← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

Ch-80

ရှဲ့လီသည် ကုတင်ဘေးရှိခေါ်ဆိုရန်ခလုတ်ကို နှိပ်လိုက်ပြီးနောက် ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေလိုက်လေသည်။

အဒေါ်ကြီးများ အပြေးအလွှားဝင်ရောက်လာကြသော်လည်း အလွန်အမင်း အလောတကြီးဖြစ်နေကြပြီး တံခါးဘောင်မှာလည်း ကျဉ်းမြောင်းလွန်းရာ ရုတ်တရက်ဆိုသလို တံခါးဝတွင်ညှပ်သွားကြလေသည်။

အရှေ့မှလူများမှာ တံခါးဝတွင်ပိတ်မိနေပြီး လှုပ်ရှား၍မရဖြစ်နေချိန်တွင် အနောက်မှလူများကလည်း အပြင်းအထန် တွန်းတိုက်နေကြရာ အခန်းထဲမရောက်မီမှာတင် အချင်းချင်း ပြဿနာစတက်တော့မည့် အခြေအနေသို့ ရောက်ရှိသွား၏။ အရှေ့မှ အဒေါ်ကြီးတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ဒီအဘွားကြီးကတော့ နင်ငါ့ကို အသေဖိပိတ်ထားတာပဲ”

အနောက်မှအဒေါ်ကြီးကလည်း လက်မခံဘဲ ပြန်လည်အော်ဟစ်လေသည်။

“ဘယ်သူ့ကို အဘွားကြီးလို့ခေါ်နေတာလဲ၊ နင့်ပါးစပ်ကို ငါဆွဲဖြဲပစ်မယ်”

ကြားထဲမှညှပ်နေသူတစ်ဦးကလည်း ညည်းတွားလိုက်လေသည်။

“အား ငါ့လက်မောင်း၊ ဆက်မတွန်းကြပါနဲ့တော့၊ ဆက်မတွန်းကြပါနဲ့တော့”

ထိုဆူညံပွက်လောရိုက်မှုကြောင့် ဖြတ်သွားဖြတ်လာလူနာများ၊ သူနာပြုများနှင့် ဆရာဝန်များသာမက ဘေးခန်းမှ လူနာများပင် ဆလိုင်းပုလင်းတန်းလန်းဖြင့် ပွဲကြည့်ရန်ထွက်လာကြလေသည်။

တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ အနောက်ဘက်ရှိ အဒေါ်ကြီးများက ဝမ်းချုပ်နေချိန်တွင် အားကုန်ထုတ်ညှစ်သည့်အလား အစွမ်းကုန် တွန်းကြလေတော့၏။

“မြန်မြန် ခပ်နာနာလေးတွန်းကြ၊ အထဲကိုဝင်ကြ”

သစ်သားတံခါးဘောင်မှာ ထိုဖိအားများအောက်တွင် ကျွိခနဲအသံမည်ပြီး ကွေးညွတ်ကားထွက်သွားလေသည်။

နောက်ဆုံးတွင်တော့ အဒေါ်ကြီးများ၏ ကြမ်းတမ်းသော ခွန်အားကိုမခံနိုင်တော့ဘဲ ကျယ်လောင်သောအသံကြီးနှင့်အတူ ပြိုကျပျက်စီးသွားလေတော့သည်။

*ဝုန်း ခွမ်း*

တံခါးဘောင်ရော သစ်သားတံခါးပါ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်အထိ ဖိချေခံလိုက်ရလေသည်။ ထိုအချိန်တွင် လေသံဝဲဝဲနှင့် သူနာပြုမလေးတစ်ဦးပြေးလာ၏။ ဆေးမှတ်တမ်းများ ညှပ်ထားသောသစ်သားဖိုင်ကို ကိုင်ဆောင်ထားကာ ရှေ့ဆုံးမှအဒေါ်ကြီး၏ခေါင်းကို စတင်ထုရိုက်လိုက်သည်။

“ဘာတွေလုပ်နေကြတာလဲ၊ ဘာတွေလုပ်နေကြတာလဲ”

“ဒါဆေးရုံ အကျယ်ကြီးအော်ဟစ်ခွင့်မရှိဘူး၊ ဆက်ပြီးပြဿနာရှာနေမယ်ဆိုရင် နင်တို့ကိုသေတဲ့အထိ ရိုက်ပစ်မယ်”

