှဲ့လီ၏စကားများက လူအုပ်ကြီး၏စိတ်လှုပ်ရှားမှုကို မီးစထည့်ပေးလိုက်သလို ဖြစ်သွားလေသည်။ ကိုယ်ကျင့်တရားကောင်းမွန်ပုံရသော လင်ကျိယွင်သည် ဖောက်ပြန်တတ်သူ ဖြစ်နေလိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။

ဤလင်မိသားစုမှာ တကယ့်ကို အရှက်မရှိလွန်းလှပေ။

လူအုပ်ကြီးမှာ ရှဲ့လီစကားများကြောင့် စိတ်လှုပ်ရှားကာ အော်ဟစ်အားပေးကြလေတော့သည်။

“သူ အရိုက်ခံသင့်တယ်၊ သူ အရိုက်ခံသင့်တယ်၊ သူ အရိုက်ခံသင့်တယ်”

ထိုအသံကိုကြားသောအခါ ဟယ်ကျင်းဖုန်းသည် ပို၍ပင်ပြင်းထန်စွာရိုက်နှက်လေတော့သည်။ အမေလင်မှာ မျက်လုံးများပင် လန်တက်သွားပြီး သတိလစ်လုမတတ် ဖြစ်သွားခဲ့ရလေ၏။

ရှန်သဲ့ရှန့်နှင့် ဖုန်းချိုးကျင်းတို့က ရှန်ဟွိုင်ချွမ်မှာ ဦးထုပ်စိမ်းဆောင်းထားရသူဖြစ်ကြောင်းကို ဖွင့်ဟပြောဆိုမည်မဟုတ်ကြောင်း သူမသေချာပေါက် ယုံကြည်ထားသော်လည်း ရှဲ့လီက ကြေညာလိမ့်မည်ဟုလည်း သူမ တစ်ခါမျှမမျှော်လင့်ထားခဲ့ပေ။

သူမသည် ရှဲ့လီထံသို့လျှောက်သွားကာ လေသံတိုးတိုးဖြင့် ခြိမ်းခြောက်လိုက်လေသည်။

“ဒီလိုကိစ္စမျိုးက ဂုဏ်ယူစရာများမှတ်နေလား၊ နင် အဲဒီလိုပြောလိုက်တာက ရန်သူကို ရှစ်ရာထိခိုက်စေပြီး ကိုယ့်ဘက်က တစ်ထောင်ဆုံးရှုံးရတာပဲ၊ အနာဂတ်မှာ ရှန်ဟွိုင်ချွမ် ဘယ်လိုနေထိုင်ရတော့မလဲ၊ ငါ နင့်ကိုပြောလိုက်မယ်၊ နင် ဆက်အော်နေရင် ရှန်ဟွိုင်ချွမ် ကလေးမရနိုင်ဘူးဆိုတာကိုပါ ငါဖွင့်ပြောလိုက်မှာနော်”

အမေလင်သည် ရှဲ့လီအားဖိအားပေးရန်အတွက် သူမ၏နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးလိုက်လေသည်။ ဘေးတွင် ရပ်နေသော ရှန်ဟွိုင်ချွမ်မှာ မျက်ဖြူလန်နေပြီး ကံကြမ္မာကို လုံးဝအရှုံးပေးလိုက်သောပုံစံပေါက်နေလေ၏။

ရှဲ့လီသည် သူမပေါင်ကိုသူမရိုက်လိုက်လေသည်။

“ရှင်သာမပြောရင် အဲဒီကိစ္စကို ကျွန်မ မေ့တော့မလို့ပဲ”

ထို့နောက် သူမသည် ထပ်မံခုန်ပေါက်လိုက်ပြီး လက်ခုပ်တီးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။

“လင်ကျိယွင် ဖောက်ပြန်ရတဲ့ အကြောင်းရင်းက ကျွန်မမတ်လေးက သူ့အပေါ်မကောင်းလို့ မဟုတ်ပါဘူး၊ ကျွန်မမတ်လေးက သူ့အပေါ် အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မမတ်လေးက....”

သေမတတ်ဖြစ်နေသော ရှန်ဟွိုင်ချွမ်က ရုတ်တရက် တည့်တည့်မတ်မတ်ထထိုင်လိုက်လေသည်။ သူသည် ပစ်ချလိုက်တိုင်း ပြန်မတ်လာသော ပစ်တိုင်းထောင် အရုပ်တစ်ခုအလား ချက်ချင်း မတ်တတ်ရပ်လိုက်၏။

ကမ္ဘာကြီးတစ်ခုလုံး အနှေးပြကွက်နှင့် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူသည် အာကန် (ဇာတ်ကောင်) ၏ပုံစံအတိုင်း သူ့လက်ကို ဆန့်တန်းလိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့နေသော အမူအရာဖြင့် အော်ဟစ်လိုက်လေသည်။

“မ... လုပ်... နဲ့...”

