အခန်း ၇၂
Vol. 8 Ch. 72
Ch-72
သူတို့နှစ်ဦးသည် သီးခြားစီအိပ်နေကြဆဲ ဖြစ်သည်။ ရှဲ့လီက အိပ်ခန်းထဲတွင် အိပ်ပြီး ရှန်ဟွိုင်နျန်သည် သူမဘေးရှိ ကြမ်းပြင်ပေါ်တွင် အိပ်ရာခင်းကာ အိပ်လေသည်။
အိပ်ရာခင်းများကို အသစ်လဲလှယ်ထားသဖြင့် စောင်မှရနေသော လတ်ဆတ်သည့် ဆပ်ပြာရနံ့လေးကိုရှူရှိုက်ရင်း ရှဲ့လီ နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့လေ၏။
နောက်နေ့တွင် ရှန်ဟွိုင်နျန်သည် အိပ်ရာမှထကာ နံနက်စာပြင်ဆင်ပြီးနောက် စစ်တပ်ဆီသို့ ထွက်သွားသည်။
ရှဲ့လီ နိုးလာသောအခါ စားပွဲပေါ်တွင် ပန်းကန်ပြားများဖြင့် ဖုံးအုပ်ထားသော ပန်းကန်လုံးငယ်သုံးလုံးကို တွေ့လိုက်ရသည်။ ကြက်သွန်မြိတ်နှင့် ကြော်ထားသော ကြက်ဥကြော် တစ်ပန်းကန်၊ ပြောင်းဆန်ပြုတ် တစ်ပန်းကန်နှင့် ကျန်တစ်ပန်းကန်တွင်မူ နူးညံ့သောပေါက်စီတစ်လုံးရှိနေလေ၏။
ရှဲ့လီသည် ပေါက်စီစားကာ ဆန်ပြုတ်သောက်ပြီး ကြက်ဥကြော်ကိုပါ တစ်ပါတည်း စားသောက်လိုက်လေသည်။ အလွန်ပင် အရသာရှိလှပေ၏။
နံနက်စာစားပြီးနောက် သူမသည် ကုတင်ပေါ်တွင်လှဲလျောင်းကာ တွေးတောနေမိ၏။ သူမ ရှန်ဟွိုင်နျန်ကိုလက်ထပ်လိုက်သောကြောင့် အရင်းရှင်ရှင်းလင်းရေးကြီးမှ လွတ်မြောက်နိုင်ခဲ့ပြီဖြစ်သည်။
ယခုအခါ သူမနေရာလွတ်ထဲတွင် အဆုံးမရှိသော စည်းစိမ်ဥစ္စာများရှိနေပြီဖြစ်ရာ သူမအနာဂတ်ဘဝမှာ တည်ငြိမ်သွားပြီဟု ဆိုနိုင်ပေသည်။
*ဒေါက် ဒေါက် ဒေါက်*
တံခါးခေါက်သံထွက်ပေါ်လာလေသည်။ ရှဲ့လီ တံခါးသွားဖွင့်လိုက်ရာ မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် အရပ်သိပ်မရှည်ဘဲ ရွှင်လန်းတက်ကြွသောပုံစံရှိလေသည်။
ရှဲ့လီကိုမြင်သည်နှင့် သူမက ကပျာကယာ နှုတ်ဆက်လိုက်သည်။
“ရှင်က တပ်မှူးရှန်ရဲ့ဇနီး ဖြစ်ရမယ်၊ ကျွန်မက ကျန်းချင်းလျန်ရဲ့ဇနီး ယန်ဝမ်ယန်ပါ၊ ကျွန်မယောက်ျားချင်းလျန်က အားရင်အားသလိုလာပြီး အဖော်လုပ်ပေးဖို့နဲ့ စစ်တပ်ဝင်းထဲကို လိုက်ပြပေးဖို့ ပြောလို့ပါ၊ တပ်မှူးရှန်က ရှင်တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ သူ့ကို သီးသန့်မှာထားတာတဲ့လေ”
ယန်ဝမ်ယန်သည် သွက်လက်ပြီး ပွင့်လင်းစွာ ပြောဆိုတတ်သူဖြစ်၏။ ရှဲ့လီက စိတ်မခုဘဲပြုံးကာ သူမအား အိမ်ထဲသို့ ခေါ်လိုက်လေသည်။
“လာ အထဲဝင်ပြီး ရေလေးဘာလေး သောက်ပါဦး”
“အိုး ဟုတ်ကဲ့၊ အခုကစပြီး ကျွန်မရှင့်ကို ယောင်းမလို့ပဲခေါ်တော့မယ်နော်”