အဒေါ်ကြီးများသည် သူနာပြုမလေးအား လုံးဝဂရုမစိုက်ဘဲ ရှဲ့လီအခန်းထဲသို့ လုယက်ကာတိုးဝှေ့ဝင်ရောက်သွားကြလေသည်။ ကြည့်ရှုသူ လူအုပ်ကြီးမှာ ပို၍ပင်များပြားလာခဲ့၏။ ဤသည်ကိုမြင်သောအခါ သူနာပြုမလေးက လုံခြုံရေးခေါ်ရန် လှည့်ထွက်သွားလေသည်။

ရှေ့ဆုံးမှဝင်လာသော အဒေါ်ကြီးသည် ရှဲ့လီ၏စောင်ကို အတင်းဆွဲလှန်လိုက်ပြီး သူမကိုလက်ညှိုးထိုးကာ ရေကာတာကျိုးသကဲ့သို့ တရစပ် ရေရွတ်လေတော့သည်။

“ငါ့ချွေးမကို ရိုက်တဲ့သူက နင်လား၊ အရှက်မရှိတဲ့ကောင်မ၊ နင့်ပုံစံကိုကြည့်လိုက်စမ်း၊ မြေခွေးမတစ်ကောင်နဲ့ ဘာမှမကွာဘူး”

အခြားသူများသည်လည်း ဝိုင်းဝန်းပြောဆိုကြလေသည်။

“နင်က ရန်သူ့သူလျှိုပဲ၊ နင့်ကို သေချာလေး ပညာပေးဖို့လိုနေပြီ”

“နင့်ကို ငါပြောလိုက်မယ်၊ ဒီကိစ္စက ဒီလောက်နဲ့ မပြီးသေးဘူး၊ နင် ငါ့ချွေးမကို ရိုက်ထားတဲ့အတွက် နိုင်ငံရေးမှူးဆီကို သွားတိုင်မယ်၊ ဌာနချုပ်အထိတက်တိုင်မယ်”

အဒေါ်ကြီးများသည် ပေါင်ကိုရိုက်ကာ အမြင့်ကြီးခုန်ပေါက်ပြီး လက်ညှိုးတစ်ထိုးထိုးဖြင့် အပြစ်တင်ပြောဆိုနေကြလေ၏။ သို့သော် ကိုယ်ထိလက်ရောက်တော့ မလုပ်ရဲကြပေ။

သူတို့ပတ်လည်ရှိ ကြည့်ရှုနေသူများကမူ ထိုအရာအားလုံးကို ရှင်းလင်းပြတ်သားစွာ ကြားသိလိုက်ကြလေသည်။

လူများချောင်းကြည့်နေကြသည်ကို မြင်သောအခါ ရှဲ့လီသည် ပို၍ပင် အသက်ဝင်အောင် သရုပ်ဆောင်လေတော့သည်။ သူမသည် တုန်ရီနေရင်း သူမခြေထောက်များကိုဖက်ကာ ကုတင်ထောင့်တွင် ကွေးကွေးလေးနေနေလိုက်သည်။

“ရှင်တို့ ရှင်တို့ ဘာလိုချင်လို့လဲ၊ ကျွန်မ မဟုတ်ဘူး ကျွန်မ ဘယ်သူ့ကိုမှမရိုက်ခဲ့ဘူး”

အဒေါ်ကြီးများသည် ရှဲ့လီ၏ဟန်ဆောင်မှုကို တစ်ချက်ကြည့်ရုံဖြင့်ပင်သိရှိသွားကြပြီး ဒေါသများ ပို၍ပင်ပေါက်ကွဲထွက်လာ၏။

“နင်က ဟန်ဆောင်နေတုန်းပဲလား၊ လူကို ရိုက်ထားပြီးတော့ ဟန်ဆောင်နေသေးတယ်ပေါ့၊ နင့်ကို ငါပြောလိုက်မယ် လျော်ကြေးပေး၊ ငါ့မိသားစုရဲ့ ဆေးဖိုးဝါးခတွေ အကုန်လျော်ပေး”

ရှဲ့လီသည် သူမအိတ်ကပ်ထဲမှ တစ်ပြားစေ့လေးကို ဆွဲထုတ်ကာ ထိုအမျိုးသမီးလက်ထဲသို့ အတင်းထည့်ပေးလိုက်လေသည်။

“ကျွန်မဆီမှာ ဒါပဲရှိတော့တယ်”

