← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

Ch-71

အဘိုးရှန်၏အမြင်တွင် ရှန်ဟွိုင်နျန်သည် အလွန်ကြမ်းတမ်းပြီး ပြဿနာရှာတတ်သူတစ်ဦးဖြစ်လေသည်။ အကယ်၍ ထိုအချိန်က သူသာစစ်တပ်ထဲသို့မဝင်ခဲ့ပါက သူသည် အိမ်ကို ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု အဘိုးရှန်ခံစားနေခဲ့ရ၏။ ရှဲ့လီ၏မျက်နှာပေါ်တွင် နားမလည်နိုင်သောအမူအရာများ ပေါ်လာခဲ့၏။

‘ကြမ်းတမ်းတယ်တဲ့လား’

အဘိုးရှန်၏အိမ်မှ ထွက်ခွာလာပြီးနောက် ရှန်ဟွိုင်နျန်သည် ရှဲ့လီအား မြို့တော်ရှိ ချင်းမန်လမ်းသို့ခေါ်ဆောင်သွားခဲ့လေသည်။

ဤလမ်းပေါ်တွင် အစားအသောက်များ အများအပြားရှိပြီး မြို့တော်၏ နာမည်ကြီး အစားအစာများဖြစ်သော ပဲစိမ်းမုန့်၊ အိုက်ဝိုဝို၊ ဟော်သွန်းကိတ်စသည်တို့ အားလုံးရရှိနိုင်လေသည်။

ရှောင်ချီသည် သူ့တပ်မှူးနှင့်အတူ မြို့တော်သို့ ယခင်ကရောက်ဖူးသော်လည်း ဤကဲ့သို့လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်မရခဲ့ဖူးပေ။

သူသည် သွားများပေါ်သည်အထိပြုံးဖြီးကာ အရူးတစ်ယောက်အလား ရယ်မောနေခဲ့လေသည်။

“ဒီနေ့တော့ မရီးရဲ့ကျေးဇူးကြောင့် ကျွန်တော် မြို့တော်ကိုလည်ပတ်ခွင့်ရသွားပြီ”

သူတို့သုံးဦးသည် မြို့တော်တွင် လည်ပတ်ကြပြီး ပစ္စည်းအချို့ဝယ်ယူကာ ထမင်းစားသောက်ပြီးနောက် လျောင်းနင်ပြည်နယ်သို့ ပြန်မည့်ရထားကို စီးခဲ့ကြလေ၏။

ဤသည်မှာ ရှန်ဟွိုင်နျန်အိမ်သို့ ရှဲ့လီ ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်သည်။ ယခင်အကြိမ်က သူမ လိုက်ပါလာခဲ့သော်လည်း အပေါ်ထပ်သို့မတက်ခဲ့ရသလို ကားပေါ်မှပင်မဆင်းခဲ့ရပေ။

တိုက်ခန်းမှာ စတုရန်းမီတာလေးငါးဆယ်ခန့်ကျယ်ဝန်းပြီး အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်းပါဝင်လေသည်။ မီးဖိုချောင်မပါဝင်ဘဲ တိုက်ခန်းတွဲရှိ မီးဖိုချောင်ကို ပူးတွဲအသုံးပြုရခြင်းဖြစ်သည်။

အတွင်းပိုင်း အလှဆင်မှုမှာ အလွန်ပင် ရိုးရှင်းလှ၏။ ဘိလပ်မြေကြမ်းခင်းနှင့် အဖြူရောင်သုတ်ထားသော နံရံများသာဖြစ်သည်။

ဧည့်ခန်းတွင် စားပွဲတစ်လုံးနှင့် ကုလားထိုင်နှစ်လုံးသာရှိသည်။ အိပ်ခန်းထဲတွင်လည်း သစ်သားကုတင်တစ်လုံးနှင့် ဗီရိုတစ်လုံးသာရှိလေ၏။

“ထိုင်ပါဦး ကိုယ်ရေနွေးသွားတည်လိုက်ဦးမယ်”

ရှန်ဟွိုင်နျန်သည် ခရီးဆောင်အိတ်ကို ချထားလိုက်ပြီး ရှဲ့လီထိုင်ရန်အတွက် ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ပေးလိုက်လေသည်။

သူ အနည်းငယ်နေရခက်နေခဲ့၏။ ထိုအမျိုးသမီးမှာ သူ့ဇနီးဖြစ်သော်လည်း အမျိုးသမီးတစ်ဦး သူ့အခန်းတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်။

