← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

Ch-70

မင်္ဂလာခွင့်ရက်မှာ ကုန်ဆုံးတော့ပေမည်။ ရှန်ဟွိုင်နျန်နှင့် ရှဲ့လီတို့သည် တပ်ဆီသို့ပြန်လည်ထွက်ခွာလာခဲ့ကြသည်။ အဖေရှန်နှင့် အမေရှန်တို့သည် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း မျက်ရည်အချို့ကျဆင်းပြပြီးနောက် ရက်အနည်းငယ်အတွင်း မည်သည့်နေရာသို့ သွားရောက်လည်ပတ်ရမည်ကို ပျော်ရွှင်စွာဖြင့် စီစဉ်နေကြလေတော့၏။

ထိုညတွင် ရှန်ဟွိုင်နျန် သူ့ခရီးဆောင်အိတ်ကိုသိမ်းဆည်းနေစဉ် ရှဲ့လီသည် ကုတင်ပေါ်တွင်ထိုင်ကာ သစ်သီးများစားရင်း ချွဲပစ်ပစ်လေသံဖြင့် ရံဖန်ရံခါ ချီးကျူးစကားဆိုနေခဲ့လေသည်။

“အားနျန် ရှင်က အရမ်းတော်တာပဲနော်”

ရှန်ဟွိုင်နျန်သည်လည်း ဤချီးကျူးစကားများကို အလွန်ပင်သဘောကျနေခဲ့၏။ သူမ ဤသို့ပြောဆိုခြင်းကို သဘောကျမှန်းသိသောကြောင့် ရှဲ့လီသည် မကြာခဏဆိုသလို မြှောက်ပင့်ပြောဆိုနေတော့သည်။

သားရေလက်ဆွဲအိတ်ကြီးထဲတွင် အဝတ်အစားတစ်စုံမှလွဲ၍ ကျန်သည့်အရာများအားလုံးမှာ ရှဲ့လီအတွက် ပြင်ဆင်ထားခြင်းဖြစ်လေသည်။

“ရှောင်လီ မြို့တော်မှာလုပ်ခဲ့တဲ့ မင်္ဂလာပွဲက သာမန်လုပ်ထုံးလုပ်နည်းတစ်ခုပါပဲ၊ ကိုယ်တပ်ဆီကို မိသားစုနေအိမ်အတွက် လျှောက်ထားပြီးပြီ၊ ကိုယ်တို့ ပြန်ရောက်တဲ့အချိန်လောက်ဆိုရင် အတည်ပြုချက် ကျလာလောက်ပြီ၊ မင်း ဘယ်လိုအိမ်မျိုးကို သဘောကျလဲဆိုတာသာ ကိုယ့်ကိုပြောလိုက်၊ ကိုယ်ပြင်ဆင်ပေးမယ်”

ရှန်ဟွိုင်နျန်၏အသံမှာ အလွန်တိုးညှင်းနေခဲ့၏။ ရှဲ့လီ ခေါင်းစောင်းလိုက်ပြီး ထိုအမျိုးသားရင်ခွင်ထဲသို့ တိုးဝင်သွားလေသည်။

“အားနျန်နဲ့ အတူတူနေရသရွေ့ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ်”

ဤစကားမှာ သေချာပေါက် သူ့နားထဲသို့ရောက်စေရန် ရည်ရွယ်ပြောဆိုခြင်းဖြစ်ပြီး သူသည်လည်း ထိုစကားများ ကြားရသည်ကို အလွန်နှစ်သက်သဘောကျနေခဲ့လေသည်။

ရှန်ဟွိုင်နျန်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူ့ဝမ်းဗိုက်ပေါ်တွင် ပတ်ပြေးနေသော သူမလက်သေးသေးလေးများကို မတားဆီးခဲ့ပေ။ သူ့အသံတိုးသဲ့သဲ့ဖြင့်သာပြန်ဖြေလိုက်၏။

“အင်း”

