အခန်း ၇၇
Vol. 8 Ch. 77
Ch-77
အခန်းတွင်းသို့ရောက်သောအခါ ရှန်ဟွိုင်နျန်က ရှဲ့လီအားစတင်မှာကြားလေတော့သည်။
“ရှောင်လီ ကိုယ်စစ်ဆင်ရေးထွက်ဖို့ရှိတယ်၊ ဒီညထွက်ရမှာမလို့ ကျန်းချင်းလျန်ကို ပြောထားတယ်၊ မင်းပျင်းရင် သူ့ဇနီးနဲ့ သွားစကားပြောနေလို့ရတယ်၊ ကိုယ် ရှောင်ချီကိုပါထားခဲ့မယ်၊ ဒါကြောင့် မင်းတစ်ခုခုလိုအပ်ရင် သူ့ကိုရှာလိုက်ပါ၊ မင်း ဗိုက်ဆာရင် ကျန်းချင်းလျန်ရဲ့အိမ်မှာ သွားစားလို့ရတယ်၊ သူ့ကို စားစရိတ်ပေးထားခဲ့မယ်၊ ဒါမှမဟုတ် နိုင်ငံတော်ပိုင်စားသောက်ဆိုင်မှာ သွားစားလို့လည်းရတယ်၊ ဒါပေမဲ့ နည်းနည်းဝေးတော့ သွားရလာရ အဆင်မပြေလောက်ဘူး”
ရှန်ဟွိုင်နျန်သည် အဘွားအိုတစ်ဦးအလားမှာစရာရှိသည်များကို အဆုံးမရှိသည့်အလား ဆက်တိုက်ပြောနေခဲ့လေသည်။ ရှဲ့လီသည် သိချင်စိတ်ဖြင့်မေးလိုက်လေသည်။
“အရင်က စစ်ဆင်ရေးတွေထွက်တုန်းကလည်း ရှင် ဒီလိုပဲလား၊ အရမ်းစကားများတာပဲနော်”
ရှန်ဟွိုင်နျန် စကားများရပ်တန့်သွားခဲ့၏။ ယခင်က စစ်ဆင်ရေးများထွက်စဉ်တွင် သူ့ထံ၌စိုးရိမ်စရာမရှိခဲ့ပေ။
သူသည် အနည်းငယ်ရှက်ရွံ့သွားပြီး သူ့မျက်နှာသူလက်ဖြင့် ပွတ်သပ်လိုက်လေသည်။ ဤသည်ကို မြင်သောအခါ ရှဲ့လီသည် သူ့အားဆက်မစနောက်နေတော့ဘဲ လက်လှမ်းကာ သူ့စအိုဝပုံစံအနာလေးကို ပုတ်လိုက်လေသည်။
“ဘေးကင်းအောင် ဂရုစိုက်နော်၊ နောက်ထပ် စအိုပေါက်အသစ်တစ်ခုနဲ့ ပြန်မလာခဲ့နဲ့ဦး၊ ကျွန်မ အိမ်ကနေ စောင့်နေမယ်”
'ကျွန်မ အိမ်ကနေစောင့်နေမယ်'
ရှန်ဟွိုင်နျန်၏နှလုံးသားလေးမှာ ရပ်တန့်သွားပြီးနောက် ပြင်းထန်စွာ ခုန်ပေါက်လာခဲ့လေသည်။
ဤသည်မှာ အချစ်ကိုဖွင့်ဟဝန်ခံခြင်း မဟုတ်သော်လည်း မည်သည့် ချိုသာသောစကားများထက်မဆို ပို၍ ဆွဲဆောင်မှုရှိနေခဲ့သည်။
သူ့အိမ်တွင် လူတစ်ယောက်တိုးလာခဲ့လေပြီ။ မျက်နှာပြောင်တိုက်တတ်ပြီး အလွန်အကင်းပါးကာ အင်မတန်ချစ်စရာကောင်းသောအမျိုးသမီးငယ်လေးတစ်ဦးပင်။