အဒေါ်ကြီးများမှာ ဒေါသထွက်လွန်းသဖြင့် အားလုံးတစ်ပြိုင်နက်တည်း လဲကျသေဆုံးတော့မည့်အလားဖြစ်သွားကြလေသည်။

သူတို့ထဲမှတစ်ဦးသည် ရှေ့သို့ပြေးထွက်လာကာ ထိုပြားစေ့ကို ရှဲ့လီထံပစ်ပေါက်လိုက်ပြီး ကျိန်ဆဲလေတော့၏။

“ဒီအကြွေစေ့ကို နင့်အတွက် လွမ်းသူ့ပန်းခွေဝယ်ဖို့သာ သိမ်းထားလိုက်တော့”

ရှဲ့လီသည် ထိုငွေစေ့ကိုအိတ်ကပ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်ပြီး ရိုးသားဖြူစင်စွာပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ကျွန်မက လွမ်းသူ့ပန်းခွေတွေကို အကြိုက်ဆုံးပဲ၊ အချိန်ကျလာရင် ကျွန်မခေါင်းပေါ်မှာ ဆောင်းထားလိုက်မယ် ဟီးဟီး”

အဒေါ်ကြီးများမှာ ပြောစရာစကားပင် ရှာမတွေ့တော့ပေ။ အဒေါ်ကြီးများသည် အကြောင်းပြချက်မရှိ ဆက်လက်၍ ပူညံပူညံလုပ်နေကြဆဲပင်။

“အားး နင် ငါတို့ကို ရှင်းလင်းချက်ပေးရမယ်၊ ငါတို့ချွေးမတွေကို ဘာလို့ရိုက်တာလဲ၊ နင် ငါ့ကိုရှင်းလင်းချက်မပေးရင် သေရင်တောင်မျက်စိမှိတ်နိုင်မှာမဟုတ်ဘူး”

ရှဲ့လီ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်လေသည်။

“ဟမ် ရှင် မီးသင်္ဂြိုဟ်ခံရတဲ့အခါ မျက်စိမှိတ်တာဖြစ်ဖြစ် မမှိတ်တာဖြစ်ဖြစ် ဈေးကအတူတူပဲမဟုတ်ဘူးလား၊ ဒါ့အပြင် အဲဒီကိစ္စအတွက် ရှင်ကဘာလို့ စိတ်ပူနေရတာလဲ၊ ဝန်ထမ်းတွေမှာဖြေရှင်းဖို့ နည်းလမ်းတွေနဲ့ ခွန်အားတွေ အများကြီးရှိပါတယ် ဟားဟားဟား”

အဒေါ်ကြီးများ ဆွံ့အသွားကြလေသည်။

‘နင့်မေ***'

ရာစုနှစ်တစ်ဝက်ကျော် နေထိုင်လာခဲ့ပြီးနောက် နောက်ဆုံးတွင် သူတို့နှင့်ထိုက်တန်သောပြိုင်ဘက်ကို တွေ့ရှိသွားခဲ့လေပြီ။

သူတို့၏အရှက်မရှိ လမ်းဘေးရန်ဖြစ်ပုံမှာ ပုံမှန်အားဖြင့် ပြိုင်ဘက်ကင်းသော်လည်း ယနေ့တွင်မူ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့်ကြုံတွေ့ရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ကြပေ။

အဒေါ်ကြီးများသည် ကြီးမားသော ဖိအားလှိုင်းလုံးကြီးတစ်ခု သူတို့အပေါ် ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။

*ဝှစ်*

သူတို့မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု တောက်ပသွားကာ ရှဲ့လီနှင့်မျက်လုံးချင်း ဆုံသွားကြလေသည်။

‘ဆရာကြီးပဲ၊ ဒီလူက ဆရာကြီးပဲ'

သူတို့သည် သူမအား ဆက်လက်၍ ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ဘဲ သူတို့၏အပြင်းထန်ဆုံးအကွက်များကို စတင်အသုံးပြုတော့၏။

အချင်းချင်း တစ်ချက်မျှသာ အကဲခတ်လိုက်ပြီးနောက် ထိုအုပ်စုကြီးသည် နားလည်မှုရှိစွာဖြင့် မြေပြင်ပေါ်သို့ထိုင်ချကာ သူတို့ခြေထောက်များကို ပွတ်သပ်ရင်း အော်ဟစ်ငိုကြွေးကြလေတော့သည်။

