အခန်း ၇၈
Vol. 8 Ch. 78
Ch-78
ပြတ်ပြတ်သားသားငြင်းပယ်ခံလိုက်ရပြီးနောက် ယဲ့ရှုဟွာပြန်လာခဲ့လေသည်။
ဝူချန်ကျွင်းက အဖွဲ့အစည်းအနေဖြင့် ရှဲ့လီ၏နောက်ခံအခြေအနေကို စုံစမ်းစစ်ဆေးပြီးပြီဖြစ်ကြောင်း သူမအား ပြောပြခဲ့၏။ သူမက ရှဲ့လီ၏ကိုယ်ရေးဖိုင်များကို တောင်းဆိုသောအခါ ဝူချန်ကျွင်းက သူမအားအပြင်းအထန်ဆူပူကြိမ်းမောင်းလိုက်သည်။
ယဲ့ရှုဟွာ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားလိုက်မိ၏။
‘လူတစ်ယောက်မရှိတော့တာနဲ့ လူတွေက ဒီလောက်တောင် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားကြတယ်လား’
သူမဖခင် သက်ရှိထင်ရှားရှိစဉ်ကဆိုလျှင် ဝူချန်ကျွင်းသည် သတ္တိမည်မျှရှိနေပါစေ သူမကို ယခုလိုမျိုးလုံးဝပြောရဲမည်မဟုတ်ပေ။
မကျေမနပ်ဖြစ်ပြီး မွန်းကျပ်နေသော ယဲ့ရှုဟွာသည် စစ်တပ်ဝင်းအတွင်းသို့ ပြန်ရောက်သောအခါ မိုးမခပင်ကြီးအောက်တွင် ဝိုင်းဖွဲ့ထိုင်နေကြသော စစ်သည်ဇနီးများကို တွေ့လိုက်ရလေသည်။
သူမမျက်လုံးများ ဝေ့ဝဲသွားပြီးနောက် သူမစိတ်ထဲတွင် အကြံတစ်ခုပေါ်လာခဲ့၏။ သူမက ထိုလူများနှင့် ပေါင်းသင်းဆက်ဆံရခြင်းကို ရွံရှာသော်လည်း သူတို့ကို အသုံးချနိုင်သေးသည်။
ယဲ့ရှုဟွာသည် ငိုနေသည်ထက်ပင် ပို၍ ဆိုးရွားသောအပြုံးတစ်ခုကို အတင်းဖန်တီးလိုက်ပြီး သူတို့အား နှုတ်ဆက်ရန် ရှေ့လျှောက်သွားလေ၏။
“မင်္ဂလာပါ ယောင်းမတို့”
ဝမ်ရှို့လီမှာ ကြောက်လန့်တုန်ရီသွားခဲ့လေသည်။
“အိုး ရှောင်ယဲ့၊ ဘာလို့ အဲဒီလိုကြီးပြုံးနေရတာလဲ၊ နင် မကောင်းကြံနေတယ်ဆိုတာ သိသာလွန်းတယ်၊ တော်တော်လေးကို ကြောက်စရာကောင်းတာပဲ”
ယဲ့ရှုဟွာသည် ချောင်းခြောက်ဟန့်လိုက်ပြီး စကားစမြည်ပြောဆိုရန် ကြိုးစားလိုက်လေသည်။
“ကျွန်မ ခုနက တပ်စုမှူးဝူဆီသွားခဲ့တာ”
“အိုး”
ယဲ့ရှုဟွာ : “……”
‘ဘာလို့ ဘယ်သူကမှ ဆက်မမေးကြတာလဲ၊ ငါက ပြောပြဖို့စောင့်နေတာလေ’
နောက်ဆုံးတွင် ကျန်းရှောင်ယန်က ဝင်ပြောလိုက်လေသည်။
“ပြီးတော့”