ယန်ဝမ်ယန်မှာ အလွန်ပင်စိတ်အားထက်သန်နေခဲ့၏။
“ယောင်းမ ဒီနေ့ ရာသီဥတုကသာယာတယ်၊ အောက်ထပ်ဆင်းပြီး နေပူစာလှုံကြရအောင်၊ ကျွန်မတို့က ဘာမှလုပ်စရာမရှိရင် အောက်ထပ်မှာပဲ အချိန်ဖြုန်းလေ့ရှိကြတယ်၊ လူအုပ်ကြီးနဲ့ဆိုတော့ ပျော်စရာကောင်းတယ်လေ”
ရှဲ့လီ ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ဦးသည် လက်ချင်းချိတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့ကြလေသည်။
အောက်ထပ်ရှိ မိုးမခပင်ကြီးအောက်တွင် စစ်သည်ဇနီးသည်များ ဝိုင်းဖွဲ့နေကြလေသည်။ ရှဲ့လီကိုမြင်သောအခါ သူတို့အားလုံး အံ့အားသင့်သွားကြ၏။
ကျန်းရှောင်ယန်မှာ အပိုလုပ်တတ်သူဖြစ်ပြီး သူမလက်ထဲရှိ ဟင်းသီးဟင်းရွက်များ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်အထိ ရှဲ့လီအား စိုက်ကြည့်ကာ အော်ဟစ်လိုက်လေသည်။
“အိုး ဘုရားရေ ဘယ်မိသားစုကနတ်သမီးလေး လူ့ပြည်ကိုဆင်းသက်လာတာလဲ”
အခြားသူများက သူမ၏အမူအရာကြောင့် သဘောကျကာရယ်မောလိုက်ကြလေသည်။ ယန်ဝမ်ယန်သည် ရှဲ့လီအားဆွဲခေါ်လာပြီး စိတ်အားထက်သန်စွာဖြင့် မိတ်ဆက်ပေးလိုက်လေ၏။
“ဒါ တပ်မှူးရှန်ရဲ့ဇနီးလေ”
ရှဲ့လီ တိုက်ခန်းအဝင်ဝတွင်ရပ်နေခဲ့သည်။ သူမကမိတ်ကပ်မလိမ်းထားဘဲ ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားလေသည်။
အပြာရောင် ပန်းပွင့်အဆင်ချည်သားဂါဝန်ကို ဝတ်ဆင်ထား၏။ ဆံပင်များကို ဘေးဘက်သို့ကျစ်ဆံမြီးပွပွလေးကျစ်ကာ ပခုံးပေါ်ချထားပြီး ခြေထောက်တွင် ပန်းရောင်ပလတ်စတစ်ဖိနပ်ကို စီးထားလေ၏။
ဤဝတ်စုံမှာ အလွန်ပင်ရိုးရှင်းလှသည်။
သို့သော်လည်း သူမဝတ်ဆင်ထားသောအခါတွင် ထူးခြားသောဆွဲဆောင်မှုတစ်ခုရှိနေလေသည်။ စကတ်အောက်မှ ပေါ်ထွက်နေသော ခြေသလုံးလေးများမှာ နှင်းပွင့်အလားဖြူဖွေးနေပြီး ကြာစွယ်ထက်ပင် ပိုဖြူနေလေသည်။
ဤအမျိုးသမီးအများစုမှာ ကျေးလက်ဒေသမှနေ၍ သူတို့ခင်ပွန်းများထံ လိုက်ပါလာကြသူများဖြစ်ပြီး ဤမျှလောက်နူးညံ့သိမ်မွေ့သော အလှတရားမျိုးကို တစ်ခါမျှမမြင်တွေ့ဖူးခဲ့ကြပေ။
ရှဲ့လီသည်လည်းမရှက်ရွံ့ဘဲ စစ်သည်ဇနီးသည်များအား ရင်းနှီးပွင့်လင်းစွာ နှုတ်ဆက်လိုက်လေသည်။
“မင်္ဂလာပါ ယောင်းမတို့”
သူမအသံလေးမှာ ချိုသာပြီးနူးညံ့လှသည်။ စစ်သာ်ဇနီးသည်များအားလုံးမှာ သူမတို့လေသံကို အလိုအလျောက်ပင် လျှော့ချလိုက်ကြလေ၏။
