← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

Ch-68

“ဖေဖေ”

မြေပြင်ပေါ်တွင် လဲကျကာ အရိုက်ခံနေရသော လင်ကျိယွင်သည် သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်လေ၏။ သူမအား အမြဲတမ်း အလိုလိုက်လေ့ရှိသော ဖခင်ဖြစ်သူက ဤကဲ့သို့သောစကားမျိုးပြောထွက်လိမ့်မည်ဟု သူမလုံးဝမယုံကြည်နိုင်ပေ။

အမေလင်သည် အလျင်အမြန်ရှေ့သို့ ထွက်လာကာ လင်ကျိယွင်ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။

“အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိပါသေးတယ် ရှောင်ယွင်”

ဟယ်ကျင်းဖုန်းသည် အားပါးတရရိုက်နှက်နေပြီး အမေလင်မှာမူ ထိုအရူးမ ဒေါသထွက်ပြီး သူမကိုပါရိုက်နှက်မည်ကို စိုးရိမ်သဖြင့် ဘေးသို့ရှောင်တိမ်းနေခဲ့ရလေ၏။

လင်တာ့ကျီးသည် အခြေအနေကို အခွင့်ကောင်းယူကာ ရှေ့ထွက်လာပြီး ပြောဆိုလိုက်လေသည်။

“ဟွိုင်ချွမ် အန်ကယ့်ရဲ့ရှောင်ယွင်က ရှန်မိသားစုအပေါ် မကောင်းခဲ့ပါဘူး၊ မင်း သူ့ကို ရိုက်ချင်သလား ဆဲချင်သလား၊ မင်းပြောသမျှ အန်ကယ်တို့နားထောင်ပါ့မယ်၊ မိဘတွေအနေနဲ့ အန်ကယ်တို့မှာလည်း တာဝန်ရှိပါတယ်၊ ဒီနေရာကနေပဲ မင်းကို အန်ကယ်လေးလေးနက်နက်တောင်းပန်ပါတယ်”

ရှဲ့လီ နှုတ်ခမ်းထောင့်များတွန့်သွားလေသည်။ ဤလင်တာ့ကျီးမှာ မည်သည့်အခြေအနေမျိုးတွင်မဆို လိုက်လျောညီထွေဖြစ်အောင် နေတတ်သူတစ်ဦးဖြစ်ပေသည်။ ကံကောင်းထောက်မစွာဖြင့် အရန်အစီအစဉ်တစ်ခု ရှိနေသေး၏။

ရှန်ဟွိုင်ချွမ်မှာမူ မြေပြင်ပေါ်တွင်ထိုင်နေခဲ့၏။ သူ အသက်ရှင်နေသေးသော်လည်း သေဆုံးသွားသည်နှင့်မခြားနားတော့ပေ။ ယခုအချိန်တွင် အိမ်နီးနားချင်းများ၏ တီးတိုးပြောဆိုသံများမှ သူကြားနေရသည်မှာ “ရှန်ဟွိုင်ချွမ်... သုက်ရည်အားနည်းတဲ့ကောင်ကြီး” ဆိုသည်များသာ ဖြစ်လေသည်။

အိမ်နီးနားချင်းများမှာ နောက်တစ်ကြိမ် ဝင်ရောက်ဖြန်ဖြေကြပြန်သည်။

“ဘယ်မိဘက ကိုယ့်ကလေးအတွက် အကောင်းဆုံးကို မလိုချင်ဘဲနေပါ့မလဲ၊ ဒီကလေးရှောင်ယွင်က.....အိုကွယ်”

“မြန်မြန် အိမ်ခေါ်သွားလိုက်ပါ၊ ကလေးက ငယ်ပါသေးတယ်၊ လမ်းလွဲသွားရုံလေးပါ၊ ပြန်ခေါ်သွားပြီး သေချာဆုံးမပေးလိုက်ပါ”

လင်တာ့ကျီးနှုတ်ခမ်းထောင့်တွင် အောင်ပွဲခံသော အပြုံးတစ်ခုပေါ်လာခဲ့၏။ သူသည် ဟယ်ကျင်းဖုန်းကို တားဆီးရန်ရှေ့တိုးသွားပြီး လင်ကျိယွင်ကို အမြန်ဆုံး အိမ်သို့ခေါ်ဆောင်သွားရန် ရည်ရွယ်လိုက်လေသည်။

