အခန်း ၇၉
Vol. 8 Ch. 79
Ch-79
“အားးး”
“အားးး”
“အားးး”
စစ်သည်ဇနီးများ၏အသံများမှာ သံသယဖြစ်မှုမှ အံ့အားသင့်မှု၊ ထိုမှတစ်ဆင့် စူးစူးဝါးဝါးအော်ဟစ်သံများအဖြစ်သို့ တစ်စက္ကန့်အတွင်းပြောင်းလဲသွားလေသည်။
ရှဲ့လီက စစ်သဘ်ဇနီးအားလုံးကို လွင့်စင်သွားစေခဲ့လေပြီ။ အရာအားလုံးမှာ ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် ယန်ဝမ်ယန်မှာ ဘေးတွင်ရပ်လျက် ပါးစပ်ကြီး ‘အို’ ပုံစံ ဟသွားသည်အထိ မှင်သက်နေခဲ့လေသည်။
ရှဲ့လီသည် ကျန်းရှောင်ယန်၏ခေါင်းပေါ်တွင် တည့်တည့်ခွထိုင်လိုက်ပြီး သူမခေါင်းထိပ်ကိုထုကာ မေးလိုက်လေသည်။
“နင့်ရဲ့အဆိပ်ပြင်းတဲ့ပါးစပ်က ပိုစွမ်းလား၊ ငါ့ရဲ့တင်ပါးကြီးက ပိုစွမ်းလား ဆိုတာ ငါကြည့်ချင်သေးတယ်”
‘ရှဲ့လီ ရူးသွားပြီ'
စစ်တပ်ဝင်းအတွင်းရှိလူတိုင်းက ထိုသို့ပင် ပြောဆိုနေကြလေ၏။
ရှန်ဟွိုင်နျန်၏နူးညံ့သိမ်မွေ့ပြီး လှပသောဇနီးလေးသည် စစ်တပ်ဝင်းအတွင်းရှိ စစ်သည်ဇနီးများအားလုံးကို ဆေးရုံသို့ ပို့ဆောင်ပေးလိုက်လေပြီ။
ရှောင်ချီရောက်လာချိန်တွင် ရှဲ့လီမှာ တပ်စုမှူးရုံးခန်းအတွင်း၌ ဆူပူကြိမ်းမောင်းခံနေရလေပြီ။
“မင်း ဘာတွေလုပ်ထားလဲဆိုတာကို ပြန်ကြည့်စမ်း”
တပ်စုမှူးဝူမှာ အေးဆေးပင်မထိုင်နိုင်တော့ပဲ ရုံးခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။
‘ဒါက လုံးဝကိုမကြားဖူး၊ မမြင်ဖူးတဲ့ ကိစ္စပဲ'
စစ်တပ်ဝင်းအတွင်းရှိ စစ်မှုထမ်းဇနီးသည်တစ်ဝက်ခန့်ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သူမှာ ရှဲ့လီတစ်ဦးတည်းသာရှိလေသည်။
‘တကယ့်ကို မျက်စိပွင့်သွားစေတာပဲ'
“အခု မင်းကဟွိုင်နျန်နဲ့ လက်ထပ်ထားပြီးပြီဆိုတော့ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေသင့်တာပေါ့၊ မင်းကိုယ်မင်း ပြန်ကြည့်စမ်း၊ ဒါကဘာလုပ်တာလဲ ဟမ်”
ဝူချန်ကျွင်းစားပွဲကို ရိုက်ချလိုက်ရာ ဘောပင်ထည့်သည့်ဘူးနှင့် လက်ဖက်ရည်ခွက်တို့ပင် ခုန်သွားခ၏။
ရှဲ့လီမှာတုန်ရီနေပြီး မိုးရေထဲမှ သစ်တော်ပန်းလေးတစ်ပွင့်အလား ငိုယိုကာ ပြောဆိုလိုက်လေသည်။