“အိုး အိုး လာထိုင်၊ မြန်မြန်လာ”
“ကြည့်စမ်း တပ်မှူးရှန်က ဒီလောက် လှပတဲ့အလှလေးကိုရထားတာ တကယ့်ကို ကံကောင်းတာပဲ”
“ဒီမျက်နှာလေးကို ကြည့်ပါဦး၊ အခွံနွှာထားတဲ့ ကြက်ဥလေးလို နူးညံ့နေတာပဲ”
စစ်သည်ဇနီးသည်များထံမှ ချီးကျူးစကားများ အဆက်မပြတ်ထွက်ပေါ်နေခဲ့လေသည်။ ဤသည်မှာ မြှောက်ပင့်ပြောဆိုခြင်းမဟုတ်ဘဲ ရိုးသားဖြူစင်စွာ ပြောဆိုနေကြခြင်းဖြစ်သည်။
ရှဲ့လီမှာ အမှန်တကယ်ပင် အင်မတန်လှပသူဖြစ်၏။ နို့နှစ်ကဲ့သို့ဖြူဝင်းသော အသားအရေ၊ ၁၇၂ စင်တီမီတာရှိသော အရပ်အမောင်းနှင့် ကွေးညွတ်လှပသော ခန္ဓာကိုယ်အချိုးအစားတို့ကြောင့် သူမသည် ကြက်အုပ်ထဲရောက်နေသော ကြိုးကြာငှက်တစ်ကောင်အလား လူအုပ်ထဲတွင် ထင်ရှားနေလေသည်။
ရှဲ့လီသည် စစ်သည်ဇနီးများကြားတွင် ထိုင်ကာ သူတို့နှင့်အတူအပြန်အလှန် စကားပြောဆိုနေခဲ့လေသည်။ ယခုမှစ၍ သူမသည် ဤနေရာတွင် နေထိုင်ရမည်ဖြစ်ပြီး တစ်သက်လုံး ဤနေရာတွင် နေထိုင်သွားရဖွယ်လည်းရှိလေ၏။ ရှန်ဟွိုင်နျန်အတွက် ပြဿနာများမဖြစ်စေလိုသဖြင့် သူမသည် တတ်နိုင်သမျှ ဆက်ဆံရေးကောင်းများ တည်ဆောက်လိုခြင်းဖြစ်သည်။
“ဟွိုင်နျန်နဲ့ ကျွန်မက အလောတကြီးပြန်လာခဲ့ရတာ၊ ဟွိုင်နျန်ဘက်ကကိစ္စတွေ အားလုံးပြီးသွားရင် ယောင်းမတို့ အားလုံးကို မင်္ဂလာသကြားလုံးတွေဝေပေးပါ့မယ်”
ရှဲ့လီက ပြုံးရွှင်စွာဖြင့်ပြောလိုက်လေသည်။
သူမ ပြဿနာမရှာသောအချိန်များတွင် သူမသည် အမှန်တကယ်ပင်နူးညံ့သိမ်မွေ့သော အလှလေးတစ်ဦးဖြစ်လေ၏။ သူမအသံလေးမှာလည်း နူးညံ့သလို သူမပုံစံလေးမှာလည်း နူးညံ့လှသည်။
စစ်သည်ဇနီးများမှာ သူမဘေးတွင် ဝိုင်းရံကာ အဆက်မပြတ်စကားပြောဆိုနေကြလေသည်။ စစ်တပ်ဝင်းအတွင်းသို့ လူသစ်တစ်ဦးရောက်လာခြင်းမှာ အမြဲတမ်းဖြစ်လေ့ရှိသောကိစ္စမဟုတ်ရာ လူတိုင်းက စကားစမြည်ပြောလိုနေကြသည်။
ယန်ဝမ်ယန်သည် ဘေးမှနေ၍ ရှဲ့လီ၏မျက်နှာအမူအရာကို အကဲခတ်နေခဲ့၏။ သူမအမျိုးသားက ရှဲ့လီအားပျော်ရွှင်အောင်ထားပေးရန် သူမကိုမှာကြားထားခဲ့သည်ပင်။
ရှဲ့လီသည် တပ်မှူးရှန်၏မျက်လုံးအတွင်းမှ မျက်ဆန်လေးဖြစ်သည်။ ရှဲ့လီသာ ပျော်ရွှင်နေပါက တပ်မှူးရှန်သည်လည်း စိတ်အခြေအနေ ကောင်းမွန်မည်ဖြစ်ပြီး ထိုအခါမှသာ သူမအမျိုးသားလည်း အသက်ရှူချောင်ပေမည်။ ဤသည်မှာ သူမအမျိုးသားကို ကာကွယ်စောင့်ရှောက်ရန် သွယ်ဝိုက်သော နည်းလမ်းတစ်ခုဖြစ်၏။