← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

Ch-75

ရှဲ့လီ လက်မြှောက်ကာ လီချယ်၏လက်မောင်းအဆစ်ကို ဖြုတ်ချလိုက်ပြီး သူအော်ချိန်မရလိုက်မီမှာပင် ချက်ချင်းပင် မူလနေရာသို့ပြန်တည့်ပေးလိုက်လေသည်။

“ထိခိုက်ဒဏ်ရာ ရှေးဦးသူနာပြုစုခြင်းလား၊ ကျွန်မက အတော်ဆုံးပဲ”

ရှဲ့လီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်မထောင်ပြလိုက်လေ၏။ သူမသည် ကူးပြောင်းမလာမီက စစ်တပ်ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် မဝင်ရောက်နိုင်ခဲ့ပေ။

လီချယ် စကားမပြောသည်ကိုမြင်သောအခါ ရှဲ့လီက လှည့်ထွက်သွားရန် ပြင်လိုက်လေသည်။ လီချယ် အံတင်းတင်းကြိတ်လိုက်မိ၏။

“ကောင်းပြီလေ၊ ကျွန်တော် နည်းလမ်းရှာကြည့်ပါ့မယ့်”

ရှဲ့လီ၏နှုတ်ခမ်းများ ကွေးညွတ်သွားခဲ့လေသည်။

“ခေါင်းဆောင်ကြီး တာဝန်ကိုပေးအပ်ပါတော့”

ရှဲ့လီ၏အဓိကတာဝန်မှာ တပ်မမှူးယဲ့၏သမီးနှင့် ဇနီးတို့အနီးတွင် ပုန်းအောင်းကာ သံသယဖြစ်ဖွယ်လူများကို ရှာဖွေရန်ဖြစ်သည်။ သူမသည် ဤကိစ္စအတွက် အသင့်တော်ဆုံးသူတစ်ဦးဖြစ်လေ၏။

“ရဲဘော်ရှဲ့လီ ဒါပြီးခဲ့တဲ့အကြိမ် ရန်သူ့သူလျှိုတွေကို ဖမ်းဆီးရာမှာကူညီပေးခဲ့တဲ့အတွက် ခေါင်းဆောင်တွေက ခင်ဗျားကို ချီးမြှင့်တဲ့ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဆုတံဆိပ်ပါ၊ ဒါပေမဲ့ ဒါတွေကို လောလောဆယ် ကျွန်တော်ပဲ သိမ်းထားပေးပါ့မယ်၊ လက်စားချေခံရမှာကို ရှောင်ရှားဖို့အတွက် သင်္ဘောပေါ်မှာ ရန်သူ့သူလျှိုတွေကို ဖမ်းဆီးရာမှာ ခင်ဗျားကူညီခဲ့တယ်ဆိုတာကို ဘယ်သူမှ သိလို့မရပါဘူး၊ ပြီးတော့ ဒီနေ့ကိစ္စကိုလည်း လျှို့ဝှက်ထားရမယ်၊ ခင်ဗျားရဲ့ အမျိုးသားအပါအဝင် ဘယ်သူမှသိလို့မရဘူး၊ အခုကစပြီး ခင်ဗျားက သာမန် စစ်မှုထမ်းဇနီးသည်တစ်ယောက်ပဲ နားလည်တယ်မလား”

လီချယ်က သူမအားအထပ်ထပ်အခါခါ မှာကြားခဲ့ပြီး သူတို့နှစ်ဦးသည် လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြလေသည်။

ရှဲ့လီသည် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့၏စည်းမျဉ်းများကို ကောင်းကောင်းသိရှိနားလည်ထားသူဖြစ်ရာ ခေါင်းညိတ်ပြလိုက်လေ၏။

*ဒေါက် ဒေါက် ဒေါက်*

အလောတကြီးတံခါးခေါက်သံများ ထွက်ပေါ်လာပြီးနောက် ယနေ့ ရှဲ့လီအား စစ်တပ်ဝင်းအတွင်းသို့ သွားရောက်ရှာဖွေခဲ့သော မက်မွန်စေ့မျက်နှာနှင့်လူ ပြေးဝင်လာခဲ့လေသည်။