ယဲ့ရှုဟွာသည် ရှဲ့လီမှာရန်သူ့သူလျှိုဖြစ်နိုင်ကြောင်း သူမသံသယကို ပိုမိုချဲ့ကား ပြောပြလိုက်လေ၏။ ယမန်နေ့က သူမ ပြောပြချင်ခဲ့သော်လည်း သူမ မပြောနိုင်မီမှာပင် ကျန်းရှောင်ယန်က စတင်ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့က ရှဲ့လီကို ခေါ်သွားခြင်းသည် ကောင်းသောလက္ခဏာလုံးဝမဟုတ်ကြောင်းနှင့် သူမသည် ရန်သူ့သူလျှိုပင်ဖြစ်နိုင်ကြောင်း ပြောဆိုလိုက်သည်။
ယနေ့တွင် ယဲ့ရှုဟွာကထပ်မံပြောဆိုလာသောအခါ ၎င်းသည် အတည်ပြုပြီးသားအမှန်တရားတစ်ခုအဖြစ်သို့ ရောက်ရှိသွားလေတော့၏။
‘သေချာသွားပြီ၊ သေချာသွားပြီ'
စစ်တပ်ဝင်းအတွင်းရှိ စစ်သည်ဇနီးများက သူမသည် ရန်သူ့သူလျှိုဖြစ်ကြောင်း ကိုယ်ပိုင်အမြင်ဖြင့် အတည်ပြုလိုက်ကြလေတော့သည်။ လူတစ်ယောက်က ဇာတ်လမ်းတစ်ပုဒ်ကိုပင် ဖန်တီးလိုက်သေး၏။
‘နိုင်ငံအသီးသီးကြားတွင် ခရီးသွားလာနေသောလှပသည့် ရန်သူ့သူလျှိုတစ်ဦးသည် ရှန်ဟွိုင်နျန်ကဲ့သို့ အဂတိကင်းစင်ပြီး ထက်မြက်သောသူတစ်ဦးကို ပစ်မှတ်ထားကာ သုံးဆယ့်ခြောက်ပါးသော စစ်မက်ဗျူဟာများထဲမှ အလှမယ်ထောင်ချောက်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်’ ဟူ၍ပင်။
သူတို့သည် ဤအကြောင်းကို အမှန်တကယ်ဖြစ်ပျက်သွားသည့်အလား အလွန်ပီပြင်စွာ ပုံဖော်ပြောဆိုနေကြလေသည်။ ဤစကားများ ထွက်ပေါ်သွားသည်နှင့်တစ်ပြိုင်နက် ရှဲ့လီသည် စစ်တပ်ဝင်းတစ်ခုလုံး၏ ဘုံရန်သူ ဖြစ်လာခဲ့လေတော့သည်။
အချို့က ရှဲ့လီမှာရန်သူ့သူလျှိုမဖြစ်နိုင်ကြောင်း၊ သို့မဟုတ်ပါက အစောကြီးကတည်းက ဖမ်းဆီးခံရပြီးဖြစ်မည်ဖြစ်ကြောင်း သိရှိထားသော်လည်း မသိချင်ယောင်ဆောင်ကာ အမြင်ကျဉ်းမြောင်းသော စစ်သည်ဇနီးများနှင့်ရောနှော၍ ပြဇာတ်ကြည့်ရန်သာ စောင့်ဆိုင်းနေကြလေ၏။
ဤအချိန်အတွင်း ယန်ဝမ်ယန်တစ်ဦးတည်းသာ ရှဲ့လီအနီးတွင်နေထိုင်ခဲ့လေသည်။ အခြားသော စစ်သည်ဇနီးများမှာ သူမအားမျက်စောင်းထိုးခြင်း သို့မဟုတ် ကွယ်ရာတွင် အတင်းအဖျင်း ပြောဆိုခြင်းများပြုလုပ်ကြပြီး နောက်ဆုံးတွင် မျက်နှာချင်းဆိုင်ပင် စော်ကားပြောဆိုလာကြကာ တမင်သက်သက်အဖျက်အမှောင့်လုပ်ရပ်များကိုပါ စတင်လာကြလေတော့သည်။
ရှဲ့လီ၏ပန်းပင်လေးများ ပျောက်ဆုံးသွားခဲ့လေ၏။ လွန်ခဲ့သောရက်အနည်းငယ်က သူမသည် ရှောင်ချီအား ထိုပန်းပင်များကို ဝယ်ပေးရန် အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။