“တပ်စုမှူးဝူ ကျွန်မတမင်သက်သက် လုပ်တာမဟုတ်ပါဘူး၊ ကျွန်မကမွေးရာပါ ခွန်အားကြီးတဲ့သူဆိုတော့ ဒီလိုဖြစ်သွားမယ်လို့ တကယ်မသိခဲ့ဘူး၊ သူတို့က ကျွန်မနှာခေါင်းကိုလက်ညှိုးထိုးပြီး ရန်သူ့သူလျှိုလို့ခေါ်ကြတယ်၊ ပြီးတော့ ကျွန်မရဲ့ပန်းပင်လေးတွေကိုပါ ဖျက်ဆီးပစ်ကြတာ၊ ကျွန်မလည်း စိတ်လောသွားပြီး ပြေးသွားမိတာပါ၊ ကျွန်မ တကယ် ဘယ်သူ့ကိုမှမရိုက်ခဲ့ပါဘူး၊ ခြေချော်ပြီး သူတို့အပေါ်ပြုတ်ကျသွားတာပါ”
ရှဲ့လီ ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့လေသည်။ စစ်သားလေးတစ်ဦးသည် တံခါးခေါက်ကာပြေးဝင်လာခဲ့၏။ သူသည် အရင်ဆုံးအလေးပြုလိုက်ပြီးနောက် ဝူချန်ကျွင်းထံသို့ ဆေးမှတ်တမ်းအထပ်လိုက်ကို ကမ်းပေးလိုက်လေသည်။
ဝူချန်ကျွင်းသည် လက်တစ်ဖက်ကို နဖူးပေါ်သို့တင်ကာ အသက်ပြင်းပြင်းရှူလိုက်သော်လည်း သူ့ဒေါသများကို မထိန်းချုပ်နိုင်သေးကြောင်း တွေ့ရှိလိုက်ရ၏။ ဘိုင်းခနဲအသံနှင့်အတူ သူသည် ဆေးမှတ်တမ်းများကို စားပွဲပေါ်သို့ပစ်ချလိုက်သည်။
“မတော်တဆ ပြုတ်ကျသွားတယ် ဟုတ်လား၊ မင်းဘာသာမင်းပြန်ကြည့်လိုက်စမ်း၊ မင်း ပြုတ်ကျသွားပြီးနောက် သူတို့ ဘယ်လိုအခြေအနေဖြစ်သွားလဲဆိုတာကို ကြည့်စမ်း၊ ခြေထောက်ကျိုးတဲ့သူက ကျိုး၊ နံရိုးကျိုးတဲ့သူက ကျိုး၊ ခေါင်းကွဲတဲ့သူကကွဲ ကြည့်စမ်း”
‘ဘယ်လောက်တောင် အရှက်ရစရာ ကောင်းလိုက်သလဲ၊ တကယ့်ကို အရှက်ကွဲတာပဲ'
ဝူချန်ကျွင်းမှာ ဒေါသမီးက သူ့ခေါင်းပေါ်တွင်ကျန်ရှိနေသော ဆံပင်အနည်းငယ်ကို လောင်ကျွမ်းသွားစေတော့မည်ဟုပင် ခံစားနေရလေသည်။
ရှန်ဟွိုင်နျန် တစ်ဦးတည်းကပင် ထိန်းသိမ်းရခက်ခဲနေပြီဖြစ်၏။
‘သူက ဘယ်လိုလုပ် ဒီလောက်ပြဿနာရှာတတ်တဲ့ဇနီးမျိုးကို လက်ထပ်ခဲ့ရတာလဲ'
သူမမှာ နိုင်ငံရေးနောက်ခံမကောင်းသော အရင်းရှင်သခင်မလေးတစ်ဦးသာဖြစ်သည်ဟု သူတွေးထင်ထားခဲ့သော်လည်း ယခုအခါတွင်မူ သူမကလူများကို ဆေးရုံသို့ပင်ပို့ဆောင်လိုက်လေပြီ။
“မင်း ဟွိုင်နျန်အတွက်ပြဿနာ ဘယ်လောက်တောင် ရှာပေးလိုက်လဲဆိုတာ မင်းသိရဲ့လား”
ဝူချန်ကျွင်းက ရှဲ့လီအားလက်ညှိုးထိုးလိုက်သည်။ ဒေါသထွက်လွန်းသောကြောင့် လက်ချောင်းထိပ်များပင် တုန်ရီနေခဲ့လေ၏။ ရှန်ဟွိုင်နျန်မှ တပ်စုမှူးကျန်း၏ရုံးခန်းကို ဖောက်ခွဲခဲ့ချိန်ကလည်း သူ အင်မတန်ဒေါသထွက်ခဲ့ရသည်။
‘ဒီနှစ်ယောက်က တကယ့်ကိုပြီးပြည့်စုံတဲ့ အတွဲပဲ’
“ဟီးဟီး”
ရှဲ့လီသည် ရယ်ချင်စိတ်ကိုမထိန်းနိုင်ဘဲ ခွိခနဲရယ်မောလိုက်မိပြီးနောက် ချက်ချင်းပင် ပြန်လည်ငိုကြွေးပြလိုက်လေသည်။