ရှဲ့လီသည် ရှန်ဟွိုင်နျန်၏ဝမ်းဗိုက်ကြွက်သားများအား ကိုင်တွယ်ရသည်ကို အားမရနိုင်အောင်ဖြစ်နေခဲ့သည်။ သူမ မတတ်နိုင်ပေ။ သူမ၏အလှအပဆိုင်ရာစံနှုန်းမှာ အလွန်တည်ငြိမ်လှသည်။

သူမသည် အရပ် ၁၈၅စင်တီမီတာရှိပြီး အသားဖြူဖြူနှင့် ဝမ်းဗိုက်ကြွက်သားများရှိသော လူချောလေးများကို အမြဲတမ်း သဘောကျခဲ့သည်ပင်။

သူတို့နှစ်ဦးသည် တစ်ဦးကကုတင်ပေါ်တွင်အိပ်ပြီး တစ်ဦးက ကြမ်းပြင်ပေါ်တွင် အိပ်စက်ဆဲဖြစ်ကာ မည်သူကမျှ ထိုစည်းမျဉ်းကို မကျော်လွန်ခဲ့ကြပေ။

ရှန်ဟွိုင်နျန်သည် စောင်ကိုကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းလိုက်ပြီး သစ်သားသေတ္တာငယ်တစ်ခုကို ထုတ်ယူလိုက်လေသည်။

“ရှောင်လီ ဒါက မိသားစုပိုင်ဆိုင်မှုတွေကို ခွဲဝေတုန်းက ကိုယ်တို့ရခဲ့တဲ့ဟာတွေ”

ရှဲ့လီသည် သေတ္တာအတွင်းရှိပစ္စည်းများကို လှမ်းကြည့်လိုက်၏။ ဘဏ်စာအုပ်များ၊ ပိုင်ဆိုင်မှုအထောက်အထားစာချုပ်စာတမ်းအချို့နှင့် ရတနာအချို့ပါဝင်လေသည်။

ရှန်မိသားစု၏အခြေအနေမှာ မဆိုးလှပေ။ ရှန်ဟွိုင်နျန်သည် အပြစ်ကင်းစင်သောနောက်ခံရှိသည့် တတိယမျိုးဆက် တော်လှန်ရေးသမားတစ်ဦးဖြစ်ပြီး ဖုန်းချိုးကျင်းမှာ ချမ်းသာသောမိသားစုမှ သခင်မလေးတစ်ဦးဖြစ်သည်။

ရှန်မိသားစု၏ပိုင်ဆိုင်မှုများမှာ ရှဲ့မိသားစုကဲ့သို့သော အရင်းရှင်ကြီးများလောက်မများပြားသော်လည်း သာမန်လူများ၏ စိတ်ကူးယဉ်အိပ်မက်ထက်ပင် သာလွန်နေသေးသည်။

“ရှောင်လီ ဒါတွေကိုမင်းယူထားလိုက်ပါ”

ရှန်ဟွိုင်နျန်သည်ပစ္စည်းများကို ရှဲ့လီထံသို့ တွန်းပို့ပေးလိုက်၏။ သူ့မြေခွေးမျက်ဝန်းများထဲတွင် နူးညံ့ကြင်နာမှုများ ပြည့်နှက်နေခဲ့လေသည်။

သူ့အကြည့်အောက်တွင် ရှဲ့လီ အနည်းငယ် ရှက်သွေးဖြာသွားခဲ့ရ၏။ သူမလက်လှမ်းကာ သေတ္တာကိုပုတ်လိုက်လေသည်။

“ကျွန်မ ဒီပစ္စည်းတွေအကုန်လုံးကိုယူပြီး ထွက်ပြေးသွားမှာကို ရှင်မကြောက်ဘူးလား”

သူတို့ အတူတကွရှိနေခဲ့သည်မှာ သိပ်မကြာသေးပေ။ အနည်းဆုံးတော့ သူ့ပိုင်ဆိုင်မှုအားလုံးကို သူမထံသို့ လွှဲပြောင်းပေးရမည့် အဆင့်အထိ ရောက်နေပြီဟု ရှဲ့လီမထင်ခဲ့ပေ။