“အိုး ကောင်းကင်ကြီးရယ် ငါ့ဘဝက ဘာလို့ ဒီလောက်တောင်ခါးသီးရတာလဲ၊ ဒီမိန်းမက လူကိုရိုက်ထားပြီးတော့ ဝန်မခံဘူး၊ ငါတို့အတွက် တရားမျှတမှုကို ဘယ်သူက ရှာပေးမှာလဲ”

ရှဲ့လီ၏မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွား၏။ သူမကိုယ်ပိုင် အပြင်းထန်ဆုံးအကွက်ကို ထုတ်သုံးရန် အချိန်ကျရောက်လာခဲ့လေပြီ။

ရုတ်တရက်ဆိုသလို သူမမျက်လုံးများ ပြူးကျယ်သွားကာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ဆေးရုံကုတင်ပေါ်တွင် အေးခဲနေသော ငါးတစ်ကောင်အလား လဲကျသွားလေသည်။

ထို့နောက် သူမသည် ထူးဆန်းသော အသံများဖြင့် အော်ဟစ်ညည်းတွားလေတော့သည်။ သူမသည် ကုန်းပေါ်မှငါးကြင်းကြီးတစ်ကောင်အလား တဖျပ်ဖျပ် လှုပ်ရှားရုန်းကန်နေ၏။

‘သူမ ရောဂါဖောက်တာလား’

အဒေါ်ကြီးများမှာ ရှဲ့လီ၏သရုပ်ဆောင်မှုကြောင့် လန့်ဖျပ်သွားကြပြီး တစ်ခဏမျှမြေပြင်ကို ရိုက်ကာ ငိုကြွေးရန်ပင်မေ့လျော့သွားကြသည်။

ရှဲ့လီအားကြည့်ရင်း သူတို့ဦးခေါင်းထိပ်များတွင် အအေးလှိုင်းတစ်ခုဖြတ်သန်းသွားသည်ကို ခံစားလိုက်ရလေသည်။

‘ဒီဟာမရဲ့ အရှက်မရှိတဲ့အရည်အချင်းက ငါတို့ထက်တောင် သာနေသေးတယ်'

အဒေါ်ကြီးများ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြလေသည်။

‘ဘယ်လိုလုပ်ရမလဲ ခက်ခဲတယ်၊ တကယ့်ကို ခက်လွန်းတယ်'

ရှဲ့လီသည် ပို၍ပင်အပြင်းအထန် ရုန်းကန်လှုပ်ရှားပြလိုက်ရာ ကြည့်ရှုနေသူတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

“အိုး ဒီအဘွားကြီးတွေက သနားစရာ ကောင်မလေးကို ရောဂါဖောက်လာတဲ့အထိလုပ်လိုက်ကြပြီ”

ထိုအချိန်တွင် လုံခြုံရေးခေါ်ရန်ပြေးထွက်သွားသော သူနာပြုမလေး ပြန်လည်ရောက်ရှိလာခဲ့လေသည်။ သူ‌မ ရောက်ရောက်ချင်း အဝေးမှနေ၍ ရှဲ့လီ တဖျပ်ဖျပ်ရုန်းကန်နေသည်ကို မြင်တွေ့လိုက်ရ၏။

ဤသည်မှာ သူမ၏ပထမဆုံးလူနာဖြစ်ပြီး ဤအဘွားကြီးများကြောင့် အမှန်တကယ်ပင် ရောဂါဖောက်သွားခဲ့ရလေပြီ။

“နင့်မေ*** နင်တို့ကို သေတဲ့အထိရိုက်ပစ်မယ်”

သူနာပြုမလေးက သူမ၏မှတ်တမ်းဖိုင်ဖြင့် အဒေါ်ကြီးများအား အားပါးတရ ထုရိုက်လေတော့သည်။ ထို့နောက် အုပ်စုတစ်ခုလုံးကို ခုန်ကန်ချက်များဖြင့် ဆက်တိုက် တိုက်ခိုက်လေတော့သည်။

“အား”

“ဖူး”

“အိုး”

အဒေါ်ကြီးများမှာ လုံးဝ ပြုတ်ပြုတ်ပြုန်းသွားပြီး အတွင်းလူနာဆောင်ထဲသို့ တိုက်ရိုက်လွင့်စင်သွားကြလေတော့၏။ သူမအနောက်မှ ပြေးလိုက်လာသော လုံခြုံရေးအစောင့်များမှာ ခေါင်းကုတ်နေကြလေသည်။