“ကျွန်မ တကယ်ဘယ်သူ့ကိုမှမရိုက်ခဲ့ပါဘူး၊ တကယ်ပါ ကျွန်မ အကောက်ကြံခံရတာပါ၊ တပ်စုမှူးကြီး ကျွန်မ မတရားခံရတာပါ အားးး”
သူမသည် ဟန်ဆောင်ရာတွင် ပို၍ပို၍ အသက်ဝင်လာပြီး နောက်ဆုံးတွင် ကြမ်းပြင်ပေါ်သို့မှောက်ချကာ တပ်စုမှူး၏ဘောင်းဘီစကို ဆွဲထားလိုက်လေ၏။ တစ်ချိန်က ကျစ်ဝေ့မှာ အာကန်၏အင်္ကျီလက်ကို ဆွဲထားခဲ့သကဲ့သို့ပင်။
ဝူချန်ကျွင်း : “……”
‘မင်း ဘာလုပ်နေတာလဲ၊ မင်း ရူးနေတာလား'
သူ ရှန်ဟွိုင်နျန်အတွက် ပို၍စိုးရိမ်လာခဲ့လေသည်။
‘ဒီရှဲ့လီက ဘာများကောင်းနေလို့လဲ၊ သူမက လှတော့လှပါရဲ့၊ ဒါပေမဲ့ နိုင်ငံရေးနောက်ခံလည်း မကောင်းဘူး၊ ပြီးတော့ စိတ်ကလည်း ရူးကြောင်ကြောင်နဲ့'
‘ရှန်ဟွိုင်နျန် ထိန်းချုပ်ထားတာတွေ ပေါက်ကွဲထွက်ကုန်တာများလား၊ ဒါကြောင့် သူကဘယ်သူပဲဖြစ်ဖြစ် ရောင့်ရဲသွားတာပဲ'
“သတင်းပို့ပါတယ် တပ်စုမှူးကြီး”
ဆေးမှတ်တမ်းများယူဆောင်လာသော စစ်သားလေးက အခွင့်အရေးကိုအရယူကာ သတင်းပို့လိုက်လေသည်။
“ကျွန်တော်တို့ ခုနလေးတင် လူတိုင်းဆီကနေထွက်ဆိုချက်တွေ ရယူခဲ့ပါတယ်၊ ရှဲ့လီက သူ့လက်ကိုသုံးပြီး ဘယ်သူ့ကိုမှ မရိုက်ခဲ့တာအမှန်ပါပဲ”
ဝူချန်ကျွင်း : “……”
“သူမက သူတို့ကိုဖိပစ်ခဲ့တာပါ”
ဝူချန်ကျွင်းက အင်္ကျီလက်ကိုခါယမ်းလိုက်လေသည်။
‘ဖိတာနဲ့ ရိုက်တာ ဘာကွာလို့လဲ'
“သူမက သူတို့ကိုဖိဖို့ ဘယ်လိုကိရိယာကို သုံးခဲ့တာလဲ၊ လက်နက်ကိုရှာတွေ့ပြီလား”
စစ်သားလေးသည် ကြမ်းပြင်ပေါ်ရှိ ရှဲ့လီအား လက်ညှိုးထိုးပြလိုက်၏။ သူ့မျက်နှာပေါ်တွင်လည်း အခက်တွေ့နေဟန်များပြည့်နှက်နေခဲ့လေသည်။
“လက်နက်က ကြမ်းပြင်ပေါ်မှာရှိပါတယ်၊ သူမက သူမကိုယ်သူမသုံးပြီး ဖိခဲ့တာပါ”
ဝူချန်ကျွင်းမှာ လုံးဝဆွံ့အသွားခဲ့လေသည်။
‘ဒါက ဘာကြီးလဲကွ'
‘ရှဲ့လီပြောသလို တကယ်ပဲလဲကျသွားရုံနဲ့ သူတို့ကို ဒီလိုအခြေအနေရောက်အောင် ဖိပစ်နိုင်ခဲ့တာများလား'
ရှောင်ချီ ဘေးမှနေ၍ ချောင်းနှစ်ချက် ဟန့်လိုက်ရာ ကြမ်းပြင်ပေါ်ရှိ ရှဲ့လီက ချက်ချင်းပင် သဘောပေါက်သွားလေ၏။ သူမက ဗိုက်ကိုဖိကာ အော်ဟစ်ညည်းတွားလေတော့သည်။
“အား အား။ကျွန်မရဲ့နံရိုးတွေ နာလိုက်တာ၊ ခါးတွေ နာလိုက်တာ၊ လက်မောင်းတွေ နာလိုက်တာ”
ရှောင်ချီသည် အလျင်အမြန်ရှေ့သို့ ပြေးထွက်လာခဲ့လေသည်။