နေရောင်ခြည်ရရှိစေရန်အတွက် ခြံဝင်းအတွင်း၌ထားရှိခဲ့သော်လည်း သူမ အောက်ထပ်သို့ ပြန်ဆင်းလာချိန်တွင်မူ ထိုပန်းပင်များမှာ ပျောက်ဆုံးနေခဲ့လေပြီ။
“ငါ့ပန်းပင်တွေ ဘယ်ရောက်သွားတာလဲ”
ရှဲ့လီသည် စစ်သည်ဇနီးများထံသို့ လျှောက်သွားကာမေးမြန်းလိုက်လေသည်။
“ယောင်းမတို့ ကျွန်မရဲ့ပန်းပင်လေးတွေကို မြင်မိကြလားဟင်”
စစ်သည်ဇနီးများသည် မျက်စောင်းထိုးကာ သရော်လှောင်ပြောင်ပြောဆိုကြလေသည်။
“ငါ့ကို ယောင်းမလို့မခေါ်ပါနဲ့၊ ငါက အဲဒီလောက် ဂုဏ်ယူစရာကောင်းတဲ့ အဆင့်အတန်းမရှိပါဘူး”
ရှဲ့လီက လက်သီးများကိုတင်းကြပ်စွာ ဆုပ်ထားလိုက်ပြီး နောက်တစ်ကြိမ် မေးလိုက်လေ၏။
“ငါ့ပန်းပင်တွေ ဘယ်ရောက်သွားလဲ”
“ဖူး”
ဘေးမှနေ၍စောင့်ကြည့်နေသော ယဲ့ရှုဟွာက ပါးစပ်အုပ်ကာရယ်မောလိုက်သည်။
သူမသည် ၎င်းကိုအလွန်ရယ်စရာကောင်းသည်ဟု ခံစားနေရ၏။ တကယ့်ကိုရယ်စရာကောင်းလှသည်။
‘အားနည်းတဲ့ အမျိုးသမီးတစ်ယောက်၊ ရှန်ဟွိုင်နျန်မရှိရင် ဘာမှမဟုတ်ပါဘူး၊ မျက်နှာချင်းဆိုင် အနိုင်ကျင့်ခံနေရချိန်မှာတောင် သဘောကောင်းတဲ့လေသံလေးနဲ့ပဲ မေးခွန်းတွေမေးနိုင်ရှာတယ်၊ သူမက ရှန်ဟွိုင်နျန်နဲ့လုံးဝကို မထိုက်တန်ဘူး'
‘အသုံးမကျတဲ့ မိန်းမ၊ သတ္တိကြောင်တဲ့ မိန်းမ'
“နင် ဘာတွေသောက်ရူးထပြီးရယ်နေတာလဲ”
ယဲ့ရှုဟွာ : “……”
သူမ နားကြားမှားသည်အထင်နှင့် နားကို ကလော်လိုက်လေ၏။
“နင့်နားထဲမှာ ကြက်မွေးတွေဝင်နေလို့လား”
ယဲ့ရှုဟွာ : “……”
သူမ အကြားအာရုံချို့ယွင်းနေသလားဟုပင် သံသယဝင်သွားခဲ့၏။ ရှဲ့လီသည် ရှေ့သို့တိုးလိုက်ပြီးမယုံကြည်နိုင်ဖြစ်နေသော ယဲ့ရှုဟွာအားစိုက်ကြည့်ကာ အေးစက်စက်ဖြင့်မေးလိုက်လေသည်။
“ငါ့ပန်းပင်တွေ ဘယ်ရောက်သွားလဲ”
စစ်သည်ဇနီးများအားလုံး ချမ်းတုန်သွားကြလေသည်။
‘အေးလိုက်တာ၊ ဆောင်းရာသီရောက်လာပြီလား၊ ဒါပေမဲ့ နွေရာသီတောင် မကုန်သေးဘူးလေ’
ယဲ့ရှုဟွာသည် ပူးကပ်ခံထားရသူတစ်ဦးအလား ဘေးဘက်သို့လက်ညှိုးထိုးပြလိုက်လေ၏။
“ဟို ဟိုမှာ”