သူ့နှလုံးသားတစ်ခုလုံးမှာ သူမနှင့်ပြည့်နှက်နေပြီး ဤခံစားချက်ကို သူအလွန် နှစ်သက်သဘောကျလေသည်။ ရှန်ဟွိုင်နျန်က ညတွင်းချင်းထွက်သွားခဲ့သည်။ ရှဲ့လီနိုးလာသောအခါ အခန်းထဲတွင် တိတ်ဆိတ်နေပြီး စားပွဲပေါ်တွင်လည်း အစားအသောက်များမရှိတော့ပေ။
‘လူတွေက အချိန်အကြာကြီးသက်တောင့်သက်သာ မနေနိုင်ကြဘူးဆိုတာ တကယ်ပဲ’
ယခုတော့ သူမလွမ်းဆွတ်ပြီး အနည်းငယ် နေမထိထိုင်မသာဖြစ်နေခဲ့ရလေပြီ။
*ဒေါက် ဒေါက် ဒေါက်*
တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။
“မရီး ကျွန်တော်ရှောင်ချီပါ၊ မရီးအတွက် နံနက်စာလာပို့တာပါ”
ရှဲ့လီ တံခါးဖွင့်ပေးလိုက်လေသည်။ ရှောင်ချီသည် ထမင်းဘူးတစ်ဘူးကို ကိုင်ကာဝင်လာခဲ့၏။ ထမင်းဘူးဖွင့်လိုက်ရာ အထဲတွင်ကြက်ဥပန်ကိတ်များ၊ သခွားသီးသုပ်နှင့် ပဲနို့တစ်ခွက်တို့ ပါဝင်နေသည်ကိုမြင်လိုက်ရသည်။
“မရီး တပ်မှူးက မနက်စောစောဆို အနံ့ပြင်းတဲ့အစားအစာတွေ မရီးကမစားဘူးလို့ ပြောခဲ့တယ်၊ ဒါ ပူပူလေးပဲရှိသေးတယ်”
ရှောင်ချီသည် ထမင်းဘူးကိုဘေးချထားလိုက်ပြီး ရှဲ့လီတစ်ခုခုလိုအပ်သေးသလားဟု မေးမြန်းပြီးနောက် ထွက်သွားလေသည်။
ရှဲ့လီသည် နံနက်စာစားပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့လေ၏။ သူမတွင် လုပ်ဆောင်ရမည့်တာဝန်တစ်ခုရှိနေသဖြင့် အခန်းထဲတွင်နေ့တိုင်း ပုန်းအောင်းနေ၍ မရနိုင်ပေ။ စစ်တပ်ဆေးဘက်ဆိုင်ရာဌာနသို့ သူမပြောင်းရွှေ့နိုင်ရေးအတွက် လီချယ်မည်မျှအထိ လုပ်ဆောင်ပြီးပြီလဲဆိုသည်ကို သူမသိချင်နေမိသည်။
ရှဲ့လီ အောက်ထပ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် မိုးမခပင်ကြီးအောက်တွင် အတင်းအဖျင်းပြောဆိုနေကြသော စစ်သည်ဇနီးများအားလုံးက သူမအား လှည့်ကြည့်လာကြလေ၏။ ကျန်းရှောင်ယန်က အေးစက်စက်ဖြင့် မေးလိုက်လေသည်။
“အိုး ညီမလေး အောက်ဆင်းလာပြီလား၊ မနေ့ကနိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ နင့်ဆီက ဘာတွေလာတောင်းသွားတာလဲ”
ရှဲ့လီပြုံးပြလိုက်လေသည်။
“ဘာမှမဟုတ်ပါဘူး”
စစ်သည်ဇနီးများသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး မည်သူမှစကားထက်မပြောကြတော့ပေ။ ကျန်းရှောင်ယန်က ပထမဆုံးတီးတိုးရေရွတ်လိုက်လေသည်။