သူသည် အလူမီနီယံရေနွေးအိုးကြီးတစ်လုံးကိုကိုင်ကာ အပြင်သို့ထွက်သွားလေ၏။ ရှဲ့လီက ခြေချိတ်ထိုင်ကာ ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုနေခဲ့၏။

ဤအမျိုးသားမှာ အလွန်သန့်ရှင်းသပ်ရပ်သူဖြစ်သည်။ ဘိလပ်မြေကြမ်းခင်းမှာ ပြောင်လက်နေပြီး စားပွဲပေါ်တွင်လည်း အညစ်အကြေးတစ်စက်မျှမရှိပေ။ သူမ မတ်တတ်ရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်ရာ ပြတင်းပေါက်ကြားများရှိ ဖုန်မှုန့်များကိုပင် ပြောင်စင်နေအောင် သန့်ရှင်းရေးလုပ်ထားသည်ကို တွေ့လိုက်ရလေသည်။

‘သူ့မှာ အသန့်ကြိုက်လွန်းတဲ့ရောဂါများ ရှိနေတာလား’

ရှဲ့လီစုပ်သပ်လိုက်ပြီး အိပ်ခန်းဆီသို့ လျှောက်သွားလိုက်လေသည်။ သစ်သားကုတင်ပေါ်တွင် အပြာနှင့် အဖြူကွက်ကျား အိပ်ရာခင်းကိုခင်းထားပြီး လုံးဝပြန့်ပြူးနေအောင် ဆွဲဆန့်ထား၏။ စစ်စိမ်းရောင်စောင်ကိုလည်း တိုဟူးတုံးတစ်တုံးအလား သပ်ရပ်စွာ ခေါက်ထားရာ ရှဲ့လီစိတ်ကူးထဲရှိ စစ်သားတစ်ဦး၏ပုံစံနှင့် အတိအကျ ကိုက်ညီနေသည်။

ခရီးရှည်သွားခဲ့ရသဖြင့် ရှဲ့လီသည်လည်း အနည်းငယ်ပင်ပန်းနေပြီဖြစ်ရာ ကုတင်စွန်းတွင် ထိုင်ချလိုက်သည်။

ကုတင်ခေါင်းရင်းရှိ ထင်ရှားသော နေရာတွင် ကျည်ဆန်ခွံများ၊ ဘောပင်ထည့်သည့်ဘူးတစ်ခုနှင့် စစ်သုံးဓားမြှောင်တစ်လက်ကို ထားရှိလေ၏။

ရှဲ့လီသည် ကျည်ဆန်ခွံတစ်ခုကို ကောက်ယူကာ သူမလက်ထဲတွင် ချိန်ဆကြည့်လိုက်သည်။ သူမအား အရာအားလုံးပေးအပ်မည်ဟု ပြောဆိုစဉ်က ရှက်သွေးဖြာနေခဲ့သော အမျိုးသားသည် စစ်မြေပြင်တွင် ကြမ်းတမ်းရဲရင့်လိမ့်မည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

*ကျွိ*

တံခါးပွင့်လာခဲ့ပြီး ရှန်ဟွိုင်နျန်က ရေနွေးအိုးကိုကိုင်ကာ ဝင်ရောက်လာလေသည်။ ၀င်၀င်ခြင်းမှာတင် သူ့ကုတင်ပေါ်တွင်ထိုင်နေသော ရှဲ့လီကိုမြင်တွေ့လိုက်ရ၏။

သူ့လက်ချောင်းများက ရေနွေးဘူးလက်ကိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိလေသည်။ သူလှည့်ကာ ရေတစ်ခွက်ငှဲ့လိုက်၏။

“အထက်ကိုလျှောက်ထားတဲ့ အိမ်က စတုရန်းမီတာ ၁၂၀ အကျယ်အဝန်းရှိတယ်၊ ကိုယ့်ရာထူးနဲ့ဆိုရင် ၇၀စတုရန်းမီတာရှိတဲ့ တစ်ယောက်တည်းနေတဲ့ အခန်းကိုလျှောက်လို့ရပေမဲ့ ကိုယ်က တစ်ယောက်တည်းနေတာဆိုတော့ ပြောင်းရွှေ့ရတာပျင်းလို့လေ”

ရှဲ့လီ ခေါင်းညိတ်ပြလိုက်လေသည်။

‘ဒါက ရှင်းနေတာပဲလေ။ ပရိဘောဂငါးခုတောင်မပြည့်တဲ့သူက အိမ်ဘယ်လောက်ကျယ်ကျယ် ဘယ်လိုလုပ် ဂရုစိုက်ပါ့မလဲ'

“ဒါက စစ်မြေပြင်ကနေရထားတာလား”