၎င်းမှာ ရှဲ့လီလက်သည်းဆိုးရန်အတွက် စိုက်ပျိုးထားသော ဒန်းပန်းအိုးလေး ဖြစ်လေသည်။ ပန်းပင်လေးများမှာ လုံးဝ ပျက်စီးနေခဲ့ပြီဖြစ်ပြီး အရွက်များမှာလည်း ပြောင်စင်နေကာ ပွင့်ဖတ်များမှာလည်း ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ယခုအခါတွင်မူ ကိုင်းဂတုံးကြီးတစ်ခုသာ ကျန်ရစ်တော့လေ၏။
စစ်တပ်မရှိသော စစ်သူကြီးတစ်ဦးအလား
ယခုလက်ရှိ ရှဲ့လီ၏အခြေအနေနှင့် တူညီနေလေသည်။ သူမဘက်တွင် မည်သူမျှမရှိဘဲ လုံးဝအထီးကျန်နေခဲ့သည်။ ယဲ့ရှုဟွာက ကျေနပ်ဂုဏ်ယူစွာဖြင့် ဆိုလိုက်လေ၏။
“ဟမ့် ရဲဘော်ရှဲ့လီ နောက်နောင် ရှင့်ရဲ့ ပန်းပင်တွေကို ပစ်စလက်ခတ်မထားပါနဲ့၊ ကျွန်မတို့စစ်တပ်ဝင်းထဲမှာ ကလေးတွေ အများကြီးရှိတယ်လေ၊ လက်ဆော့တဲ့ ကလေးတစ်ယောက်ယောက်က ချိုးပစ်လိုက်တာနေမှာပေါ့”
ယဲ့ရှုဟွာသည် သူမကိုယ်သူမရွံရှာဖွယ်ကောင်းပြီး အရှက်မရှိသူတစ်ဦးအဖြစ် ရုတ်တရက် ခံစားလိုက်ရသည်။
ယခင်က သူမသည်အတင်းအဖျင်းပြောဆိုခြင်း၊ အုပ်စုဖွဲ့ခြင်းနှင့် အခြားသူများအပေါ် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းများပြုလုပ်တတ်သော ထိုအမျိုးသမီးများကို အထင်အမြင်သေးခဲ့သည်။
သို့သော် ကိုယ်တိုင်ပြုလုပ်ရသောအခါတွင်မူ အတော်လေးကျေနပ်စရာကောင်းသည်ဟု ခံစားနေရ၏။ သူမသည် ရှဲ့လီကိုသဘောမကျသဖြင့် ဒုက္ခပေးချင်ခဲ့ခြင်ဖြစ်သည်။
သူမ မှန်ကန်သည်ဟုခံစားရပြီး သူမ၏အောင်မြင်မှုအပေါ် သာယာနေခဲ့လေသည်။
“ဒါ့အပြင် ပန်းပင်လေးတွေနဲ့ကစားနေတာက အရင်းရှင်ဆန်တဲ့အပြုအမူပဲလေ၊ ရဲဘော်ရှဲ့လီက အရင်းရှင်များ ဖြစ်နေမလားပဲ”
ရှဲ့လီသည် ပန်းအိုးလေးကိုကြည့်ကာ သက်ပြင်းချလိုက်လေ၏။
“ပြောစမ်းပါဦး၊ ပန်းအိုးလေးတစ်အိုးကိုတောင် ဒီလောက်ရက်ရက်စက်စက် လုပ်ရက်တဲ့ နင်တို့တွေကဘယ်လောက်တောင် အရှက်မရှိကြတာလဲ”
လူတိုင်း : “……”
‘ဒါက အဓိကအချက်လား'
“ဟမ့် လူတိုင်း သတိထားကြပါ၊ ဒီလို အရင်းရှင်ဆန်တဲ့ အပြုအမူတွေကို ကျွန်မတို့ မသင်ယူပါဘူး၊ မြို့ကလူတွေကတော့ ဒီလိုကွဲပြားတာပါပဲ၊ ကျွန်မတို့ တောသူတောင်သားတွေက အဲဒီလိုမလုပ်တတ်ပါဘူး”
စစ်သည်ဇနီးများ တစ်ဦးပြီးတစ်ဦးဝင်ရောက်ပြောဆိုကြလေ၏။ သူတို့မျက်ဝန်းများထဲတွင် လှောင်ပြောင်မှုများနှင့် ပြဇာတ်ကိုကြည့်ရှုလိုသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့လေသည်။ ရှဲ့လီ လက်ခုပ်တီးလိုက်လေ၏။