“ရှောင်လီ”

လူအုပ်ကြီး၏အနောက်ဘက်မှ ရှန်ဟွိုင်နျန်အသံ ထွက်ပေါ်လာပြီးနောက် လက်ပတ်နီပတ်ထားသူများလည်း လိုက်ပါလာခဲ့လေသည်။ ရှန်ဟွိုင်နျန်အသံကိုကြားသောအခါ ရှန်ဟွိုင်ချွမ်၏ မျက်လုံးများ အသက်ပြန်ဝင်လာတော့၏။

“အစ်ကိုကြီး ငါ့အစ်ကိုကြီး ဘယ်မှာလဲ၊ အစ်ကိုကြီး”

သူသည် ရှန်ဟွိုင်နျန်ဘေးသို့ပြေးသွားကာ ငိုကြွေးရင်း နှပ်ချေးများ သွားရည်များနှင့် ရှုပ်ပွနေခဲ့လေသည်။

“ကိစ္စမရှိပါဘူး ရှောင်ချွမ်၊ မင်းအစ်ကို ငါက ဒီကိစ္စကိုဖြေရှင်းပေးပါ့မယ်”

‘ဒါမှ ငါ့အစ်ကိုကြီး'

‘ငါ့မိသားစု၀င်’

‘ဟိုရှဲ့လီစုတ်က ငါ့ကိုချက်ချင်းရောင်းစားသွားတာ ဝူးဝူးဝူး အစ်ကိုကြီးကမှ အကောင်းဆုံးပဲ'

ရှန်ဟွိုင်နျန်သည် ရှေ့တိုးလာကာ လင်တာ့ကျီးအား စိုက်ကြည့်လိုက်လေသည်။ သူသည် အရပ် ၁၈၅စင်တီမီတာကျော်ရှိပြီး လင်တာကျီးမှာ ၁၇၀စင်တီမီတာခန့်သာရှိလေ၏။ ထိုကဲ့သို့စိုက်ကြည့်ခံရခြင်းက အလွန်ဖိအားကြီးမားလေသည်။

“လင်တာ့ကျီး ခင်ဗျား သူ့ကိုမှတ်မိသေးလား”

ရှန်ဟွိုင်နျန်သည် သူ့အနောက်တွင်ရှိသော အရာရှိဝတ်စုံနှင့် လက်ပတ်နီပတ်ထားသူကို လက်ညှိုးထိုးပြလိုက်လေသည်။ လင်တာ့ကျီး တစ်ချက်ကြည့်လိုက်ရာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားခဲ့ရလေ၏။

‘ကျန်းချန်လား’

ကျန်းချန်သည် ဒေါသတကြီးဖြင့် ရှေ့ထွက်လာကာ ကျိန်ဆဲလေတော့သည်။

“ဒီခွေးအိုကြီး ငါကမင်းရဲ့ ကျောင်းနေဖက်သူငယ်ချင်းလေ၊ မင်းက ငါ့ကိုဒီလိုဒုက္ခပေးရသလား”

ယခင်က ကျန်းချန်သည် လင်တာ့ကျီးထံသို့ သွားရောက်ကာပြဿနာရှာခဲ့သော်လည်း ထိုခွေးအိုကြီးက ဝန်မခံဘဲ အထောက်အထားရှိသလားဟုပင် မေးခွန်းထုတ်ခဲ့သေးသည်။

‘ကဲ ဒီမှာ အထောက်အထားပဲ'

ရှန်မိသားစုကိုယ်တိုင် လာရောက်သက်သေခံပေးခြင်းဖြစ်၏။ ကျန်းချန် အရာအားလုံးကို ဖွင့်ချလိုက်လေသည်။

လင်တာ့ကျီးသည် သမီးဖြစ်သူရှန်မိသားစု၏ပိုင်ဆိုင်မှုများကို ပိုမိုရရှိရန် ရည်ရွယ်ချက်ဖြင့် ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့မင်္ဂလာပွဲကို ဖျက်ဆီးရန် နောက်ကွယ်မှ ယုတ်မာသောနည်းလမ်းများကို အသုံးပြုခဲ့ခြင်းဖြစ်၏။

အိမ်နီးနားချင်းများမှာ လင်တာ့ကျီးအား ခွေးချေးပုံတစ်ပုံကိုကြည့်သကဲ့သို့ ကြည့်နေကြလေသည်။