ရှန်ဟွိုင်နျန်သည် သူ့စောင်ကိုမကာဝင်လှဲလိုက်ပြီး လေသံမှာလည်း ပို၍ပင်တိုးညှင်းသွားခဲ့လေသည်။

“မင်းက ကိုယ့်ဇနီးလေ၊ ကိုယ်တို့လက်ထပ်စာချုပ်လည်း လုပ်ပြီးပြီ၊ မင်္ဂလာပွဲလည်း ကျင်းပပြီးပြီ၊ မင်းက ကိုယ့်ကို အားကိုးဖို့အတွက် ရှန်ဟိုင်းမြို့ကနေ ဒီအထိလာရှာခဲ့တာ၊ ဒါကြောင့် မင်းအတွက် ကိုယ်တာဝန်ယူရမယ်၊ မင်းပစ္စည်းတွေကိုယူပြီး ထွက်ပြေးသွားရင်တောင် အနည်းဆုံးတော့ မင်းကိုယ်မင်းထောက်ပံ့ဖို့ ပိုက်ဆံရှိနေမှာပဲ၊ အဲဒါက ကိုယ့်ကို ပိုပြီးစိတ်အေးစေတယ်”

ရှဲ့လီ စကားပြောမထွက်သည်ထိဖြစ်သွားရလေသည်။ ရှန်ဟွိုင်နျန်သည် ဤမျှလောက် အချစ်ကြီးသူတစ်ဦးဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

တံခါးဝတွင်ရပ်ကာ တံခါးခေါက်ရန် ပြင်နေသော ရှန်ဟွိုင်ချွမ်မှာ လက်ပြန်ရုတ်လိုက်မိသည်။ ယခုအချိန်တွင် သူသာ တံခါးခေါက်ပြီး အချစ်ရနံ့များကို ဖျက်ဆီးပစ်ပါက သူ့အစ်ကိုကြီးမှာ သူ့ခေါင်းကို တံခါးအဖြစ် သဘောထားကာ ပြန်ခေါက်လိမ့်မည်ကို သူသိထားလေသည်။

ရှန်ဟွိုင်ချွမ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲမှငြီးတွားလိုက်လေသည်။

‘တကယ့်ကို အဓိပ္ပာယ်မရှိတဲ့စကားတွေ'

“ရှဲ့လီက အစ်ကိုကြီးကို အားကိုးဖို့ ရောက်လာတာမလို့ အစ်ကိုကြီးက တာဝန်ယူရမယ်တဲ့လား၊ အရင် စစ်တပ်ဝင်းထဲက ကျိုးရှို့ရှို့ အကိုကြီးနောက်ကို နှစ်နှစ်တိတိလိုက်ခဲ့တုန်းကကျ သူ့ကို တစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ဘူးလေ၊ သူ့မျက်နှာကိုတောင် ခွေးချေးကပ်နေတဲ့ ပလာစတာလို့ပြောခဲ့သေးတာ မဟုတ်ဘူးလား”

ရှဲ့လီမှာ အိမ်တွင်အချိန်နည်းနည်းလောက်ဆက်နေပြီး သူ့အစ်ကိုကြီး၏နာမည်ဆိုးကို မြင်တွေ့သွားစေချင်၏။ သူ့အစ်ကိုကြီးမှာ ရုပ်ရည်ချောမောကြောင်းကို ရှန်ဟွိုင်ချွမ်ဝန်ခံပေသည်။