ရှဲ့လီ သူမလက်ကိုဖြန့်ပြလိုက်ရာ ဖြူဝင်းသော လက်ဖဝါးလေးပေါ်တွင် ကျည်ဆန်ခွံတစ်ခု ရှိနေလေသည်။

ရှန်ဟွိုင်နျန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်လေ၏။

“အဲဒါက ကိုယ့်ကိုထဲကိုဝင်လာတဲ့ ကျည်ဆန်လေ”

ရှန်ဟွိုင်နျန်သည် သူ့ဘယ်ဘက်ပခုံးကို လက်ညှိုးထိုးပြလိုက်လေသည်။ ရှဲ့လီသည် ကျည်ဆန်ခွံနှင့် ရေခွက်ကို ချထားလိုက်ပြီး သူ့အင်္ကျီကိုလှန်တင်ရန် လက်လှမ်းလိုက်လေသည်။

သူသည် သာမန်ဝတ်စုံကို လဲလှယ်ထားပြီးဖြစ်၏။ ရှဲ့လီက စိတ်မရှည်တော့ပဲ စစ်စိမ်းရောင် တီရှပ်အင်္ကျီကို သူ့ပခုံးအထိ ဆွဲတင်လိုက်လေသည်။

ဤအမျိုးသားမှာ အသားဖြူလွန်းသော်လည်း ပိန်လှီနေခြင်းမဟုတ်ပေ။ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားလိုင်းများမှာ အချိုးအစားကျပြီး ခွန်အားအပြည့်ရှိပုံ ပေါက်နေလေသည်။

သူမ ထင်ထားသည့်အတိုင်းပင် သူ့ဘယ်ဘက်ပခုံးတွင် အလွန်ထင်ရှားသော အမာရွတ်တစ်ခု ရှိနေလေသည်။

ရှန်ဟွိုင်နျန်သည် ဘောင်းဘီစများကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသော်လည်း မငြင်းဆန်ခဲ့ဘဲ ရှဲ့လီအား ကြည့်ရှုစမ်းသပ်ခွင့်ပြုထားလေသည်။

လေထုမှာ အနည်းငယ်လေးလံလာခဲ့၏။ ရှဲ့လီသည် လေထုထဲတွင် ရိုမန့်တစ်ဆန်သော အငွေ့အသက်များကို ခံစားလိုက်ရသည်။

အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးတည်းရှိနေသော အခန်းအတွင်းတွင် အင်္ကျီကို လှန်တင်နေခြင်းမှာ.....

ရှန်ဟွိုင်နျန် တံတွေးကိုအတင်းမြိုချလိုက်လေသည်။ သူ ဤမျှလောက် တစ်ခါမျှ မစိုးရိမ်ဖူးခဲ့ပေ။

ရှဲ့လီ၏လက်ချောင်းထိပ်လေးက အမာရွတ်အား လာရောက်ထိတွေ့သည်ကို သူ ခံစားလိုက်ရသည်။ သူမမေးလာ၏။

“နာလားဟင်”

ရှန်ဟွိုင်နျန် ခေါင်းခါပြလိုက်သည်။

“မနာပါဘူး”

ရှဲ့လီခေါင်းညိတ်ပြလိုက်ပြီး ထပ်မံ၍ ပွတ်သပ်လိုက်လေသည်။

“တွန့်နေတဲ့ စအိုဝနဲ့တူတယ်နော်”

“……”

လေထုထဲရှိ စေးကပ်နေသောခံစားချက်များ လွင့်ပကင်းစင်သွားပြီး တစ်စက္ကန့်အတွင်းမှာပင် လန်းဆန်းသွားခဲ့လေသည်။

ရိုမန့်တစ်ဆန်သော အငွေ့အသက်များမှာလည်း ရိုမန့်တစ်မဆန်သော ဤအမျိုးသမီး၏လက်ချက်ဖြင့် လုံးဝ ဖရိုဖရဲလွင့်စင်သွားခဲ့လေပြီ။

ရှန်ဟွိုင်နျန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“အင်း အဲ ဟုတ်တယ်”

သူသည် ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး တောင့်တင်းနေသောမျက်နှာဖြင့် ရေချိုးခန်းဆီသို့ လျှောက်သွားလေတော့သည်။

“ဖူး”

ရှဲ့လီသည် ရယ်ချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ ကျည်ဆန်ခွံကိုပွတ်သပ်လိုက်ပြီး မူလနေရာသို့ ပြန်ထားလိုက်လေ၏။

‘ပျော်စရာကြီးပဲ'

All Chapters