“တိတ်တိတ်နေကြစမ်း၊ ငါ့ပန်းပင်တွေကို ရက်ရက်စက်စက်ဖျက်ဆီးခဲ့တဲ့သူ ရှေ့ထွက်ခဲ့”
“ဖူး”
သရော်လှောင်ပြောင်သံများထွက်ပေါ်လာလေ၏။ ကျန်းရှောင်ယန်က စတင်၍ ဆူပူအော်ဟစ်လာလေသည်။
“ဘာလဲ၊ ငါတို့လုပ်တာဆိုရင်ရော ဘာဖြစ်လဲ၊ နင်က လူတွေကိုရိုက်မလို့လား၊ ဒါမှမဟုတ် နိုင်ငံရေးမှူးဆီသွားတိုင်မလို့လား”
သူမ စကားပြောသည်နှင့်တစ်ပြိုင်နက် အခြားစစ်သည်ဇနီးများမှာလည်း မကျေမနပ်ဖြစ်လာကြလေသည်။
“ဟုတ်တယ်၊ နင်က တကယ်သွားတိုင်မလို့လား၊ နင်က ဘာလို့ဒီလောက်တောင် ပြဿနာရှာရတာလဲ၊ ငါတို့က ဘာလို့ နင့်ကိုသီးသန့်ပစ်မှတ်ထားရမှာလဲ၊ နင့်ကိုယ်နင် အထင်ကြီးလွန်းနေပြီ”
“ဟုတ်တယ်၊ ငါတို့က ဘာလို့တခြားသူတွေကို ပစ်မှတ်မထားဘဲ နင့်ကိုပစ်မှတ်ထားရမှာလဲ၊ အဲ့အကြောင်းအရင်းကို နင့်ဟာနင်ပြန်ရှာကြည့်သင့်တယ်”
ရှဲ့လီ လှောင်ပြုံးပြုံးလိုက်လေသည်။
‘အကြောင်းရင်းလား၊ အနိုင်ကျင့်ခံရသူကို အပြစ်တင်တာလား'
“ယောင်းမ”
ယန်ဝမ်ယန်က ဟင်းသီးဟင်းရွက် ခြင်းတောင်းကြီးတစ်လုံးကိုကိုင်ဆောင်ကာ ပြေးလာခဲ့လေသည်။ သူမသည် ကုန်ပစ္စည်းဖြန့်ဖြူးရေးသမဝါယမမှ ယခုလေးတင် ပြန်ရောက်လာခြင်းပင်။
ထိုလူများ၏မျက်နှာထားကိုကြည့်ရုံဖြင့် သူမနှစ်ခါပြန်တွေးနေစရာမလိုဘဲ သူတို့ ရှဲ့လီအားအနိုင်ကျင့်နေကြကြောင်း သိလိုက်လေသည်။
စစ်တပ်ဝင်းတစ်ခုလုံးက ယဲ့ရှုဟွာမှ ရှန်ဟွိုင်နျန်ကို သဘောကျကြောင်းသိရှိထားကြသည်။ ယခုအခါ သူမသည် နူးညံ့သိမ်မွေ့သောစရိုက်ရှိသည့် ရှဲ့လီအား ဆန့်ကျင်တိုက်ခိုက်ရန်ဦးဆောင်နေပြီဖြစ်ရာ ရှဲ့လီအနေဖြင့် မတရားခံရသည်ဟု ခံစားနေရမည်မှာ အသေအချာပင်။
“နင်တို့ ဘာလုပ်နေကြတာလဲ၊ ရဲဘော်ရှဲ့လီက တပ်မှူးရှန်ရဲ့ဇနီးနော်၊ နင်တို့တွေ နည်းနည်းပါးပါးတော့ ဆင်ခြင်သင့်တယ်”
စစ်သည်ဇနီးများက သူမအားတစ်ချက်ကြည့်လိုက်ပြီးနောက် တီးတိုးပြောဆိုလိုက်ကြလေသည်။
“ဖားမ”
သို့သော် သူတို့သည် နောက်ထပ်သရော်စကားများ မပြောရဲကြတော့ပေ။ သူတို့သည်လည်း ရှန်ဟွိုင်နျန်ကို ကြောက်ရွံ့ကြလေသည်။ တပ်စုမှူး၏ရုံးခန်းကို ဖောက်ခွဲခဲ့သကဲ့သို့ ရှန်ဟွိုင်နျန်က သူတို့ကိုလည်း ဖောက်ခွဲပစ်မည်ကို စိုးရိမ်နေကြလေ၏။