“တပ်စုမှူးကြီး မရီးလည်း ဒဏ်ရာရထားတာပဲလေ၊ သူ့ကိုချည်းပဲအပြစ်တင်နေလို့ မရဘူး၊ သူ ခြေချော်သွားတာ သူ့အမှားမှမဟုတ်တာ၊ ပြီးတော့ သူ ခွန်အားကြီးနေတာလည်း သူ့အမှား မဟုတ်ဘူးလေ တပ်စုမှူးကြီးရဲ့”
ရှဲ့လီသည် မျက်လုံးတစ်ဖက်ကိုမှေးကြည့်လိုက်၏။ ရှောင်ချီ၏သရုပ်ဆောင်မှုမှာ သူမထက် အနည်းငယ်သာနိမ့်ကျနေကြောင်း သတိပြုမိလိုက်လေသည်။
ဝူချန်ကျွင်းသည် စစ်သားလေးထွက်ဆိုချက်များ ရေးမှတ်ထားသော မှတ်စုစာအုပ်ကို ယူလိုက်လေသည်။ ထိုအထဲတွင် ရှဲ့လီကခုန်ပေါက်ကာ သူတို့အပေါ်သို့ဖိချခဲ့ခြင်းဖြစ်ပြီး လက်ကိုအသုံးပြု၍ မည်သူ့ကိုမှမရိုက်နှက်ခဲ့ကြောင်း အမှန်တကယ်ပင်ရေးသားထားလေ၏။
သူသည် ကိုယ့်ဘဝကိုစတင်၍ မေးခွန်းထုတ်လာမိတော့သည်။ စစ်သားလေးသည် ဖြည့်စွက်ပြောဆိုရန် ရှေ့သို့ထပ်မံထွက်လာခဲ့လေသည်။
“စစ်တပ်ဝင်းထဲက ယန်ဝမ်ယန်ကလည်း ထွက်ဆိုဖို့လာခဲ့ပါတယ်၊ စစ်တပ်ဝင်းထဲက စစ်မှုထမ်းဇနီးသည်တွေက အုပ်စုဖွဲ့ပြီး ရှဲ့လီကိုအနိုင်ကျင့်ကြတယ်လို့ သူမပြောပါတယ်၊ ရှဲ့လီက စိတ်ဓာတ်ပြိုလဲသွားပြီး ပြေးရင်းလွှားရင်းနဲ့ ဘယ်လိုဖြစ်သွားမှန်းမသိ လေထဲကို လွင့်တက်သွားပြီး သူတို့အပေါ်ကို မတော်တဆဖိချမိသွားတာပါတဲ့”
ဝူချန်ကျွင်း : “.....”
အဓိပ္ပာယ်မရှိသော်လည်း ရိုးသားဖြူစင်မှုအနည်းငယ် ပါဝင်နေသကဲ့သို့ ရှိလေ၏။ ဝူချန်ကျွင်းသည် ရှောင်ချီအား လက်ညှိုးထိုးပြလိုက်လေသည်။
“သူ့ကို အရင်ဆုံးဆေးရုံခေါ်သွားပြီး စစ်ဆေးလိုက်”
သူမ အမှန်တကယ်ဒဏ်ရာမရထားကြောင်းကို သူ သေချာအောင်လုပ်ထားမှဖြစ်မည်။ သို့မဟုတ်ပါက ထိုခွေးကောင်လေး ရှန်ဟွိုင်နျန်ပြန်ရောက်လာသည့်အခါ ပြဿနာအကြီးကြီးဖန်တီးပေလိမ့်မည်။
“အားး အားး”
ရှောင်ချီသည် ရှဲ့လီအားတွဲခေါ်သွားပြီး သူမက လမ်းတစ်လျှောက်လုံးနာကျင်စွာ အော်ဟစ်သွားခဲ့လေသည်။
“ရပြီ မရီး ဘယ်သူမှမရှိတော့ဘူး၊ မရီး ဆက်မအော်နဲ့တော့”
ရှောင်ချီက တီးတိုးသတိပေးလိုက်လေသည်။ ရှဲ့လီ အော်ဟစ်နေရာမှ ချက်ချင်းရပ်တန့်လိုက်လေ၏။
သူမသည် မည်သူမျှမရှိကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုလိုက်ပြီးနောက် ရှောင်ချီအား လက်မထောင်ပြလိုက်သည်။
“ရှောင်ချီ နင်က သရုပ်ဆောင်အရမ်းကောင်းတာပဲ၊ ငါ့ထက်နည်းနည်းလေး နောက်ကောက်ကျနေသေးပေမဲ့ပေါ့”
ရှောင်ချီသည် သိုးငယ်လေးတစ်ကောင်အလား ရယ်မောလိုက်လေသည်။