ငယ်စဉ်ကတည်းက မိန်းကလေးများစွာသည် သူ့အစ်ကိုကြီးနောက်ကို တန်းစီလိုက်ခဲ့ကြပြီး သူမှတစ်ဆင့် ရည်းစားစာများပင် ပေးပို့ခဲ့ကြသေးသည်။ သို့သော် မည်သည့်မိန်းကလေးတစ်ဦးမျှ ရှန်ဟွိုင်နျန်၏အနီးမှ ပြုံးရွှင်စွာဖြင့် ထွက်ခွာသွားနိုင်ခြင်းမရှိခဲ့ပေ။ သူတို့အားလုံးမှာ အဆိပ်ပြင်းသော သူ့စကားလုံးများကြောင့် မျက်ရည်များဖြင့်သာ ပြန်သွားခဲ့ကြရသည်။

သူ့အစ်ကိုကြီး၏အစစ်အမှန်စရိုက်လက္ခဏာကို သူ အမှန်တကယ်ပင် ဖွင့်ချလိုက်ချင်မိသည်။

သို့သော် သူ မလုပ်ရဲပေ....

….

“ရှောင်လီ”

ရှန်ဟွိုင်နျန်မှာ ရှဲ့လီဘက်သို့လှည့်အိပ်လိုက်လေသည်။ ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေသောကြောင့် ကုတင်ပေါ်ရှိ သူမအားမြင်နိုင်ရန် နည်းနည်းလှည့်ကြည့်ရလေ၏။

“ကိုယ့်မှာလည်း အားနည်းချက်တွေရှိပါတယ်၊ ကိုယ်က တော်တော်လေး အာဏာရှင်ဆန်ပြီး အိမ်ထောင်ဦးစီးလုပ်ရတာကို သဘောကျတယ်၊ နောင်အနာဂတ်မှာ မိသားစုကိစ္စတွေနဲ့ ပတ်သက်ရင် မင်း ကိုယ့်စကားကို နားထောင်ရမယ်”

သူသည် ဤစကားကိုအလွန်နူးညံ့ပြီး ရိုးသားဖြူစင်စွာပြောဆိုခဲ့ရာ ရှဲ့လီအနေဖြင့် ငြင်းဆန်ရန်မဖြစ်နိုင်တော့ပေ။ ရှန်ဟွိုင်နျန်၏ မြေခွေးမျက်ဝန်းများမှာ တွန့်ကွေးသွားခဲ့လေသည်။

“အခုကစပြီး အဝတ်လျှော်တာ၊ ထမင်းချက်တာနဲ့ အိမ်မှုကိစ္စတွေက ကိုယ့်တာဝန်ပဲ၊ အဲဒီကိစ္စတွေအတွက် မင်း ကိုယ့်စကားကို နားထောင်ရမယ်၊ ကျန်တဲ့ကိစ္စတွေအားလုံးကတော့ မင်းသဘောပဲ"

ရှဲ့လီ တံတွေးအတင်းမြိုချလိုက်ရလေသည်။ ဤမျှလောက် အရည်အချင်းရှိပြီး သဘောကောင်းသော အမျိုးသားတစ်ဦးအား သူမရရှိခဲ့သည်ကို မယုံကြည်နိုင်အောင်ဖြစ်နေမိ၏။ ရှဲ့လီသည် ရှက်သွေးဖြာရင်း ခေါင်းညိတ်ပြလိုက်လေသည်။

“အင်းပါ”

မထွက်ခွာမီတွင် ရှန်ဟွိုင်နျန်သည် ရှဲ့လီအား ခေါ်ဆောင်ကာ အဘိုးရှန်ထံသို့ ထပ်မံသွားရောက်နှုတ်ဆက်ခဲ့လေသည်။ အဘိုးရှန်မှာ အလွန်စိတ်ကြည်နေပြီး ရှဲ့လီအား စကားများစွာပြောဆိုခဲ့လေ၏။

“ဟွိုင်နျန်က ပွင့်လင်းလွန်းပြီး စကားကို ကောင်းကောင်းမွန်မွန် မပြောတတ်ဘူး၊ ရှောင်လီ ကျေးဇူးပြုပြီး သူ့အပေါ် စိတ်ရှည်ပေးပါကွယ်”

All Chapters