“တပ်မှူးလီ မြန်မြန်လုပ်ပါ၊ ကျွန်တော်တို့ ရဲဘော်ရှဲ့လီကို အခုချက်ချင်းပြန်မလွှတ်ပေးရင် သူ့ယောက်ျားက ကျွန်တော်တို့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနကို ဖြိုချပစ်တော့မယ်”

ရှဲ့လီ : “……”

“ရှန်ဟွိုင်နျန် ရောက်နေတာလား”

မက်မွန်စေ့မျက်နှာနှင့်လူသည် သူ့ပေါင်ကိုသူ ရိုက်လိုက်လေ၏။

“ရောက်နေတာထက်တောင် ပိုသေးတယ်၊ ခင်ဗျားကိုယ်တိုင် သွားကြည့်လိုက်ပါ”

လီချယ် အံ့အားသင့်သွားခဲ့ရ၏။ သူသည် လျောင်းနင်ပြည်နယ်ရေတပ်ဝန်ကြီးဌာန၏ အသက်အငယ်ဆုံးတပ်မှူး၊ ‘ဝါဟာဆိုင်းပင်လယ်ပြင်၏ ရဲရင့်သော စစ်သူကြီး’၊ ရန်သူနိုင်ငံများကို ထိတ်လန့်တုန်လှုပ်စေသောဖြစ်တည်မှုတစ်ခုဖြစ်သည့် ရှန်ဟွိုင်နျန်၏နာမည်ကို သေချာပေါက် ကြားသိထားပြီးဖြစ်လေသည်။

“မြန်မြန် မြန်မြန် မြန်မြန်”

လီချယ်သည် ရှဲ့လီအားဆွဲကာပြေးထွက်သွား၏။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများနှင့် သိလိုစိတ်များပြည့်နှက်နေခဲ့လေသည်။

‘ဝါဟာဆိုင်း စစ်နတ်ဘုရား’ ဆိုသူက လှပသော အမျိုးသမီးတစ်ဦးအတွက် ဒေါသထွက်နေသည့်ပုံစံမှာ မည်သို့ရှိမည်ကို သူကြည့်ရှုလိုလေသည်။

ရှဲ့လီ : “...…”

‘သူ ရူးနေတာလား'

ရှဲ့လီ အပြင်သို့ထွက်လာသည်နှင့်တစ်ပြိုင်နက် ဧည့်ခန်းရှိကုလားထိုင်တစ်လုံးပေါ်တွင်ထိုင်နေသော ရှန်ဟွိုင်နျန်ကို မြင်တွေ့လိုက်ရလေသည်။ သူသည် မီးခိုးပြာရောင်ရေတပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်သောကိုယ်နေဟန်ထားနှင့် အေးစက်ခက်ထန်သော မျက်နှာထားကို ပိုင်ဆိုင်ထား၏။

“အားနျန်”

ရှဲ့လီက သူမအသံကို ချွဲပစ်ပစ်လေသံအဖြစ်သို့ ပြောင်းလဲလိုက်လေသည်။

လီချယ် : “……”

‘ဟမ် ရဲဘော်ရှဲ့လီက ဘာလို့ ရုတ်တရက် ကြွက်သေစားထားတဲ့ အသံကြီးဖြစ်သွားရတာလဲ'

ရှန်ဟွိုင်နျန်က ရှဲ့လီကိုမြင်သည်နှင့်တစ်ပြိုင်နက် သူ့မျက်နှာထားမှာ အနည်းငယ် နူးညံ့သွားခဲ့လေ၏။

သူသည် ရှေ့တိုးလာကာ သူမအား ခေါင်းအစ ခြေအဆုံးအကဲခတ်ကြည့်ရှုလိုက်သည်။

“ဘယ်လိုနေလဲ၊ ထိခိုက်ဒဏ်ရာရတာတွေရှိသေးလား”

သာမန်လူများအနေဖြင့် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနကဲ့သို့ နေရာမျိုးကို ဝင်ရောက်ရပါက မည်သည့်အရာမှ ကောင်းမွန်လေ့မရှိပေ။

ရှဲ့လီသည် ခေါင်းခါပြလိုက်ပြီး သူမ၏မက်မွန်ပွင့်မျက်ဝန်းများကို တဖျပ်ဖျပ်ခတ်လိုက်လေသည်။

“မရှိပါဘူး၊ တပ်မှူးလီက လူမှားခေါ်လာတာပါ၊ အခုလေးတင် အားလုံးစစ်ဆေးပြီးသွားပြီ”