လူများတိတ်ဆိတ်သွားသည်ကို မြင်သောအခါ ယန်ဝမ်ယန်သည် ရှေ့တိုးလာကာ ရှဲ့လီလက်ကိုဆွဲလိုက်လေသည်။
“ယောင်းမ လာ၊ ကျွန်မအိမ်ကို သွားကြရအောင်၊ ကျွန်မ ယောင်းမအတွက် အရသာရှိတာတစ်ခုခု လုပ်ကျွေးမယ်”
သူမ တစ်ချက်ဆွဲလိုက်လေသည်။
နှစ်ချက်
သုံးချက်
ယန်ဝမ်ယန် : “……”
‘ဘာလို့ မရွေ့ရတာလဲ’
သူမ အနောက်သို့လှည့်ကြည့်လိုက်ရာ ရှဲ့လီမှာ တစ်လက်မမျှပင်မရွေ့လျားခဲ့ဘဲ မြေကြီးတွင်စိုက်ထားသော သစ်သားတိုင်ကြီးတစ်တိုင်အလား ရပ်နေသည်ကို တွေ့လိုက်ရလေ၏။
‘သူမက ဘယ်လိုလုပ်ဒီလောက်တောင် ခွန်အားကြီးနေရတာလဲ'
ယန်ဝမ်ယန် တံတွေးမြိုချလိုက်မိလေသည်။
ရှဲ့လီသည် ယန်ဝမ်ယန်လက်ကိုပုတ်လိုက်ပြီး သူမအား ဘေးသို့ဆွဲဖယ်ကာ မူလနေရာတွင် ပြန်ရပ်လိုက်လေသည်။
“ငါ့ပန်းပင်တွေကို ဖျက်ဆီးခဲ့တဲ့သူ ကိုယ့်ဘာသာကိုယ် ရှေ့ထွက်ခဲ့ကြ၊ မဟုတ်ရင် ငါ့ကိုမယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့နော်”
သူမမျက်နှာပေါ်တွင် နူးညံ့တိတ်ဆိတ်သော အပြုံးတစ်ခုရှိနေခဲ့၏။ စိတ်ဓာတ်ကျဆင်းသွားခဲ့သော စစ်သည်ဇနီးများမှာ နောက်တစ်ကြိမ် ထပ်မံလှုံ့ဆော်ခံလိုက်ရပြန်သည်။
သူတို့က တစ်ဦးပြီးတစ်ဦးနှုတ်ခမ်းတွန့်လိုက်ကြလေသည်။
“ဟမ့် ဘာလဲ၊ နင်က တကယ်နိုင်ငံရေးမှူးဆီ သွားတိုင်မလို့လား သွားလေ၊ အဲဒီအခါကျရင် နိုင်ငံရေးမှူးကဘယ်သူ့ဘက်က ကူညီမလဲဆိုတာကြည့်ကြသေးတာပေါ့”
မည်သို့ပင်ဆိုစေကာမူ သူတို့ဘက်တွင် လူပိုများပြီး သူတို့သာဝန်မခံပါက ရှဲ့လီအနေဖြင့် ကိုယ့်ပြဿနာကိုယ်ရှာနေသကဲ့သို့ဖြစ်သွားပေမည်။
‘ဟမ့် ကလေးတွေကသာ တိုင်တတ်ကြတာလေ'
ရှဲ့လီသည် နှုတ်ခမ်းထောင့်စွန်းကိုတွန့်ကွေးလိုက်လေသည်။ မည်သူကမျှ ဝန်ခံမည်မဟုတ်သောကြောင့် သူမက သူတို့အားလုံးကို တာဝန်ယူခိုင်းတော့ပေမည်။
ထို့နောက်တွင်တော့ ရှဲ့လီသည် သူမ ရပ်နေသောနေရာမှ သုံးပေအမြင့်သို့ ခုန်တက်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။
သူမသည် တော်ပီဒိုတစ်ခုအလား လေထဲသို့ခုန်တက်သွားပြီး အတင်းအဖျင်း ပြောဆိုနေကြသော စစ်သည်ဇနီးအုပ်စုထဲသို့ တိုက်ရိုက်ပင်ခုန်၀င်လိုက်လေတော့သည်။