“မရီး ကျွန်တော်တို့ဆေးရုံသွားရဦးမယ်၊ အဲဒီရောက်ရင် မရီးကခေါင်းကိုက်တယ်၊ ပျို့အန်ချင်တယ်၊ ဘာဖြစ်သွားမှန်း မမှတ်မိဘူးလို့ပြောပြီး သတိလစ်သွားသလို ဟန်ဆောင်လိုက်၊ မရီးကို ဆေးရုံတင်ပေးရအောင်လုပ်မယ်”
ရှဲ့လီ ခေါင်းညိတ်ပြလိုက်လေသည်။
“မျှော်လင့်ထားတဲ့အတိုင်း တော်တော်လေး ကောက်ကျစ်တာပဲ”
ရှောင်ချီသည် နှိမ့်ချစွာဖြင့်ပြန်လည်ဖြေကြားလိုက်လေ၏။
“မရီး မြှောက်နေပြန်ပါပြီ၊ မြှောက်နေပြန်ပါပြီ”
စစ်တပ်ဝင်းအတွင်းရှိ စစ်မှုထမ်းဇနီးသည်များအားလုံးသည် စစ်တပ်နှင့်အတူနေထိုင်ရန် မိသားစုများကိုခေါ်ဆောင်လာကြသူများဖြစ်သည်။
ပုံမှန်အားဖြင့် သူတို့သည်ကလေးများကိုခေါ်ဆောင်လာကြပြီး ယောက္ခထီးများကွယ်လွန်သွားပါက ယောက္ခမများကိုပါ ခေါ်ဆောင်လာလေ့ရှိကြသည်။
အမျိုးသားများသည် အမျိုးသမီးများကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိကြသော်လည်း အမျိုးသမီးများ၏ပဋိပက္ခများမှာ ပုံမှန်အားဖြင့် အချင်းချင်းအော်ဟစ်ရန်ဖြစ်ခြင်းနှင့် ဆံပင်ဆွဲခြင်းထက်ပိုလေ့မရှိပေ။
တစ်စုံတစ်ယောက်၏တင်ပါးကြောင့် အရိုးကျိုးသွားရသည်ကိုမြင်တွေ့ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။ ရှန်ဟွိုင်နျန်ကို ကြောက်ရွံ့သောကြောင့် မိသားစုများမှ အမျိုးသားများမှာ ရှေ့သို့မထွက်ရဲကြသော်လည်း ယောက္ခမကြီးများကမူ လက်မခံနိုင်ကြပေ။
‘ကိုယ့်အိမ်ပေါက်ဝအထိလာပြီး အနိုင်ကျင့်ခံရတာ၊ တရားမျှတမှုက ဘယ်မှာလဲ'
မိခင်များ ပြဿနာသွားရှာသည်ကိုမြင်သော်လည်း အမျိုးသားများကမူ တိတ်ဆိတ်နေခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့လည်းဒေါသထွက်နေကြသည်ပင်။ ယောက္ခမကြီးများသည် ဆေးရုံသို့အုပ်စုလိုက်ကြီး ပြေးသွားကြပြီး ရှဲ့လီ၏ဆေးရုံခန်းတံခါးကို ပိတ်ဆို့ထားကြလေသည်။
သူတို့သည် အဖွဲ့လိုက်အစီအစဉ်တကျ ရှိကြလေသည်။ သူတို့သည် ချွေးမများကို လာရောက်ကြည့်ရှုသကဲ့သို့ ဟန်ဆောင်ကာ တိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြ၏။
ရှောင်ချီ အစားအသောက်သွားဝယ်ရန် ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့က အုံနှင့်ကျင်းနှင့် ဝင်ရောက်လာကြပြီး ရှဲ့လီ၏အခန်းတံခါးကို ပိတ်ဆို့ထားလိုက်ကြခြင်းဖြစ်လေသည်။