“လူ့မျက်နှာနဲ့ ခွေးတိ‌ရစ္ဆာန်ပဲ၊ သူက ပညာတတ်ပုံစံပေါက်ပေမဲ့ တကယ်တော့ လူရည်လည်နေတဲ့လူယုတ်မာပဲ”

“ကျားတောင် သူ့သားသူပြန်မစားဘူး၊ သူကတော့ သူ့ကိုယ်သူကာကွယ်ဖို့အတွက်နဲ့ အပြစ်တွေအကုန်လုံးကို သူ့သမီးအပေါ် ပုံချလိုက်တာပဲ”

“ဒီမိသားစုထဲမှာ တစ်ယောက်မှမကောင်းကြဘူး”

လင်တာ့ကျီးသည် အရှုံးမပေးဘဲ အော်ဟစ်လိုက်လေသည်။

“ခုနက တံခါးဝမှာ လူငယ်တစ်ယောက် ပိတ်ထားတယ်လို့ မင်းပြောခဲ့တယ်မလား၊ သူဘယ်မှာလဲ သူဘယ်မှာလဲ”

ကျန်းချန်သည် ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုလိုက်သော်လည်း ရှောင်ချီကို အမှန်တကယ်မတွေ့ရပေ။ သူ စကားပြောမထွက်ဖြစ်နေစဉ်မှာပင် အနောက်ဘက်မှ ဝမ်းသာအားရ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရလေ၏။

“ဟားဟားဟား ကျွန်တော်ဒီမှာပါ၊ တပ်မှူးနဲ့ မရီး ကျွန်တော်ဒီမှာပါ”

ရှောင်ချီသည် ရေတပ်ပြာရောင်ရှပ်အင်္ကျီဝတ် အမျိုးသားတစ်ဦးကို ပျော်ရွှင်စွာ ဆွဲခေါ်လာခဲ့လေသည်။ ထိုသူမှာ လင်ကျိယွင်၏တရားမဝင်ခင်ပွန်း လျူကော်ကျန်းဖြစ်ကြောင်းကို ရှဲ့လီတစ်ချက်ကြည့်ရုံဖြင့် သိလိုက်လေ၏။

“လာ လာ လာ ဖောက်ပြန်ထားတဲ့ယောကျ်ားလည်း ဒီမှာရှိတယ်”

ရှောင်ချီသည် လျူကော်ကျန်းအား လူအုပ်ကြားထဲသို့ အားပါးတရတွန်းပို့လိုက်လေသည်။ လျူကော်ကျန်း ထွက်ပြေးရန် ကြိုးစားသော်လည်း လူများက သူ့အားဝိုင်းရံထားပြီးဖြစ်၏။

ရှန်ဟွိုင်ချွမ်မှာ အစောကမှ အသက်ရှူချောင်သွားခြင်းဖြစ်သော်လည်း လျူကော်ကျန်းကိုမြင်သောအခါ စူးစူးရဲရဲအော်ဟစ်လိုက်ပြီး တက်မလိုဖြစ်လာတော့သည်။

“အစ်ကိုကြီး အစ်ကိုကြီးကလည်း ကျွန်တော့်ကို ကျောချမ်းအောင်လုပ်တာပဲ”

ရှန်ဟွိုင်ချွမ်မှာ လုံးဝမျှော်လင့်ချက်ကင်းမဲ့သွားခဲ့လေပြီ။ သူသည် အမှန်တကယ်ပင် အချစ်ရေးတွင် လုံးဝကို စိတ်ကုန်သွားခဲ့ပြီဖြစ်သည်။ သူသည် လင်ကျိယွင်မှာ အပျိုစင်မဟုတ်ကြောင်းကို သိရှိထားပါလျက်နှင့် သူမအပေါ်ကောင်းမွန်ခဲ့ပြီး အလိုလိုက်ကာ သူကြောက်ရွံ့သော အစ်ကိုကြီးကိုပင် ဆန့်ကျင်ခဲ့သေး၏။

‘ငါက အသုံးမကျတဲ့ကောင်တစ်ယောက်များ ဖြစ်နေတာလား၊ ငါကရော ပျော်ရွှင်ခွင့်မရှိဘူးလား'

“ဝူး ဝူး ဝါး ဝါး”

All Chapters