လီချယ်ကလည်း လိမ်ဆင်ကိုကူညီဖုံးကွယ်ပေးရန် ရှေ့ထွက်လာခဲ့လေသည်။

“ဟားဟားဟား ဟုတ်တယ် ဟုတ်တယ် ဟုတ်ပါတယ်၊ ကျွန်တော်တို့ အမှားလုပ်မိတာပါ၊ တပ်မှူးရှန် ခင်ဗျားအကြောင်းတွေ အများကြီးကြားဖူးပါတယ်”

သူသည် ဖော်ရွေသောအမူအရာဖြင့် သူ့လက်ကို ဆန့်တန်းပေးလိုက်လေ၏။

ရှန်ဟွိုင်နျန်သည် လီချယ်ဆန့်တန်းထားသောလက်ကို စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်နေခဲ့ပြီ အေးစက်ခက်ထန်စွာ စိုက်ကြည့်လိုက်လေ၏။

ရှန်ဟွိုင်နျန်သည် ရှဲ့လီအား သူ့အနောက်တွင် ကာကွယ်ပေးထားပြီး လီချယ်ကို အေးစက်စက်စိုက်ကြည့်နေလေသည်။

“တပ်မှူးလီ၊ နောက်နောင်လူရှာရင် သေချာစုံစမ်းပြီးမှလာရှာဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော့်ဇနီးက ကြောက်တတ်တယ်၊ ထိတ်လန့်တကြားဖြစ်တာကို မခံနိုင်ဘူးဗျ”

လီချယ် : “……”

‘အိုး ဘုရားရေ၊ ခင်ဗျားဇနီးက ကြောက်တတ်တယ် ဟုတ်လား'

‘ခင်ဗျားဇနီးက ထိတ်လန့်တကြားဖြစ်တာကို မခံနိုင်ဘူး ဟုတ်လား'

‘ခင်ဗျား နောက်နေတာလား၊ ခင်ဗျားက အရူးလား'

‘သူမက ရန်သူ့သူလျှိုသုံးယောက်ထဲက နှစ်ယောက်ကို တစ်ယောက်တည်း နှိမ်နင်းခဲ့တာလေ၊ ပြီးတော့ ခုနကလေးတင် စစ်တပ်ရဲ့ဆေးဘက်ဆိုင်ရာဌာနကိုဝင်ဖို့နဲ့ စစ်ဆင်ရေးတွေထွက်ရဖို့ အသေအလဲ တောင်းဆိုနေခဲ့တာ'

‘သူမ ကြောက်တတ်တယ်ဆိုတာကို ခင်ဗျား ဘယ်မျက်လုံးနဲ့မြင်လိုက်ရတာလဲ'

“အဟွတ် အဟွတ်”

ရှဲ့လီသည် ပါးစပ်အုပ်ကာချောင်းဆိုးလိုက်လေ၏။ လီချယ်မှာ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာပြီး အလျင်အမြန် တောင်းပန်လိုက်လေသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျွန်တော် မှားသွားတာပါ၊ ကျွန်တော် မှားသွားတာပါ”

ရှဲ့လီအား ထပ်မံကြည့်လိုက်သောအခါ သူမသည် ရှန်ဟွိုင်နျန်ပခုံးပေါ်သို့ အားနွဲ့စွာ မှီထားနေလေပြီပင်။ လီချယ်မှာ ကောင်းကင်ကြီးထံမော့ကာ အော်ဟစ်ပစ်လိုက်ချင်တော့သည်။

‘ထားလိုက်ပါတော့လေ’

‘သူမ ဒီလောက်ဟန်ဆောင်ကောင်းမှတော့ ငါ စိတ်အေးလက်အေးနေနိုင်ပါပြီ'

သူတို့နှစ်ဦးထွက်ခွာသွားသည်ကို ကြည့်ရင်း လီချယ့်သွားများမှာ အံကြိတ်လွန်းသဖြင့် ကြေမွလုမတတ်ဖြစ်သွားခဲ့ရလေသည်။

တာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့သည်မှာ သေချာနေပါလျက်နှင့် အဘယ်ကြောင့် ဤမျှလောက် စိတ်ပျက်စရာကောင်းသည်ဟု ခံစားနေရသနည်း။

All Chapters