“ဒီရက်ပိုင်း ရန်သူ့သူလျှိုတွေကလွဲပြီး ဘာမှမပေါလာဘူး၊ ကိုယ့်ဘေးနားမှာ သူလျှိုရှိနေသလားဆိုတာကို ဘယ်သူသိနိုင်မလဲ”
စစ်သည်ဇနီးများ ထိုစကားကိုကြားသောအခါ ရှဲ့လီအပေါ်ကျရောက်နေသော သူတို့အကြည့်များမှာ ပို၍ပင် ဖော်ရွေမှုမရှိတော့ပေ။ ရှဲ့လီက ကျန်းရှောင်ယန်အား ပြုံးတစ်ဝက်မဲ့တစ်ဝက်ဖြင့် စိုက်ကြည့်လိုက်လေသည်။
သူမအကြည့်ထဲတွင် စူးစမ်းလေ့လာမှုများ၊ သဘောကျမှုများနှင့် သူမစကားကို ထောက်ခံနေသည့် အရိပ်အယောင်များ ရောယှက်ပါဝင်နေခဲ့သည်။
ကျန်းရှောင်ယန်သည် သူမအကြည့်ကြောင့် ကျောချမ်းသွားသလို ခံစားလိုက်ရပြီး အော်ဟစ်လိုက်လေ၏။
“ဘာကြည့်နေတာလဲ”
ရှဲ့လီ မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
“နင့်ပုံစံက ရန်သူ့သူလျှိုနဲ့တူနေလို့လေ”
ကျန်းရှောင်ယန်၏မျက်နှာမှာ တစ်ခဏမျှ အေးခဲသွားပြီးနောက် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
“နင် ဘာတွေလျှောက်ပြောနေတာလဲ၊ တပ်မှူးရှန်ကိုလက်ထပ်ထားရုံနဲ့ နင်လုပ်ချင်တာ လုပ်လို့ရတယ်များထင်နေလား၊ နင်လုပ်နေတဲ့အပြုအမူက ဘာလဲဆိုတာ နင်သိလား၊ အသရေဖျက်တာ၊ ကောလာဟလဖြန့်တာ၊ စစ်မှုထမ်း ဇနီးသည်တွေကို အသရေဖျက်နေတာ၊ နိုင်ငံရေးမှူးဆီ သွားတိုင်မယ်”
ရှဲ့လီသည် သွားများပေါ်သည်ထိပြုံးလိုက်လေ၏။
“ဘာလို့ ပြာယာခတ်နေတာလဲ၊ မသိတဲ့သူတွေဆိုရင် ငါကအမှန်ကိုပြောလိုက်လို့ နင် ရှက်ရမ်းရမ်းပြီး ဒေါသထွက်နေတယ်လို့ ထင်သွားကြလိမ့်မယ်”
ကျန်းရှောင်ယန်သည် မြေပြင်ပေါ်သို့ ဒေါသတကြီးတံတွေးထွေးချလိုက်ပြီး သူမနေရာသူမ ပြန်ထိုင်နေလိုက်သည်။
သူမသည် ရှဲ့လီအား စူးစူးရဲရဲစိုက်ကြည့်ကာ ပြောလိုက်လေသည်။
“အခုကစပြီး နင်တို့တွေ ရှဲ့လီနဲ့စကားပြောရင် ငါနဲ့စကားလာမပြောနဲ့၊ နင်တို့ဘာသာ ရွေးချယ်ကြ”
အခြားသူများသည် ရှဲ့လီအားတစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းရှောင်ယန်အား အလျင်အမြန်ချော့မော့ကြလေတော့၏။