‘ဒီလောက် အရည်အချင်းတွေရှိနေတာကို ဘာဖြစ်လို့ ငါတို့ကိုလာခေါ်နေသေးတာလဲ'

ဆေးရုံခေါင်းဆောင်ပိုင်းများလည်း သတင်းရရှိသဖြင့် စုံစမ်းစစ်ဆေးရန် ရောက်ရှိလာကြလေသည်။

“အခြေအနေ ဘယ်လိုရှိလဲ”

လူတိုင်းဝိုင်းရံလာကြပြီး တီးတိုးပြောဆိုနေကြ၏။

“အိုး အဘွားကြီးတစ်အုပ်က အခန်းထဲက ကောင်မလေးကို သေတဲ့အထိရိုက်ဖို့ လုပ်နေကြတာလေ”

“ဟုတ်တယ်၊ အဲဒီကောင်မလေးက အရမ်းနူးညံ့ပြီး အားနွဲ့တာ၊ သူ လန့်လွန်းလို့ တုန်ရီနေတာပဲ”

“သူတို့က သနားစရာကောင်မလေးကို ရောဂါဖောက်လာတဲ့အထိ ခြောက်လှန့်ခဲ့ကြတာ၊ သူ့ကြည့်ရတာ အသက်ရှင်နိုင်တော့မယ့်ပုံမပေါ်ဘူး၊ သူ သေတော့မယ်ထင်တယ်”

မည်သို့မည်ပုံဖြစ်သွားသည်မသိ။ ဤစကားများက ဝူချန်ကျွင်းနားထဲအထိ ရောက်ရှိသွားခဲ့လေသည်။ ပြီးဆုံးသွားလေပြီ။ ကောင်းကင်ကြီး ပြိုကျလာခဲ့လေပြီ။ မြေပြင်ကြီးလည်း ပြိုကျပျက်စီးသွားခဲ့ချေပြီ။

ရှန်ဟွိုင်နျန် စစ်ဆင်ရေးမှပြန်လာပြီး သူ့ဇနီးသည်မှာ စစ်တပ်ဝင်းအတွင်းရှိ အဘွားကြီးများ၏နှောင့်ယှက်မှုကြောင့် သေဆုံးသွားခဲ့ရသည်ကို သိရှိသွားပါက…..

‘သူမခန္ဓာကိုယ်က ဘာဖြစ်လို့ ဒီလောက်တောင် အားနည်းရတာလဲကွာ'

သူ အလျင်အမြန်မတ်တတ်ရပ်ကာ ကိုယ်ရေးအရာရှိအား ညွှန်ကြားလိုက်လေသည်။

“မြန်မြန် သွားကြည့်လိုက်စမ်း၊ ရှဲ့လီကို ကယ်လို့ရနိုင်သေးလားဆိုတာ၊ ဘာပဲဖြစ်ဖြစ် သူ့ကိုရအောင်ကယ်ရမယ်”

သူသည် ထွက်သွားဖို့လုပ်ရင်းပြောနေခြင်းဖြစ်သည်။ သူ ကိုယ်တိုင်ထိုနေရာသို့ သွားမှရပေမည်။ သူမ လုံးဝ သေဆုံးသွား၍မဖြစ်ပေ။

*ဝုန်း*

ထိုအချိန်တွင် အခန်းတံခါးပွင့်ထွက်သွားလေသည်။ ရှန်ဟွိုင်နျန်သည် လူသတ်ချင်နေသော အငွေ့အသက်များဖြင့် အတင်းဝင်ရောက်လာခဲ့၏။

သူသည် တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး အဝတ်အစားပင် လဲလှယ်ချိန်မရသေးပေ။ အနက်ရောင်ဝတ်စုံထံမှ သွေးညှိနံ့များပင်ရနေသေးသည်။ သူက နှာခေါင်းစည်းကို ဆွဲချလိုက်ပြီး အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

“တပ်စုမှူးဝူ ခုနက ဘာပြောလိုက်တယ်၊ ‘ရှဲ့လီကို ကယ်လို့ရနိုင်သေးလား’ ဆိုတာ ဘာအဓိပ္ပာယ်လဲ”

ဝူချန်ကျွင်းအံ့အားသင့်သွားခဲ့ရလေ၏။

‘ဘာတွေဖြစ်နေတာလဲ၊ သူက ဘာလို့ ပြန်ရောက်နေတာလဲ'

All Chapters