“ကလေးမရနိုင်တဲ့ ယောကျ်ားကြီးလေ”

သူတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြခြင်းပင်။

*ဝုန်း*

ရှန်ဟွိုင်ချွမ်၏ ကောင်းကင်ကြီးပြိုကျသွားခဲ့လေပြီ။ လုံးဝပြင်ဆင်၍ မရနိုင်လောက်အောင် ပြိုကျပျက်စီးသွားခဲ့လေပြီ။

သူသည် မြေပြင်ပေါ်သို့ ဝုန်းခနဲလဲကျသွားပြီး သေချင်စိတ်ပေါက်သွားလေတော့သည်။

“ကလေးမရနိုင်တဲ့ ယောကျ်ားကြီးဖြစ်နေတာက ကျွန်မမတ်လေးရဲ့အမှားမှ မဟုတ်တာ ဟုတ်တယ်မလား၊ လင်ကျိယွင်သာမကျေနပ်ရင် သူ့ကိုကွာရှင်းလိုက်သင့်တာပေါ့၊ ဒါပေမဲ့ သူက အကောင်းနှစ်ခုလုံးကို လိုချင်နေတာ၊ အပြင်မှာလည်း အိမ်ထောင်သည်ယောကျ်ားတစ်ယောက်နဲ့ သွားအိပ်ပြီး တရားမဝင်ကလေးတောင် မွေးလိုက်သေးတယ်”

ရှဲ့လီ၏စကားများမှာ အလွန်ပင် ရှင်းလင်းပြတ်သားလွန်းလှသဖြင့် ကြည့်ရှုနေသူများအားလုံး မှင်သက်သွားကြလေသည်။ အမေလင်မှာမူ သတိလစ်သွားခဲ့လေပြီ။ လင်ကျိယွင်မှာလည်း မျက်လုံးများလန်တက်သွားသည်အထိ အရိုက်ခံလိုက်ရလေသည်။ အဖေလင်သည် အံတင်းတင်းကြိတ်လိုက်၏။ သူ မည်မျှပင်တွက်ချက်ထားစေကာမူ ရှဲ့လီမှာ ဤမျှလောက် ရူးသွပ်ပြီး ကိုယ်တိုင်ဖော်ထုတ်လာမည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

ရှဲ့လီ နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးကာ ပြုံးလိုက်လေသည်။

‘ရန်သူကို ရှစ်ရာထိခိုက်စေပြီး ကိုယ့်ဘက်က တစ်ထောင်ဆုံးရှုံးတယ်ဆိုတာ မရှိဘူး၊ လင်မိသားစုကို ထိခိုက်စေခဲ့ပြီး ဆုံးရှုံးမှုကိုတော့ ရှန်ဟွိုင်ချွမ်ကယူလိုက်တာလေ ဟိဟိ'

“အိုး တကယ့်ကိုပဲ လူတွေရဲ့မျက်နှာကိုသာသိနိုင်ပြီး စိတ်ကိုတော့ မသိနိုင်ဘူးပဲ၊ လင်တာ့ကျီးကလည်း ပညာတတ်တစ်ယောက်ဖြစ်နေပြီးတော့ ဒီလိုကလေးမျိုးကို ဘယ်လိုများပြုစုပျိုးထောင်ခဲ့တာလဲမသိဘူး”

“ဟုတ်ပါ့ ပြီးတော့ သူတို့ကရှန်မိသားစုရဲ့တံခါးဝအထိလာပြီး ပြဿနာရှာရဲသေးတယ်၊ ဒီသတင်းသာ သူ့အလုပ်ခွင်ကိုရောက်သွားရင် သူ့အလုပ်မြဲပါ့ဦးမလား”

“ရှန်မိသားစုက အရမ်းကို သဘောကောင်းလွန်းပါတယ်၊ သူတို့က အေးအေးဆေးဆေးဖြေရှင်းချင်နေတာကို လင်မိသားစုက သူတို့သေတွင်းသူတို့တူးနေကြတာပဲ”

လင်တာ့ကျီးမှာ ချွေးအေးများပြန်လာခဲ့လေသည်။ ဤကိစ္စသာ သူ့အလုပ်ခွင်သို့ အမှန်တကယ်ရောက်ရှိသွားပါက သူ သေချာပေါက် ထိခိုက်နစ်နာပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူသည် ကိုယ်ပိုင်အရည်အချင်းစစ်စစ်ဖြင့် ဌာနမှူးဖြစ်လာခဲ့ခြင်းမဟုတ်ပေ။

ဤသည်ကိုတွေးမိသောအခါ လင်တာကျီးသည် စိတ်တင်းကာပြောဆိုလိုက်လေ၏။

“ဟွိုင်ချွမ် အန်ကယ် မင်းကိုတောင်းပန်ပါတယ်၊ အန်ကယ်တို့ ဒီကိစ္စကို တကယ်မသိခဲ့ပါဘူး၊ ရှောင်ယွင်က အိမ်ပြန်ရောက်မှ မင်း သူ့ကိုရိုက်လို့ ကွာရှင်းချင်တယ်ဆိုပြီး ပြောလာတာပါ၊ အန်ကယ်တို့က တစ်ချိန်လုံးအမှောင်ထဲမှာ ရှိနေခဲ့တာပါ”

သူသည် သူ့အနာဂတ်အတွက် သမီးဖြစ်သူကို ရောင်းစားလိုက်ချေပြီ။ ဤစကားများ ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် လင်ကျိယွင်အနေဖြင့် ယခုမှစ၍ မြို့တော်တွင် ခင်ပွန်းတစ်ဦး ရှာဖွေနိုင်တော့မည်မဟုတ်ပေ။

All Chapters