“အားယား ရှောင်ယန် စိတ်မဆိုးပါနဲ့၊ သူလိုလူမျိုးအတွက် စိတ်ဆိုးနေတာမတန်ပါဘူး”
“ဟုတ်တယ် စိတ်မဆိုးနဲ့၊ ငါတို့ဘာသာ ငါတို့ပဲ စကားပြောကြတာပေါ့”
ကျန်းရှောင်ယန်၏ခင်ပွန်းမှာ အသက်လေးဆယ်ကျော်အရွယ်ရှိပြီဖြစ်ပြီး သူမထက်ကိုးနှစ်ကြီးကာ တပ်မှူးတစ်ဦးလည်းဖြစ်သည်။
ထိုသူ့အရည်အချင်းများမှာ ရှန်ဟွိုင်နျန်လောက် မကောင်းမွန်သော်လည်း ရာထူးမှာမူ အရေးပါနေဆဲပင်။
ရှဲ့လီက ရန်သူ့သူလျှိုများနှင့်ပတ်သက်နေနိုင်ရာ မည်သူကမှကိုယ့်ပြဿနာကိုယ်မရှာလိုသောကြောင့် စစ်သည်ဇနီးများမှာ သဘာဝကျစွာပင် ကျန်းရှောင်ယန်ဘက်မှ ရပ်တည်ခဲ့ကြခြင်းဖြစ်သည်။
“ယောင်းမ”
ယန်ဝမ်ယန်သည် ယခုမှသာအောက်ထပ်သို့ဆင်းလာခြင်းဖြစ်ပြီး ဆင်းဆင်းခြင်းမှာတင် ဤမြင်ကွင်းကိုတွေ့လိုက်ရလေသည်။
သူမက ရှဲ့လီလက်ကိုဆွဲကာအမြန်ခေါ်ထုတ်သွား၏။
“ယောင်းမ ကျွန်မ ကုန်ပစ္စည်းဖြန့်ဖြူးရေးသမဝါယမမှာ ဈေးသွားဝယ်မလို့ အတူတူသွားကြရအောင်၊ ယောင်းမ ဘာစားချင်လဲ၊ ဒီနေ့ ကျွန်မအိမ်မှာ နေ့လယ်စာလာစားနော်”
ရှဲ့လီ ဆွဲခေါ်ခံသွားရပြီးနောက် ကျန်ရစ်ခဲ့သော စစ်သည်ဇနီးများက သရော်ပြောဆိုကြလေတော့သည်။
“ဟမ့် ဖားတတ်တာ သူပဲရှိတယ်၊ အဲဒီ ရှဲ့လီကသာ တကယ်ရန်သူ့သူလျှိုဖြစ်နေရင် သူလည်းငြိမ်သွားလိမ့်မယ်”
ယဲ့ရှုဟွာသည် အနီးတွင်ရပ်ကာ အေးစက်စက်စောင့်ကြည့်နေခဲ့၏။ သူမသည် ဤအမျိုးသမီးများနှင့် ပေါင်းသင်းဆက်ဆံရခြင်းကို ရွံရှာသော်လည်း ရှဲ့လီအခက်တွေ့နေသည်ကိုမြင်ရခြင်းက သူမကိုပျော်ရွှင်စေခဲ့သည်။
သူမသည် အမှန်တရားကို အနှေးနှင့်အမြန် ဖော်ထုတ်နိုင်မည်ဖြစ်ပြီး ထိုအခါ ရှန်ဟွိုင်နျန်နောင်တရပေလိမ့်မည်။
အချိန်တစ်ခုကြာပြီးနောက် သူမကို လက်ထပ်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း သူသိရှိလာလိမ့်မည်ဖြစ်သည်။
ယဲ့ရှုဟွာ၏မျက်ဝန်းများ မည်းမှောင်နက်ရှိုင်းနေခဲ့၏။ ခဏအကြာတွင် သူမ လှည့်ထွက်သွားလေတော့သည်။ သူမက ဝူချန်ကျွင်းထံသို့သွားရောက်ကာ ရှဲ့လီအကြောင်း တိုင်ကြားဖို့ရာကြံစည်ထားလေ၏။